သရေခေတ္တရာ၏ ထူးခြားချက်များ (ဘုန်းတင့်ကျော်)
နဂါးနှင့် မကြို ၊ တရားနှင့် ကြိုသည့်ပြည်
....................................................
နိုင်ငံတကာသို့ ထင်ရှားကျော်ကြားသော အရှေ့တောင်အာရှ၏ လူ့ယဉ်ကျေးမှုကြီး (Civilization) အချို့ရှိပါသည်။ အထူးထင်ရှားသော ရှေးဟောင်း လူ့ယဉ်ကျေးမှုကြီးနှစ်ခုမှာ ကမ္ဘောဒီယားနိုင်ငံရှိ အန်ကာယဉ်ကျေးမှုနှင့် မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှုတို့ဖြစ်ပါသည်။ ပုဂံယဉ်ကျေးမှုကြီး၏ ရှေ့တွင် ပုဂံအား ကမ္ဘာကျော်စေသည့် ထေရဝါဒဗုဒ္ဓသာသနိက ဗိသုကာယဉ်ကျေးမှုအမွေကို ပေးခဲ့သော သရေခေတ္တရာ ထေရဝါဒဗုဒ္ဓဘာသာ ယဉ်ကျေးမှုကြီး ရှိနေပါသည်။
ကမ္ဘာကျော် အန်ကော၀ပ်ကျောင်းတော်ကြီးသည် ရေကျုံး ၄ မျက်နှာ ပတ်လျက် တည်ဆောက်ထားပါသည်။ အန်ကော၀ပ်ကျောင်းတော်ကြီးကို ၀င်ရောက်ရန် ရေကျုံးကိုဖြတ်လျက် မင်းလမ်းတစ်ခု တည်ဆောက်ထားပါသည်။ ယင်း မင်းလမ်း၏ ဝဲယာဘေးနှစ်ဖက်တို့တွင် ခန့်ငြားရွံ့ထိတ်ဖွယ် ခေါင်းခုနှစ်လုံးရှိသော နဂါးရုပ်ကြီးများဖြင့် ကျောင်းတော်သို့ ၀င်ရောက်လာသူများကို ကြိုဆိုလျက်ရှိပါသည်။
သရေခေတ္တရာ ဗရမ္မာမြို့တော်ကြီးသည် မြို့တော်သို့အ၀င် အနောက်ဘက် ရွှေတံခါး (ခေါ်) မြို့တံခါး၀တွင် “မင်္ဂလသုတ်နှင့် မောရသုတ်ပါဠိတော်များ” ရေးထိုးထားသော ကျောက်စာတိုင်တို့ဖြင့် သရေခေတ္တရာမြို့တော်သို့ ရောက်ရှိလာသူများကို ကြိုဆိုလျက် ရှိပါသည်။
သရေခေတ္တရာမြို့ဟောင်းကြီးသည် မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံ၊ မည်သည့်ဘာသာတရား အဓိကထွန်းကားရာ ဖြစ်ပါသနည်း။
ရှေးအိန္ဒိယသားတို့က သရေခေတ္တရာလူမျိုးနှင့် နိုင်ငံသည် “ဗရမ္မာ” ဟု သိရှိခေါ်ဝေါ်ခဲ့ကြောင်း “ဆရာကြီးတော်စိန်ခို” (ကျောက်စာ၀န်၊ ၁၈၉၀-၁၉၁၀) က ဖော်ထုတ်ရေးသားခဲ့ဖူးပါသည်။ ထိုနည်းတူစွာ ရှေးခေတ်မြန်မာနိုင်ငံကို ရှေးအိန္ဒိယသားတို့သည်အစဉ်အလာအားဖြင့် “ဗရမ္မာဒေ့ရှ် (ဗရမ္မာ ဗမာနိုင်ငံ)” ဟုသာ သိရှိခေါ်ဆိုခဲ့ကြကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဆရာကြီး ဒဗလျူအက်စ်ဒေစိုင်း (၁၉၄၆-၄၇)ကလည်း ဖော်ထုတ်ရေးသား ထားခဲ့ဖူးပါသည်။
