မြန်မာအက္ခရာ

လင်းဇော်ကျော် (FB: Lin Zaw Kyaw)

အစောဆုံးတွေ့ရှိရတဲ့ အထောက်ထားတွေအရ မြန်မာကိုယ်ပိုင် အက္ခရာအဖြစ် ပုဂံခေတ်လို့ပဲ သတ်မှတ်ကြပါတယ်။ ပုဂံခေတ်တောင်မှ အနော်ရထာလက်ထက်မှပါ။ အခု နောက်ဆုံး တွေ့ရှိတဲ့ မြစ်သားကျောက်စာဟာ ရာဇကုမာရ်ကျောက်စာထက် ၆၈ နှစ်လောက် စောဖွယ်ရှိတယ်ဆိုတော့ အနော်ရထာလက်ထက်လို့ ယူဆရမှာပါ။ 

လုစ် ကတော့ မြန်မာတွေဟာ အက္ခရာနဲ့စာကို မွန်တွေဆီက AD - 9 ရာစုမှ ယူတယ်လို့ ရာဇဝင်အထောက်အထား၊ မြေပြင်သက်သေ အထောက်အထားမပါဘဲ သမိုင်းဘောင်မဝင်တဲ့ စိတ်ကူးယဉ် အယူအဆကို အခိုင်အမာ ဆိုပါတယ်။ ဒါမှလည်း လုစ် ဟာ သူ့ရဲ့ "မြန်မာအစ ကျောက်ဆည်က" လုပ်ဇာတ် ကို ကာကွယ်နိုင်မှာပါ။

မြန်မာအစ ကျောက်ဆည်က စာတမ်းကို မြန်မာနဲ့ခေတ်ပြိုင် တရုတ်တောင် လက်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်တွေဟာ ပျူခေတ် သရေခေတ္တရာ မြန်မာနိုင်ငံတော်ကြီးကို အသေအချာ သိရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

လုစ် ပြောတဲ့ မွန်အက္ခရာ မွန်စာဆိုတာ အခုရေးနေတဲ့ မြန်မာအက္ခရာ မြန်မာစာကို ဆိုလိုတာပါ။ ဒါကိုကြည့်တာနဲ့တင် လုစ် ဟာ သမိုင်းဆရာအမည်ခံပြီး မြန်မာ့သမိုင်းကို ပုံဖျက်ပစ်တာဖြစ်ကြောင်း ထင်ရှားပါတယ်။ စောစောကပြောတဲ့ မြစ်သားကျောက်စာဟာ လတ်တလော တွေ့ရှိမှုအရ ပုဂံခေတ်ကျောက်စာတွေမှာ အစောဆုံး ဖြစ်ပါတယ်။ 

ပုဂံဆိုတာကလည်း လက်ရှိပျဉ်ပြားမင်းတည်တဲ့ ပုဂံမတိုင်မီ ရှေ့မှာ အရိမဒ္ဒနခေတ်၊ သီရိပစ္စယာခေတ်၊ တမ္ပဝတီခေတ်ဆိုတဲ့ ခေတ်ကြီး ၃ ခေတ် ရှိနေသေးတာပါ။ ဒီခေတ်ကြီး ၃ ခုကို လုစ် ဟာ လုံးဝကို မျက်ကွယ်ပြုခဲ့တာကို ကြည့်ခြင်းအားဖြင့် လုစ်ဟာ မြန်မာ့သမိုင်းကို မကြာမတင်ကမှ စဖြစ်တဲ့ သမိုင်းနု အဖြစ် ကြိုတင်ကြံစည် ပုံဖော်ခဲ့တာ ထင်ရှားပါတယ်။ ပုဂံဟာ သမုဒ္ဒရာဇ်မင်းက စလို့ ခေတ်ကြီး ၄ ခေတ်ကို ဖြတ်သန်းခဲ့တာပါ။ 

AD-107 ကနေ AD-1283 အထိ နှစ်ပေါင်း 1176 နှစ်ကျော် တည့်တံ့ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ နှစ်ပေါင်း 1200 နီးပါး တည်တံ့ခဲ့တဲ့ အင်ပါယာဟာ ပုဂံအင်ပါယာ မြန်မာနိုင်ငံတော်ပဲရှိတာကို အထောက်အထားများကို စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ လုစ် ခါးလည်က ရိုက်ချိုး ပစ်ခဲ့တဲ့ AD-835 လောက်ကနေ ပြန်ကြည့်ရင် (အမှန်တကယ်က လက်ရှိပုဂံနေရာကို ပျဉ်ပြားမင်း ပြောင်းရွှေ့နန်းစိုက်တာ AD-849 ပါ) ရှေ့မှာ နှစ်ပေါင်း 742 နှစ် ကျန်ရှိနေပါသေးတယ်။  

