ကရင်စာပေ (စကောကရင်) ဖြစ်ပေါ်လာပုံ
ရှေးအခါက ကရင်လူမျိုးတို့တွင် စကောကရင်တို့၏ ခလီဘိုးစာပေနှင့် ပိုးကရင်တို့၏ လိပ်ဆန်း စာပေ အစရှိသည့် စာရေးနည်းစနစ်များ ရှိခဲ့သည်ဟု အဆိုပြုချက်ရှိသည်။ သို့သော် ထိုစာရေးနည်း စနစ်များ သုတေသီတို့ ရှာမတွေ့သေးချေ။ ၁၈ ရာစုမကုန်မီက ဂျိုင်းကျောင်းဆရာတော် ဖူ့တာမိုက်သည် ဖလုံလိုက်ထူ့လီစာပေဖြင့် ကျမ်းဂန်စာပေများ ရေးသားပြုစုထားပြီး ဖြစ်သော်လည်း ထိုစာပေသည် ကရင်များပျံ့နှံ့နေထိုင်ရာနေရာတိုင်သို့ ရောက်ခဲ့ပုံမရ (သို့မဟုတ်) လူထုကြားသို့ မရောက်ခဲ့ ဟု ယူဆရမလိုဖြစ်သည်။ ရှိမှန်း မသိခဲ့သဖြင့် အိပ်ခ်ျ အိုင် မာရှယ်က သူ၏ မြန်မာနိုင်ငံ၏ ကရင်လူမျိုးများစာအုပ်နှင့် မြန်မာနိုင်ငံ၏ ကရင်မှာ စာအုပ်တို့တွင် လည်းကောင်း၊ ဒီ ဒီ အမ် စမစ်တန်က မြန်မာနိုင်ငံ၏ သစ္စာရှိကရင်များ စာအုပ်တွင်လည်းကောင် အေ အာရ် မက်မဟွန်းက ရွှေကျွန်းဆွယ်ကရင်များ စာအုပ်တွင်လည်းကောင်း ၁၈၃၀ ၁ မတိုင်မီက ကရင်တို့တွင် စာရေးနည်းစနစ် မရှိခဲ့ကြောင်း အသီးသီးရေးသားခဲ့ခြင်း ဖြစ်ပေမည်။ ဖလုံလိုက်ထူ့လီ စာပေရှိမှန်း မသိခဲ့သဖြင့် ဒေါက်တာ ဂျိုနသိန်ဝိတ်ဒ်က စကောကရင်စာပေကို တီထွင်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဒေါက်တာဂျိုနသန်ဝိတ်ဒ် (Rev. Jonathan Wade)နှင့် ဇနီးသည် ဒေးဘိုရာတို့သည် သာသနာပြုခရီး အတွက် ၁၈၂၃ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ ထွက်ခွာလာခဲ့ပြီး ဒီဇင်ဘာ ၅ ရက်နေ့တွင် ရန်ကုန်မြို့ သို့ ရောက်ရှိခဲ့သည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်မြန်မာစစ်ပွဲ ဖြစ်ပွားချိန်တွင် ကလကတ္တားသို့ ပြန်နေခဲ့ပြီ ၁၈၂၆ ခုနှစ်တွင် ဗမာပြည်သို့ ပြန်လာခဲ့သည်။ ထို့နောက် မော်လမြိုင်သို့ ပြောင်းရွှေ့ခဲ့ပြီး သာသနာပြု လုပ်ငန်းများ လုပ်ခဲ့သည်။
၁၈၃၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ရှိ “ပိုင်ကြုံ” ရွာသို့ သွားရောက်ပြီး ခရစ်ယာန်တရားတော်ကို ဟောပြောခဲ့သည်။ ထိုအခါ ကရင်အဘိုးကြီးတစ်ဦးက ဒေါက်တာဝိတ်အား ကရင်စာပေကို ပြန်ပေးရန် အတင်းတောင်းလေတော့သည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးတို့၏ ရှေးဟောင်း “ထား” ကဗျာ လာ ထဲတွင် ကရင်တို့၏ပျောက်ဆုံးနေသည့်စာပေကို “ပူဒေးဝါး” ခေါ် အသားဖြူသော ညီထွေး (မျက်နှာဖြူ ညီငယ်) က ပြန်လည်ယူခဲ့ပေးမည်ဟု ပါရှိသောကြောင့် ဖြစ်သည်။ ကရင်လူမျိုးတို့၏ ရိုးရာယုံကြည်မှုကို နားမလည်နိုင်သော ဒေါက်တာဝိတ်သည် တအံ့တဩဖြစ်နေမိ၏။ အကြောင်းစုံကို မေးမြန်းသိရှိသွားသောအခါ မြန်မာ အက္ခရ ကို အခြေခံ၍ စကောကရင်စာပေကို တီထွင်ပေးခဲ့သည်။