သို့သော် ရန်ကုန်တက္ကသိုလ်သမိုင်းပါမောက္ခအဖြစ် ပြန်လည်လုပ်ကိုင်ဆောင်ရွက်သော ဂျီအိတ်ခ်ျလုစ်သည် အိန္ဒိယအထောက်အထားများအရ သရေခေတ္တရာနိုင်ငံနှင့်လူမျိုးသည် ဗရမ္မာ-ဗမာများဖြစ်ကြောင်းကို တစ်ဖက်သတ်ထိန်ချန်ပြီး ပြောဆိုဖော်ပြခြင်း လုံး၀မရှိခဲ့သဖြင့် လူအများသည် သရေခေတ္တရာဗမာနှင့် ဗမာနိုင်ငံဖြစ်ကြောင်းကို မသိခဲ့ကြရပါ။
ထို့အပြင် ဂျီအိတ်ခ်ျလုစ်နှင့် ချားဒူရွိုင်ဆယ် (ကျောက်စာ၀န်၊ ၁၉၁၂) တို့သည် သရေခေတ္တရာမြို့၊ လူမျိုး၊ စာအက္ခရာ၊ ယဉ်ကျေးမှုတို့ကို ပညာရှင် ဗလက်ဒင်က ပျူဟု ပြော၍ သူတို့အနေဖြင့် ပျူဟု ပြောဆိုရခြင်းဖြစ်ကြောင်း ပြောပြီး သရေခေတ္တရာမြို့၊ လူမျိုး၊ စာအက္ခရာ၊ ယဉ်ကျေးမှုပစ္စည်း အ၀၀တို့ကို ဗမာမဟုတ်သော ပျူ ဟုသူတို့နှစ်ဦး ထပ်တလဲလဲ ရေးသားဝါဒဖြန့်ခဲ့ကြပါသည်။
သရေခေတ္တရာမြို့၊ လူမျိုး၊ စာအက္ခရာ၊ ယဉ်ကျေးမှုတို့သည် ပျူ ဟု သူ့အနေဖြင့် တံဆိပ်တပ်ခေါ်ဆိုသည်မှာ ခေါ်ဆိုရလွယ်ကူအောင် ယာယီအမည်တပ်ခြင်းမျှသာဖြစ်ကြောင်း၊ ယင်းတို့ကို (ဗမာမဟုတ်သော) ပျူ ဟု သူ့အနေဖြင့် အတည်ပြုပြောဆိုခြင်းလုံး၀ မဟုတ်ကြောင်း ဗလက်ဒင်ရေးသားပြောဆို ၀န်ခံခဲ့သည်ကို လုစ်နှင့်ဒူရွိုင်ဆယ်တို့ နှစ်ဦးစလုံးက လုံး၀ထိန်ချန်ထားခဲ့ပါသည်။ ဤသို့ထိန်ချန်လီဆယ်ပြောဆိုခြင်းကြောင့် ပြည်တွင်းပြည်ပ လူအများသည် သရေခေတ္တရာမြို့နှင့် လူမျိုးကို ပျူ၊ ဗမာမဟုတ်ဟု အသိမှား အမှတ်မှားဖြစ်ခဲ့ကြရပါသည်။
သရေခေတ္တရာသည် ပျူ ဟု အမည်ပွားရှိသော ဗရမ္မာ-ဗမာမြို့ဖြစ်ကြောင်း အမှန်သမိုင်းသည် လီဆယ်ဖုန်းကွယ် ဖျောက်ဖျက်ခြင်းခံလိုက်ရသည်မှာ ယခုဆိုလျှင် နှစ်တစ်ရာကျော်မျှ ရှိခဲ့ပြီဖြစ်ပါသည်။ မြစေတီပျူစာဆိုသည်မှာ နှပ်ချခဲ့ခြင်း ဖြစ်ပါသည်။ မြစေတီအမျိုးအမည်မသိစာကိုလည်း ပျူစာဟု ဗလက်ဒင်အတည်ပြုနိုင်ခြင်းမရှိပါ။