ဒီလို ပုဂံအင်ပါယာ တစ်ခုထဲမှာတင် နှစ်ပေါင်း 1176 နှစ်လောက် ခမ်းနားထည်ဝါခဲ့တဲ့ မြန်မာတွေဟာ အခြားသူတွေဆီက အက္ခရာနဲ့ စာကို ယူရတယ်ဆိုတာ ယုတ္တိမရှိကြောင်း ထင်ရှားနေပြီဖြစ်ပါတယ်။ 


မြစ်သားတွေ့ ကျောက်စာမှာ အက္ခရာတွေဟာ ယခုခေတ် အက္ခရာတွေ အဆင့်နီးပါးပါပဲ။ "လ" တို့ "ဝ" တို့ "မ" တို့ အက္ခရာ အချို့သာ ဗြဟ္မီအက္ခရာ နဲ့ ဆင်တူနေဆဲပါ။  ဒါကို ရာဇကုမာရ် ကျောက်စာမှာလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ "ထိုမင်းလေ" ဆိုတဲ့ အသုံးမျိုးမှာ တွေ့ရှိနိုင်ပါတယ်။

အိန္ဒိယနဲ့ အရှေ့တောင်အာရှမှာ ကိုယ်ပိုင် အက္ခရာတွေ တီထွင် သုံးစွဲလာတာ နောက်အကျဆုံး AD-6ရာစု လောက်ဖြစ်ပါတယ်။ ဒီ့ထက်လည်း စောနိုင်ပါတယ်။

BC ခေတ်ကနေ ခန့်မှန်း AD 5-6 ရာစုအထိ လောက်ဟာ ဗြဟ္မီအက္ခရာနဲ့ ဗြဟ္မီပွားခေါ် အက္ခရာတွေကို သုံးစွဲကြပါတယ်။ အိန္ဒိယကနေ ကမ္ဘောဒီးယားအထိ အလွန်ကျယ်ပြန့်စွာ သုံးနှုန်းခဲ့ကြောင်းကို တူးဖော်တွေ့ရှိမှု အထောက်အထား တွေက သက်သေပြနေပါတယ်။ AD-7 ရာစု လက်ရာ ကမ္ဘောဒီးယားတွေ့ ကျောက်စာတွေမှာ ပါဠိတော်တွေကို သက္ကတ ဘာသာနဲ့ ရေးထိုးထားတဲ့ ဗြဟ္မီအက္ခရာသုံး ကျောက်စာတွေ တူးဖော်တွေ့ရှိရသလို သက္ကတ ဘာသာသုံး ခမာ အက္ခရာအဖြစ် ပြောင်းလဲရောက်ရှိနေတဲ့ ကျောက်စာတွေလည်း တွေ့ရှိရပါတယ်။ မူလ ဗြဟ္မီအက္ခရာကို မိမိတို့ လူမျိုးအလိုက် မိမိတို့ ကိုယ်ပိုင်အက္ခရာ အဖြစ်ရောက်ရှိအောင် ပုံသဏ္ဍာန်ပြောင်း တီထွင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ခန့်မှန်း AD-9 ရာစု ကျောက်စာတွေမှာတော့ လက်ရှိ ကမ္ဘောဒီးယားအက္ခရာ ပုံသဏ္ဍာန်အထိကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒီ စံနှုန်းကို မူတည် ဆုံးဖြတ်မယ်ဆိုရင်တော့ အနော်ရထာမတိုင်မီ နှစ်ပေါင်း ၂၀၀ လောက်ကတည်းက မြန်မာ အက္ခရာဟာ ကိုယ်ပိုင်အက္ခရာအဖြစ် ရောက်ရှိနေပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒါကို အထောက်အထား ဖြစ်စေတာကတော့ အနော်ရထာဟာ သထုံကနေ ပင့်ဆောင်လာတဲ့ ပိဋကတ်တော်တွေကို မြန်မာတို့အရေး အက္ခရာသို့ အသစ်ကူးရေးစေတယ်ဆိုတဲ့ အထောက်အထားပါပဲ။ ပုဂံခေတ်ဦးကာလမှာတော့ ပျူခေတ်က သုံးတဲ့ ဗြဟ္မီအက္ခရာကိုပဲ သုံးဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ပုဂံခေတ်အစနဲ့ ပျူခေတ်အဆုံးဟာ ၁၃ နှစ်ပဲ ကွာတာကြောင့် အက္ခရာပုံသဏ္ဍာန် ပြောင်းလဲရလောက်အောင် အချိန်မလုံလောက်လို့ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရခိုင်ဒေသသားတွေက အနော်ရထာလက်ထက်မှာ ရခိုင်ဒေသသားတွေ ပုဂံရောက်ပြီး စာသင်ပေးလို့ မြန်မာတွေ စာတတ်တယ်ဆိုတာကို သမိုင်းဘောင် မဝင်လို့ ထည့်သွင်း မဆွေးနွေးပါဘူး။ အမှန်တကယ်တမ်းတော့ ရခိုင်ဒေသသားတွေမှာလည်း ကိုယ်ပိုင် အက္ခရာ ကိုယ်ပိုင်သဒ္ဒါ မရှိပါဘူး။ မြောက်ဦးက အာနန္ဒြစန္ဒမင်း ကျောက်စာမှာတောင် အက္ခရာက ဗြဟ္မီအက္ခရာ၊ ဘာသာက သက္ကတ ဘာသာနဲ့ ရေးထိုးထားတာပါ။