ရှေးဗမာ ရာဇ၀င်တို့တွင် ဟန်လင်းဗရမ္မာမှ တကောင်းဗရမ္မာ၊ တကောင်းဗရမ္မာမှ သရေခေတ္တရာဗရမ္မာ ဟု ပြည်ကြီးများအဆင့်ဆင့်ပြောင်းရွှေ့ပေါ်ပေါက်ခဲ့ကြောင်း၊ ကာလကြာရှည်လတ်သော် ဗရမ္မာအမည်မှ “မရမ္မာ-မြန်မာ” ဟု လည်းကောင်း၊ “ဗရမ္မာ-ပရမ္မာ၊ ပရုမ်မာ(ပြုမ်မာ) - ပရုမာ (ပြုမာ) - ပြု - ပြူ” ဟုလည်းကောင်း အမည်သစ်များ ပြောင်းလဲဖြစ်ပေါ်ကြောင်း မှတ်တမ်းတင်ဖော်ပြ ထားကြပါသည်။
သို့သော် “ဗရမ္မာ-မရမ္မာ-မြန်မာ-ပျူ” ဟူသော ဖော်ပြချက်မှာ ရာဇ၀င်စကားဖြစ်၍ ထိုစကားမှန်ကြောင်း ခေတ်ပြိုင်အထောက်အထားရှိရဲ့လားဟု သမိုင်းပညာက စစ်ဆေးမေးခွန်းထုတ်ပါသည်။ “ဗရမ္မာ-မရမ္မာ-မြန်မာ-ပျူ” ဟူသော မှတ်တမ်းစကားကို ခေတ်ပြိုင်အထောက်အထားရှိမှသာ သမိုင်းပညာကလက်ခံပါလိမ့်မည်။ မဟုတ်က ပယ်ရပါလိမ့်မည်။
*ဗရမ္မာသည် မရမ္မာ-မြန်မာ-ပျူလူမျိုးဖြစ်ကြောင်း အိန္ဒိယအထောက်အထားများ၊ တရုတ်အထောက်အထားများ၊ သရေခေတ္တရာတွေ့ ကျောက်စာပစ္စည်းစာရင်း၀င် စာအထောက်အထားများ၊ ပုဂံဗမာကျောက်စာ အထောက်အထားအများ အပြားကိုကျွန်တော်၏ “နှစ်ပေါင်းနှစ်ထောင် ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း အပိုင်း (၂)” သုတေသနစာတမ်းတွင် ဖော်ထုတ်တင်ပြခဲ့ပြီး “ဆရာကြီးဒေါက်တာ သန်းထွန်း” က စစ်ဆေးလက်ခံ သဘောတူ အတည်ပြုခဲ့ပါသည်။*
*ဗမာ-မြန်မာသည် ဗရမ္မာ-မရမ္မာ ဖြစ်ပါသည်။ ပုဂံခေတ်ရေး သဒ္ဒနီတိပါဠိသဒ္ဒါကျမ်း ကြီးတွင် မြန်မာ ဟု မရေးပဲ “မရမ္မ” ဟုသာ ရေးသားခဲ့ပါသည်။ ညောင်ရမ်းခေတ်နှင့်ကုန်းဘောင်ခေတ် စာပေနှင့် အမိန့်ပြန်တမ်းတို့တွင် မြန်မာလူမျိုးကို ဗြဟ္မာ (ဗရမ္မာ)ဟု ရေးသော အထောက်အထားများရှိပါသည်။ ဗရမ္မာ ဗမာလူမျိုးနှင့် နိုင်ငံကို အေဒီ ၁၆ ရာစုကတည်းက သိရှိလာခဲ့သော ပြင်သစ်၊ စပိန်၊ အီတလီတို့သည် ထို ၁၆ ရာစု မှ ယနေ့တိုင် ဗမာ မြန်မာကို ဗရမ္မာ ဟု သိရှိခေါ်ဆို ရေးသားဖော်ပြနေကြပါသည်။