ရခိုင်ဒေသသားတွေဟာ ပုဂံခေတ် မြန်မာစကားပြောလေသံ အသုံးအနှုန်းတွေကို အခုအချိန်ထိ ထိမ်းသိမ်းထားတာသာ ဖြစ်ဖွယ်ရာ ရှိပါတယ်။ ဒါကိုတော့ ပုဂံခေတ်ကျောက်စာတွေကို လေ့လာဖတ်ရှူခြင်းဖြင့် သိနိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ဒေသာသားတွေမှာ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင် သဒ္ဒါ မရှိပါဘူး။ လိုလည်း မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရခိုင်ဒေသသားတွေဖြစ်တဲ့ သက်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ မရမ္မာကြီး ဆိုတာတွေဟာ ပျူမျိုးနွယ်ကွဲ မြန်မာတွေပဲ ဖြစ်တာကြောင့်ပါ။ ပုဂံက ပညာရှင်တွေ တီထွင်သမျှ အသင့်ယူငင်သုံးစွဲရုံပါပဲ။

မွန်တွေဆီက မြန်မာတွေ စာနဲ့အက္ခရာယူတယ်ဆိုတဲ့ လုစ်ရဲ့ လုပ်ဇာတ် သမိုင်းအယူအဆ ကို စစ်ဆေးကြည့်မယ် ဆိုရင်လည်း အစောဆုံး မွန်  ကျောက်စာအထောက်အထားတွေဖြစ်တဲ့ ဒွါရာဝတီ မွန်ယဉ်ကျေးမှု အထောက်အထားတွေမှာ မွန်အက္ခရာပါလို့ ပြစရာ လုံးဝမရှိဘဲ၊ ဗြဟ္မီအက္ခရာ ကိုသာ သုံးစွဲထားကြောင်းတွေ့ရှိရမှာ ဖြစ်ပြီး ဘာသာ သဒ္ဒါအားဖြင့် သက္ကတနဲ့ ရေးထိုးထားတာပါ။ ဒါတွေဟာ AD 7 -9 ရာစု အထောက်အထားတွေပါ။ အဲဒီ အချိန်မှာ မြန်မာနဲ့ အခြားလူမျိုးများက ကိုယ်ပိုင်အက္ခရာ ရှိနေပါပြီ။

အဲဒီကာလကနေ အခုအချိန်အထိ မွန်တီထွင်တဲ့ မွန်အက္ခရာပါလို့ ပြစရာ မွန် ကိုယ်ပိုင် အက္ခရာ မရှိပါဘူး။ လူတကာသုံးတဲ့ ဗြဟ္မီ အက္ခရာကိုပဲ သုံးစွဲဆဲပါ။ သဒ္ဒါကလည်း သက္ကတ သဒ္ဒါသာဖြစ်ပါတယ်။ သက္ကတသဒ္ဒါကို မွန် ယိုးဒယား ခမာတွေသုံးကြပါတယ်။ မွန်တွေဟာ ကိုယ်ပိုင်အက္ခရာ မတီထွင်ခဲ့တာဟာလည်း မြန်မာ့ပိုင်နက်အတွင်း စစ်ပြေးရောက်ရှိလာပြီး မြန်မာအက္ခရာကို အဆင်သင့် ယူငင်သုံးစွဲနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာသာစကားသာ ရှိပြီး ကိုယ်ပိုင် အက္ခရာစာပေ မရှိတဲ့ လူမျိုးတွေ အများအပြား ရှိခဲ့ပါတယ်။ နှောင်းကာလမှ အခြားသူများရဲ့ အက္ခရာကို ယူငင်ပြီး မိမိတို့လူမျိုး အသံထွက် ပြောစကားအတိုင်း စာပေရေးသားဖို့ လုပ်ရတဲ့ လူမျိုးတွေလည်း ရှိပါတယ်။

ရာဇဝင် အထောက်အထား မြေပြင်အထောက်အထား ဘာမျှမရှိဘဲ မြန်မာတွေ တီထွင်ထားတဲ့ မြန်မာအက္ခရာကို မွန်အက္ခရာပါလို့ ဆိုလာရင်တော့ လုစ် ရဲ့လုပ်ဇာတ်အောက် ရေစုန်မျောနေတာသာဖြစ်ပါတယ်။ လက်ရှိမြန်မာအက္ခရာတွေဟာ မွန် အက္ခရာဖြစ်ကြောင်း ဒီ့ထက် ခိုင်မာတဲ့ အထောက်အထားလိုအပ်ပါတယ်။ လုစ် ရဲ့ အယူအဆ သက်သက်မျှ လောက်ဟာ ခိုင်မာတဲ့ အထောက်အထားအဖြစ် မှတ်ယူဖို့ရာ သမိုင်းဘောင် မဝင်ပါဘူး။

မြန်မာတွေဟာလည်း ပျူခေတ်လို့ပြောကြတဲ့ သရေခေတ္တရာ အင်ပါယာခေတ်မှာ အများသုံး ဗြဟ္မီအက္ခရာကို သုံးစွဲခဲ့ပြီး ပုဂံခေတ်မှာ ကိုယ်ပိုင်အက္ခရာပုံသဏ္ဍာန်အဖြစ် ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။ ခန့်မှန်းအားဖြင့် ပုဂံခေတ်လယ် ကာလ ဖြစ်ဖွယ်ရှိပါတယ်။ အတိအကျ သိရဖို့ဆိုတာက ကျောက်စာတွေ ထပ်မံတူးဖော်တွေ့ရှိဖို့ လိုအပ်နေပါသေးတယ်။ တူးဖော်ဖို့ဆိုတာကလည်း လက်ရှိပုဂံရဲ့ရှေ့က ခေတ် ၃ ခေတ်ဟာ လူနေထိုင်ရာနေရာတွေ ဖြစ်ကုန်ပါပြီ။ သို့သော် ရရှိသမျှအထောက်အထား၊ အရှေ့တောင်အာရှ ယဉ်ကျေးမှု၊ ဗြဟ္မီအက္ခရာ အသုံးပြုမှု၊ စတာတွေနဲ့ ရာဇဝင်အထောက်အထားတွေကို တိုက်ဆိုင်စစ်ဆေးကြည့်မယ်ဆိုရင် အဖြေဟာ လက်ရှိ မြန်မာအက္ခရာသည် မြန်မာတွေရဲ့ ကိုယ်ပိုင်တီထွင်ချက်သာဖြစ်ပြီး မည်သည့် လူမျိုးဆီကမှ ရယူထားတာ မဟုတ်ကြောင်း ထင်ရှားပါတယ်။

မွန်ဗျည်းမှာ ၃၅ လုံးရှိပြီး မြန်မာဗျည်းမှာ ၃၃ လုံးပဲရှိလို့ မြန်မာတွေဟာ မွန်တွေဆီကအက္ခရာ ယူတာဖြစ်တယ်။ ကျန်တဲ့ နှစ်လုံးကို မွန်တွေက မြန်မာတွေကို မသင်ပေးဘဲ ဆရာစားချန်ထားတာဖြစ်တယ်ဆိုတာကလည်း ကြောင်းကျိုး မဆီလျော်ပါဘူး။ ပျူခေတ်မှာ ဗြဟ္မီကသုံးတဲ့ ဗျည်းဟာ ၃၇ လုံးတောင်ရှိပါတယ်။ ဗျည်းအက္ခရာ ဆိုတာက ပါးစပ်ပေါက်က ထွက်တဲ့ အသံတွေကို သင်္ကေတအဖြစ် ဖော်ပြတာဖြစ်ပြီး ပျူခေတ်နှောင်း သို့မဟုတ် ပုဂံခေတ်အစောပိုင်းမှာ မြန်မာတွေဟာ ယခင် ၃၇ လုံးကနေ ၃၃ လုံးအထိ လျှော့ချခဲ့ပါတယ်။ မူလက ဗြဟ္မီအက္ခရာဗျည်း အတိုင်း ၃၇ လုံးလောက် သုံးတာကို သရေခေတ္တရာ အထောက်အထားများနဲ့ ဦးသာမြတ်ရဲ့ ပျူ ဖတ်စာမှာ လေ့လာနိုင်ပါတယ်။ 