ရှေးအိန္ဒိယက ဗရမ္မာ ဗမာ ဟု သိရှိခေါ်ဆိုသော လူမျိုးနှင့် နိုင်ငံကို ဘီစီ ၂ရာစု - အေဒီ ၆ ရာစု တရုတ်တို့က ဗရမ္မာ ဟု လည်းကောင်း၊ ပျူ ဟုလည်းကောင်း အမည် နှစ်မျိုးဖြင့် သိရှိခေါ်ဆိုမှတ်တမ်း တင်ခဲ့ကြပြီး အေဒီ ၇ ရာစုမှ ၁၅ ရာစု တရုတ်တို့ကထို ဗရမ္မာ ခေါ် ပျူလူမျိုးများကို မရမ္မာ(မြန်မာ) ဟု လည်းကောင်း၊ ပျူ ဟုလည်းကောင်း သိရှိခေါ်ဆို မှတ်တမ်းတင်ခဲ့ကြပါသည်။ ဂျပန်တို့က ဗရမ္မာကို ဗိရုမာ ဟု အသံဝဲ၍ သိရှိခေါ်ဆိုကြပါသည်။*
*ခင်ဘကုန်းတွေ့ သရေခေတ္တရာမင်းမိဘုရား ကောင်းမှု ငွေဗောဓိကြုတ်စာတွင် “ပုဗရမိပြည်တော်” ဟု ရေးထိုးထားသော အထောက်အထားရှိပါသည်။ ပု သည် ပျူဖြစ်ပြီး ဗရမိ သည် ပါဠိအမည် ဗရမ္မာ ကို သက္ကဋဘာသာဖြင့် ဗရမိ ဟုခေါ်ဆိုခြင်းဖြစ်ကာ ပြည်တော်သည် မြန်မာစကားဖြစ်ပါသည်။ ပုဗရမိ ဆိုသည်မှာ ပျူဗရမ္မာ-ပျူဗမာ၊ ပုဗရမိပြည်တော် ဆိုသည်မှာ ပျူဗရမ္မာပြည်တော်-ပျူဗမာမြို့ကြီးဟု တိုက်ရိုက်ထောက်ခံ ဖော်ပြနေသော ခေတ်ပြိုင်အထောက်အထားဖြစ်ပါသည်။*
ဗရမ္မာသည် ပျူဖြစ်ကြောင်း၊ သရေခေတ္တရာလူမျိုးနှင့် နိုင်ငံသည် ပျူ ခေါ် ဗရမ္မာဗမာဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်နေပါသည်။
ကာဗွန်သက်တမ်းစစ်ဆေးတွေ့ရှိချက်အရ သရေခေတ္တရာမြို့ကြီးသည် ဘီစီ ၂ ရာစုနှင့် အေဒီ ၂ ရာစုအကြားတွင် ထွန်းကားတည်ရှိခဲ့ကြောင်း သိရပြီး၊ သရေခေတ္တရာ ဘောဘောကြီးစေတီတွေ့ ဗြဟ္မီအက္ခရာ အထောက်အထားများအရ သရေခေတ္တရာမြို့ကြီးသည် ဘီစီ ၆ ရာစု - ၃ ရာစုဗြဟ္မီအက္ခရာခေတ်နှင့် ခေတ်ပြိုင်ထွန်းကားခဲ့ကြောင်း ထင်ရှားပေါ်ပေါက်လျှက်ရှိပါသည်။
သရေခေတ္တရာခေတ်သည် “ပထမမြန်မာနိုင်ငံတော်” ဖြစ်ကြောင်း ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဆရာကြီးဦးတိုးလှ တို့ ရေးသားခဲ့ကြပါသည်။
ဗရမ္မာပျူ ခေါ် မြန်မာပျူတို့၏ သရေခေတ္တရာမြို့ကြီးနှင့် သရေခေတ္တရာ ပထမမြန်မာနိုင်ငံတော်တို့နှင့် ပက်သက်၍ ခေတ်ပြိုင်အထောက်အထားများမှ ပေါ်ပေါက်တွေ့မြင်ရသော မှတ်သားဖွယ်ရာ ထူးခြားချက်များ များစွာရှိပါသည်။ ဤဆောင်း ပါးတွင် သရေခေတ္တရာ၏ ထူးခြားချက် အချို့ကိုသာ ဖော်ပြပါနှင့်မည်။