ဥပမာအားဖြင့် "သျှ" လို့ အသံထွက်တဲ့ ဗျည်းအက္ခရာကို "သ" နဲ့ "ယပင်း ဟထိုး" ပေါင်းစပ်သုံးစွဲခြင်းဖြင့် "သျှ" အသံထွက်နိုင်တာကြောင့် ၎င်း "သျှ" အသံထွက်တဲ့ အက္ခရာ ဗျည်းကို မလိုအပ်တော့လို့ ဖြုတ်ပစ်ခဲ့တာမျိုးပါ။ မွန်တွေအနေနဲ့ ၎င်းတို့ အသံထွက်အရ လိုအပ်လို့ မဖြုတ်ဘဲ ထားခြင်းဟာ ၎င်းတို့ အလိုအတိုင်းပဲ ဖြစ်ပါတယ်။ လူမျိုးမတူတဲ့အတွက် ဘာသာစကား အပြော အသံထွက် ကွဲပြားခြင်းကြောင့်နဲ့၊ ၎င်းတို့ သက္ကတ အသံအတွက် ဖလှယ်ရာမှာ အက္ခရာလိုအပ်မှုအတိုင်း ဆက်လက် သုံးစွဲခြင်းမျှသာ ဖြစ်ပါတယ်။ မြန်မာတွေကတော့ မလိုအပ်တော့လို့ ဖြုတ်ပစ်ခဲ့တာပါ။ ဒါက အသံထွက်ပိုင်း ဆိုင်ရာပါ။ မွန်တွေဟာ အစက အများနည်းတူ  အများသုံး ဗြဟ္မီအက္ခရာကို သုံးပါတယ်။

(ဒွါရာဝတီ မွန်ယဉ်ကျေးမှု တွေ့ရှိမှု အထောက်အထားများ)

နောက်ပိုင်းမှာ  မြန်မာတွေ တီထွင်တဲ့ မြန်မာအက္ခရာကို သုံးစွဲပြီး မွန်သံအတိုင်း သုံးပါတယ်။ မွန် သဒ္ဒါနဲ့ သက္ကတသဒ္ဒါဟာ အတူတူပါပဲ။ မြန်မာသဒ္ဒါနဲ့ မွန်သဒ္ဒါက လုံးဝ ပြောင်းပြန်ပါ။ မွန်သဒ္ဒါလို့ ဆိုသော်လည်းပဲ သက္ကတသဒ္ဒါသာဖြစ်ပြီး မွန်တွေ ကိုယ်ပိုင် တီထွင်ထားတာ မဟုတ်ပါဘူး။ မြန်မာတွေဟာ သက္ကတဘာသာကိုသာ ဆက်လက်သုံးစွဲမယ်ဆိုရင် သက္ကတ အသံထွက်အရ အက္ခရာ ၃၇ လုံးလောက်ကို လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုသာ ဆိုရင်မြန်မာအက္ခရာဟာ ယခုရှိတဲ့ ၃၃ လုံးထက်ပို နေမှာအမှန်ပါပဲ။  သက္ကတသဒ္ဒါကို ယိုးဒယားရော ခမာတွေပါ သုံးကြပါတယ်။ မွန်ဆီက အက္ခရာနဲ့စာကို မြန်မာက ယူတယ်ဆိုရင် မွန်သဒ္ဒါနဲ့ မြန်မာသဒ္ဒါ သဒ္ဒါချင်း တူစရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် မြန်မာသဒ္ဒါနဲ့ မွန်သဒ္ဒါဟာ ပြောင်းပြန်ဖြစ်ပါတယ်။

မြန်မာလို "ရာမည ဒေသ" ကို မွန်လို "ဒေသ ရာမည" ပါ။ မြန်မာနဲ့ မွန် သဒ္ဒါမတူတာ တစ်ချက်နဲ့တင် မြန်မာအက္ခရာ မြန်မာစာ မြန်မာသဒ္ဒါဟာ မြန်မာတွေ ကိုယ်ပိုင် တီထွင်ချက်သာ ဖြစ်တယ်ဆိုတာ  အဖြေကရှင်းနေပါပြီ။ 

မွန်တွေရဲ့ မူလ ရပ်ဌာနေ "အိန္ဒိယတောင်ပိုင်း တာလိင်္ဂဏ (တလိုင်း)အရပ်ဟာ" သက္ကတဘာသာစကားသုံး ဒေသဖြစ်တာကြောင့် မွန်တွေ သက္ကတ သဒ္ဒါအတိုင်းရေး ပြော ထွက်တာ ဘာမျှ အံ့သြစရာ မရှိပါဘူး။ မူလဌာနေ "တလိင်္ဂဏ(တလိုင်း)အရပ်မှာ" ဘာအက္ခရာသုံးတယ်မသိပေမယ့် BC-260 အသောက ခေတ်ဝန်းကျင် အထောက်အထားအရ တိုင်းထွာမယ်ဆိုရင် အိန္ဒိယနဲ့ အရှေ့တောင်အာရှ တခွင်တပြင်က အများသုံး အက္ခရာ ဗြဟ္မီအက္ခရာကိုပဲ သုံးဖွယ်ရှိတယ်လို့ ယူဆရမှာပါ။ မွန်တွေကို စာမတတ်ဘူးလို့ မဆိုလိုပါဘူး။

မူလဌာနေ တလိင်္ဂဏ(တလိုင်း)အရပ်မှာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေလာခဲ့တဲ့ မွန်တွေဟာ စာတတ်လိမ့်မယ်လို့ အသေအချာ ယုံကြည်ယူဆနိုင်ပါတယ်။ ဒါကြောင့်လည်း ဒွါရာဝတီ မွန်ယဉ်ကျေးမှုကာလမှာ ဗြဟ္မီအက္ခရာသုံး စာတွေရေးထိုးနိုင်ခဲ့ကြတာပါ။ သို့သော် ဗြဟ္မီအက္ခရာကနေ ကိုယ်ပိုင် မွန်အက္ခရာဆီ ရောက်ရှိတက်လှမ်းနိုင်ဖို့ရာမှာ စစ်ပြေးဒုက္ခသည် လူမျိုးတစ်မျိုးအတွက် လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ဒွါရာဝတီကို ခမာတွေ ဝင်တိုက်လို့ မြန်မာပြည်ထဲ ထွက်ပြေးလာတဲ့ မွန်တွေဟာ ရှိပြီးသားမိမိတို့ ရောက်ရှိခိုလူံရာ မြန်မာအက္ခရာတွေကို အသင့်ယူငင်သုံးစွဲကြလိမ့်မယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မလိုပါဘူး။ 

အကယ်၍သာ မွန်တွေ မြန်မာပြည်တွင်းရောက်မှ အက္ခရာ တီထွင်နိုင်တယ် ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ ဗြဟ္မီ သို့မဟုတ် ဒေဝနာဂရီ အက္ခရာကနေ မွန်အက္ခရာဆီကို ကူးပြောင်းလာတဲ့ အထောက်အထား တွေ့ကို တွေ့ရမှာပါ။ ဒီလိုမှမဟုတ်ဘဲ ဒွါရာဝတီမှာကတည်းက ရှိခဲ့တယ်ဆိုရင်လည်း မွန်တီထွင်ချက် အထောက်အထား မွန် ကိုယ်ပိုင်အက္ခရာ တွေ့ကို တွေ့ရမှာပါ။ ဒါပေမယ့် အခုအချိန်အထိ လုံးဝ မတွေ့ရပါဘူး။

မိမိတို့ကိုယ်ပိုင် အက္ခရာတွေ တီထွင်လာတာဟာ ဗြဟ္မီအက္ခရာကို မသုံးတော့တဲ့ အသောကခေတ် နောက်ပိုင်းမှသာပါ။ ဗြဟ္မီအက္ခရာတွေကို အိန္ဒိယမှာ မသုံးတော့တာဟာ အုပ်စိုးသူ မင်းတွေနဲ့လည်း ဆိုင်သလို ကိုးကွယ်မှုနဲ့လည်း ပတ်သက်နေပါတယ်။ အလွန်ကျယ်ဝန်းလို့ မရှင်းတော့ပါ။ ဗြဟ္မီအက္ခရာကို မသုံးတော့တဲ့နောက်ပိုင်းမှာ ဒေဝနာဂရီအက္ခရာနဲ့ ပြာကရစ် အက္ခရာတွေကို အသုံးများလာပါတယ်။ ဒေဝနာဂရီအက္ခရာကနေ ပုံစံပြောင်းလာတာက ယခု ဟင်ဒူစတန်နီ ဘာသာစကားသုံး အက္ခရာ ဖြစ်လာခဲ့တာပါပဲ။ ဒေဝနာဂရီအက္ခရာကို သက္ကတဘာသာ သက္ကတအသံထွက် သက္ကတသဒ္ဒါနဲ့တွဲပြီး သုံးကြပါတယ်။ ဗင်္ဂလားက ဗင်္ဂလီ အက္ခရာသပ်သပ် သုံးပြန်ပါတယ်။ 

မြန်မာတွေကတော့ ကိုးကွယ်ရာ ဘာသာတရားရဲ့ အက္ခရာဖြစ်တဲ့ မူလဗြဟ္မီအက္ခရာကိုပဲ သာသနာတော်ကြောင့် ဆက်လက်သုံးစွဲတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သာသနာတော်ရဲ့ ဘာသာက မဂဓ(ပါဠိ)ဘာသာဖြစ်ပြီး အက္ခရာက ဗြဟ္မီအက္ခရာဖြစ်နေလို့ပါ။ ဒါပေမယ့် မူလဗြဟ္မီအက္ခရာနဲ့ ဗြဟ္မီပွား အက္ခရာတွေအစား ကမ္ဘာ့ယဉ်ကျေးမှု လှိုင်းအတိုင်းပဲ အခြားလူမျိုးများ နည်းတူ ကိုယ်ပိုင် အက္ခရာပုံသဏ္ဍာန်ကို တီထွင်လာခဲ့ကြတာ မူလ ဗြဟ္မီအက္ခရာနဲ့ လုံးဝ ကွဲပြားခြားနားသွားတဲ့ မြန်မာအက္ခရာပုံသဏ္ဍာန်ဟာ ကိုယ်ပိုင်ဟန်နဲ့ ပုဂံခေတ်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ 