၁။ အဝိုင်းပုံ မြို့ရိုး ၃ ထပ်၊ ကျုံး ၃ ထပ်ဖြင့် တည်ဆောက်ထားသော သရေခေတ္တရာမြို့ကြီးသည် အရှေ့တောင်အာရှ ကုန်းမကြီးပေါ်ရှိ ရှေးဟောင်းမြို့များအနက် အရွယ်အစား အကြီးမားဆုံးမြို့ကြီး ဖြစ်ပါသည်။ စတုရန်း ၅ မိုင်ကျော် ကျယ်၀န်းပါသည်။
၂။ သရေခေတ္တရာ ပထမမြန်မာနိုင်ငံတော်သည် မြောက်ဘက်တွင် ယူနန်နယ်စပ်၊ တောင်ဘက်တွင် ပင်လယ်နယ်စပ်၊ တောင်ပိုင်းပယ်လယ် ကမ်းရိုးတန်းတစ်လျှောက်မလေးကျွန်းစွယ် တကွာပါနယ် အထိကျယ်၀န်းသည်။ ပင်လယ်နှင့် သရေခေတ္တရာဗရမ္မာပျူနိုင်ငံ အကြားတွင် မည်သည့်နိုင်ငံမှမရှိ။ ပင်လယ်အထိ ကျယ်၀န်းသည်။
၃။ ဘီစီ ၆-၃ ရာစု ဗုဒ္ဓ-အသောကခေတ်သုံး ဗြဟ္မီအက္ခရာများကို သိမှီတတ်ကျွမ်းသုံးစွဲသည်။
၄။ ထေရဝါဒဗုဒ္ဓဘာသာဂိုဏ်း ပါဠိဘာသာ ပိဠိကတ် ၃ ပုံရှိသည်။
၅။ ဘီစီ ၃ ရာစု ဗြဟ္မီအက္ခရာသုံး အသောကခေတ်နှင့် ခေတ်ပြိုင်ထွန်းကားခဲ့သည်။
၆။ အစောဆုံးဗမာစကား၊ ဗမာစာအရေးအသားကို သရေခေတ္တရာမင်းမိဖုရား ၄ ပါး၏ ကျောက်အရိုးအိုးစာများ (အေဒီ ၂ ရာစု)တွင် တွေ့မြင်ရသည်။
၇။ ပုဂံ ဗရမ္မာ ဗမာ အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်းတို့ အမွေခံရယူ သုံးစွဲရေးသားသော ရှေးဟောင်းအက္ခရာများသည် ဒွါရာ၀တီ မွန်အက္ခရာများ မဟုတ်ပဲ သရေခေတ္တရာ ဗရမ္မာပျူအက္ခရာများ ဖြစ်သည်။
၈။ သရေခေတ္တရာ စာအရေးအသားစနစ်ရှိပြီး ပါဠိဘာသာ၊ သက္ကဋဘာသာ၊ တိုင်းရင်းဗမာဘာသာတို့ဖြင့် ရေးသည်။
၉။ ဗမာပုဆိုး ခါးပုံစထောင်၍ ၀တ်ဆင်ပုံသည် သရေခေတ္တရာ ဗရမ္မာပုဆိုး ၀တ်ဆင်ပုံဖြစ်သည်။
၁၀။ ပုဂံမြို့ဟောင်းရှိ စေတီပုထိုး၊ လှိုဏ်ဘုရားဗိသုကာများ၊ ပန်း ၁၀ မျိုးများ၊ သီရိ၀စ္ဆပုံနှင့် ကွမ်းတောင်ပုံတို့၏ ရှေ့ပြေး သရေခေတ္တရာစေတီ၊ လှိုဏ်ဘုရား၊ ပန်း ၁၀ မျိုး၊ သီရိ၀စ္ဆနှင့် ကွမ်းတောင်ပုံစံများ ရှိနေသည်။