ကိုယ်ပိုင်ပုံသဏ္ဍာန်တွေ မပီပြင်ခင်ကာလမှာ ဗြဟ္မီပွား အက္ခရာလို့ ခေါ်ကြပြီး မောရိယ၊ ပလ္လဝ၊ ဂုပတ၊ အရှေ့စာလုကျ၊ အနောက်စာလုကျစသဖြင့် ခေတ် အလိုက်အက္ခရာ ပုံသဏ္ဍာန်ပြောင်းလဲလာပုံတွေကို သတ်မှတ်ကြပါတယ်။ နောက်အကျဆုံး AD-6 ရာစုလောက်ရောက်တော့မှသာ ကိုယ်ပိုင် အက္ခရာပုံသဏ္ဍာန်တွေ ဖြစ်ထွန်းပိုင်ဆိုင်လာခဲ့တာပါ။ ဒါပေမယ့် တွေ့ရှိရသမျှ

အထောက်အထားတွေအရ မွန်ယဉ်ကျေးမှု စစ်စစ်ပါလို့ဆိုတဲ့ ဒွါရာဝတီယဉ်ကျေးမှု (AD7-9) မှာတောင် မွန်အက္ခရာပါလို့ ပြစရာ တစ်လုံးမျှ မရှိပါဘူး။ မြန်မာ့ပိုင်နက်ထဲမှာတော့ မွန်အက္ခရာ အထောက်အထားဆိုလို့ ဒွါရာဝတီနဲ့ယှဉ်ရင် ပိုလို့တောင်ဝေးပါသေးတယ်။ မြန်မာ့ပိုင်နက်ထဲမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ပျူ  ခေတ်မှာ အများသုံး ဘုံအက္ခရာ ဗြဟ္မီအက္ခရာတွေဖြစ်ပြီး ပုဂံခေတ်မှာတော့ ကိုယ်ပိုင်မြန်မာအက္ခရာတွေ အဖြစ် မြေပြင် အထောက်အထားများက သက်သေခံလျက် ရှိနေတာပါ။ ဒါတွေဟာ သမိုင်းကို အရှိအတိုင်း ဖြစ်စေဖို့သေချာအောင် ထောက်ထားတဲ့ စစ်ဆေးချက်တွေပါပဲ။

အကယ်၍ လက်ရှိမြန်မာ အက္ခရာဟာ မွန် တီထွင်ချက် အက္ခရာ ဖြစ်ကြောင်း အထောက်အထား ခိုင်မာစွာ ပြသနိုင်ရင်လည်း ဝမ်းနည်းစရာမရှိပါ။ အရှိသမိုင်းကို အရှိအတိုင်း လက်ခံမှာပဲဖြစ်ပါတယ်။ မရှိသမိုင်းကိုတော့ အရှိသမိုင်းအဖြစ် လက်ခံဖို့ မဖြစ်နိုင်ပါဘူး။

မြန်မာ့သမိုင်းကို အရှိအတိုင်း လေ့လာသုတေသန ပြုမယ်ဆိုရင် အလွန်သင့်မြတ်မှာ ဖြစ်ပေမယ့် လုစ်ရဲ့ မြန်မာအစ ကျောက်ဆည်က ပုံဖျက် သမိုင်းကြောင့် အရာအားလုံးဟာ ရှုပ်ထွေးကုန်ပါတယ်။ အခုအထိလည်း လုစ် အယူအဆကြောင့် အရှိသမိုင်းနဲ့ ဆန့်ကျင်စွာ ပြောဆိုနေရုံမက လူမျိုးစွဲတွေပါ ပါလာတဲ့အခါ ပဋိပက္ခအသွင်တွေပါ ဆောင်လာပါတော့တယ်။

ဒါဟာ မြန်မာ့သမိုင်းကို လုပ်ကြံရေးသားပြီး မြန်မာနိုင်ငံအတွင်းက လူမျိုးတွေ သွေးကွဲအောင်လုပ်တဲ့ လုစ်ရဲ့ဗျူဟာ အောင်မြင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လုစ် လမ်းစဉ်လိုက်သူများရဲ့ အလွဲအမှား သမိုင်းယူဆချက်များဟာလည်း အခြေအနေကို ဆက်လက် ဆိုးရွားစေခဲ့ပါတယ်။ လုစ် လမ်းစဉ်ကို အစစ်အဆေးမရှိ လက်ခံယုံကြည်တဲ့ နာမည်ကြီး သမိုင်းဆရာကြီးဟာလည်း ပုဂံခေတ်လယ်မှာ မြန်မာတွေ စာမတတ်သေးဘူးဆိုပြီး ဖက်လိပ်ဘုရားက ဇာတ်တော်ရုပ်ကြွတွေကို သက်သေပြပြီး အထောက်အထားထူပါတယ်။ 