၁၁။ ယာယီအမည် ပျူဒင်္ဂါး ခေါ် ဗရမ္မာဒင်္ဂါးတို့ကို သရေခေတ္တရာမြို့တွင် မို ပုံစံဖြင့်သွန်းလုပ်ခဲ့သည်။
၁၂။ မဟာယနဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာအထောက်အထား အနည်းငယ်သာတွေ့ရပြီး ထေရဝါဒ ဗုဒ္ဓဘာသာပါဠိဂိုဏ်း အထောက်အထားဖြစ်သော ပိဠိကတ် ၃ ပုံကောက်နှုတ်ချက် ရွှေပေချပ်များ၊ ယေဓမ္မာပါဠိတော်နှင့် အခြားဗုဒ္ဓဓမ္မ ပါဠိတော်များရေးထိုးထားသော ရွှေပြား၊ ငွေပြား၊ ကျောက်ပြားစာများနှင့် အုတ်ခွက်ဘုရားစာများ၊ မင်္ဂလသုတ်ပါဠိတော်နှင့် မောရသုတ်ပါဠိတော်ရေးထိုးထားသောကျောက်စာတိုင်၊ ရတနသုတ်ပါဠိတော် ရေးထိုးထားသော ကျောက်စာတိုင် တို့အပါအ၀င် ထေရဝါဒဗုဒ္ဓဘာသာပါဠိဂိုဏ်း အထောက်အထားမြောက်များစွာ တွေ့ရသည့် ထေရဝါဒဗုဒ္ဓဘာသာ ဗဟိုဌာနမြို့ကြီးတစ်မြို့အဖြစ် သရေခေတ္တရာမြို့ကြီးကို တွေ့မြင်ရသည်။
၁၃။ အေဒီ ၁၁ ရာစု အနော်ရထာမင်း မတိုင်ခင် ဘီစီ ၁ ရာစုမှ အေဒီ ၉ ရာစုအတွင်း သရေခေတ္တရာ ဗရမ္မာ ဗမာတို့ တည်ဆောက်ပူဇော်ခဲ့သော စေတီ၊ လှိုဏ်ဘုရား၊ သိမ် ၊ရှေးဟောင်းသာသနိက အဆောက်အဦး အရေအတွက် ၃၀ ကျော် ယနေ့တိုင် တည်ရှိနေသည်။
အထက်ပါ ထူးခြားချက်များနှင့် ပြည့်စုံသော ရှေးဗမာလူမျိုးတို့၏ သရေခေတ္တရာ ဗရမ္မာဗမာ ခေါ် ပျူမြို့ဟောင်းကြီး၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုသည် အဆင့်မြင့် လူ့ယဉ်ကျေးမှုကြီးတစ်ခု (High Civilization) ဖြစ်ကြောင်း ကမ္ဘာ့သမိုင်းပညာရှင်များကောက်ချက်ချ ချီးကျူးကြပါသည်။
သရေခေတ္တရာ ဗရမ္မာမြို့ကြီးမှ ထေရဝါဒဗုဒ္ဓသာသနာသည် အေဒီ ၁၁ ရာစု အနော်ရထာမင်း မတိုင်ခင်ကာလကတည်းက ဒုတိယမြန်မာနိုင်ငံတော်ဦးဆောင် ပုဂံဗရမ္မာ ပြည်ကြီးသို့ ပြန့်ပွားရောက်ရှိခဲ့ပြီး ပုဂံဗရမ္မာပြည်ကြီးတွင် ထေရဝါဒဗုဒ္ဓသာသနာသည် အနော်ရထာမင်း မတိုင်ခင်ကတည်းက ထွန်းကားနေကြောင်း ခေတ်ပြိုင်အထောက်အထားများ ထင်ရှားစွာ ရှိနေပါသည်။
*ဘုန်းတင့်ကျော်*

Comments
Post a Comment