မြန်မာတွေစာ မတတ်တာကြောင့် ဘုရားတွေမှာ ရုပ်ကြွတွေပြုလုပ်ပြီး ပုံပြ စနစ်နဲ့ ဘာသာရေးသင်ကြားတာ ဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။ အဲဒီ ရုပ်ကြွတွေမှာ ဇာတ်တော်အမည်နဲ့ အမှတ်စဉ် နံပါတ်တွေ (စာ) ရေးထိုးထားတာ တွေ့မြင်နေရပါလျက် အခုလိုပြောတဲ့ အဲဒီ သမိုင်း ဆရာကြီးကိုတော့ အလွန်ပဲ အံ့အားသင့်မိရပါတယ်။

လုစ် ရဲ့ ကျောက်ဆည် အယူအဆကြောင့် အရှိသမိုင်းမှာ အလွန်ပဲရှုပ်ထွေးခဲ့တာဟာ မြန်မာအက္ခရာကိုတောင် သူများဆီက ရယူရသယောင်၊ မွန်သင်ပေးလို့ စာတတ်ရသယောင်တွေ ဖြစ်ကုန်တော့တာပါပဲ။ 

သေချာကျနစွာ သုတေသနပြု လေ့လာလေလေ လုစ်နဲ့ လုစ် လမ်းစဉ်လိုက်သူ လုစ်ဂိုဏ်သားတွေဟာ မြန်မာ့ရာဇဝင်သမိုင်း လောကမှာ တကယ့်ကို အရှုပ်ထုပ်တွေသာ ဖြစ်ကြောင်း ပေါ်လွင် လေလေပါပဲ။

…………………………………………………………………။

ဒီထက်မက အလွန်ကျယ်ပြန့်စွာ စစ်ဆေးဆင်ခြင်ရန်ရှိသော်လည်းပဲ ACADEMIC စာတမ်း မဟုတ်တဲ့အတွက် ဒီလောက်နဲ့ပဲ မြန်မာအက္ခရာဟာ မြန်မာတွေရဲ့ ကိုယ်ပိုင်တီထွင်မှုသာဖြစ်ကြောင်း အထောက်အထား အကိုးအကားနဲ့ တိုက်ဆိုင် ဝေဖန်လိုက်ရပါတယ်။

ပုံစာ - ရာဇကုမာရ် ကျောက်စာထက်စောသည်ဟု သတ်မှတ်ယူဆထားသည့် မြစ်သားကျောက်စာ။



  • မူရင်းလင့်: https://www.facebook.com/dyay.cartoon/posts/pfbid0dBoabQpC9GjBgTtMy5kiqKVvr9NwrUnCa1LFxqinigCWGNRgaXWDtjWSiySeFBNl
-------------------------------------

ကိုစိုးမင်း (FB: soe min)





သရေခေတ္တရာဒေသရှိ ဦးခင်ဘ၏ယာကွက်အတွင်းမှတွေ့ရှိရသော
ဗုဒ္ဓ၏တရားတော်များကိုရေးထိုးထားသည့်ရွှေပေလွှာများကိုလေ့လာရင်း ကျနော်တွေ့ရှိရသည်မှာ...
"‌ဝေဒနာပစ္စယာ တဏှာ" ဟူသောနေရာ၌
"ဏှာ" ကိုရေးရာတွင်  "ဏ" အောက်မှ "ဟ" ကို ထိုးပီးရေးထားသည်ကိုတွေ့ရသည်။(မြှားပြထား)
ထိုသို့ အောက်မှ "ဟ" ကိုထိုးပီးရေးသားခြင်းကို
ယနေ့ခေတ်ကာလထိတိုင်အောင် 
ကျနော်တို့ "ဟထိုး(ှ)" ဟူ၍ ခေါ်ဝေါ်ရေးသားနေကြဆဲဖြစ်ပါသည်။
ပျူစာဟုခေါ်ကြသောစာများသည် ‌ရှေးဦးမြန်မာစာဖြစ်ကြောင်းကို ကျနော်တို့ပိုမိုသိရှိဆက်စပ်လာနိုင်ကြပါလိမ့်မည်ဟု

  • မူရင်းလင့် = https://www.facebook.com/soe.min.363197/posts/pfbid072ZdMyRbxEjHqgJ6aiV3SXt45hY3GtaZxQicpT27exSAnpEHit1T1cfmWP2H4nFMl
--------------------------------

Comments

Popular posts from this blog

ဟန်လင်း