ခရစ်နှစ် ၁၈၃၁ ခုနှစ်တွင် ဒေါက်တာဝိတ်ဒ်သည် စကောကရင်စာကို စတင်တီထွင်ပေးခဲ့ပြီး ထိုနှစ်နှစ် ကုန်ပိုင်းတွင် တီထွင်ပြီးခဲ့သည်ဟု ဆိုသည်။ ပထမတွင် ဒေါက်တာဝိတ်ဒ်သည် ရောမအက္ခရာကို အခြေခံရှိ တီထွင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ကရင်စာဖတ်ပရိသတ်များမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းထွက်များ ဖြစ်သဖြင့် ထိုနှစ် နှစ်ကုန်ပိုင်းတွင် ယင်းတို့နှင့် နီးစပ်သည့် မွန်/ဗမာ အက္ခရာကို ပြန်လည် အသုံးပြု၍ သတ်ပုံသတ်ညွှန်းများ ပြင်ဆင်ရလေသည်။ ၁၈၃၂ ခုနှစ်တွင် ကမ္ဘာမြေကြီးအကြောင်း၊ ကောင်းကင် အကြောင်းတို့ကို ကရင်ဘာသာဖြင့် ရေးသားပြီးစီးလေသည်။
ဒေါက်တာဝိတ်ဒ်သည် စကောကရင်စား တီထွင် ပြီးသည့်နောက် “ကရင်သီဆောရပ်”အဘိဓာန်ကို ပြုစုရေးသားပြန်သည်။ သူ့ကိုကူညီသည့်ကရင်လူမျိုး နှစ်ယောက်အနက် တစ်ယောက်မှာ စောဂျက်ဖြစ်သည်။ ဒေါက်တာဝိတ်ဒ် ပြုစုခဲ့သော အခြားအဖိုးတန်သည် စာအုပ်များမှာ “ကရင်သဒ္ဒါ”စာအုပ်နှင့် “ကရင်-အင်္ဂလိပ် အဘိဓာန်”တို့ ဖြစ်သည်။
၁၈၃၇ ခုနှစ်တွင် ထားဝယ်နှင့် မြိတ်မြို့ များတွင် ခရစ်ယာန်ဘာသာဝင် ကရင်ဦးရေ တိုးတက်မြင့်မားလာ သည်။ ကရင်ခရစ်ယာန်သင်တန်းများတွင်လည်း ဗမာစာ ဗမာစကားထက် ကရင်စာ ကရင်စကားကို ပိုမို အသုံးပြု လာကြသည်။ ထို့ကြောင့် ကရင်ဘာသာ ခရစ်ယာန်ကျမ်းစာများ လိုသလောက် ထုတ်လုပ်နိုင်ရန်အတွက် အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့က ထားဝယ်တွင် ပုံနှိပ်စက်တစ်လုံး တည်ထောင်ခဲ့သည်။ ထိုပုံနှိပ်တိုက်မှ ကရင်ဘာသာဖြင့် ထုတ်ဝေခဲ့သော ကျမ်းစာအုပ်များမှာ ခရစ်ယာန်ဘာသာရေးကျမ်းစာများ သက်သက်ဖြစ်ပြီး ဦးစွာပထမ ကျမ်းပြုသူများမှာ အမေရိကန် နှစ်ခြင်းသာသနာပြုအဖွဲ့ဝင် ဒေါက်တာ ဂျိုနာသန်ဝိတ်၊ ဒေါက်တာ မေဆင်၊ သာသနာပြုဆရာ အက်(ဖ်)၊ ဘီ၊ ခရ်(စ်) (Rev.F.B. Cress) နှင့် သာသနာပြုဆရာ စီ၊ ဘန်းနက် (Rev. C. Bennett) ပုံနှိပ်တိုက် အုပ်ချုပ်သူတို့ ဖြစ်ကြသည်။ ထိုကျမ်းပြုပုဂ္ဂိုလ်တို့သည် ကရင်ဘာသာဖြင့် ရေးသားထားသော ခရစ်ယာန်ဘာသာရေးပိဋကတ်တိုက်တစ်ခုထူထောင်ရန် ရည်ရွယ်ချက်ဖြင့် အားကြိုးမာန်တက်ရေးသား ထုတ်လုပ်ကြလေရာ ခရစ်ယာန် ဘာသာရေးစာပေများ တစ်ဟုန်ထိုး များပြားလာလေသည်။
၁၈၃ဝ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် အမေရိကန်ပြည်မှ ထွက်ခွာလာခဲ့သော ဒေါက်တာမေဆင်သည် ထားဝယ်မြို့ သို့ ထိုနှစ် ဒီဇင်ဘာလတွင် ရောက်ရှိလာခဲ့၏။ ၁၈၃၇ ခုနှစ်တွင် “တာဟောတရားလဲကစယ်ဒေါဖို့” ခေါ် “တောင်ထိပ်ပေါ်မှ ဓမ္မဒေသနာ”ကျမ်းကို ဒေါက်တာဝိတ် တီထွင်ထားသော စကောကရင်စာပေဖြင့် ရိုက်နှိပ် ထုတ်ဝေသည်။ ၁၈၄၂ ခုနှစ်တွင်မူ အာရှ၏ ရှေးအကျဆုံးမဂ္ဂဇင်းများထဲမှ တစ်ခုဖြစ်သည့် နာမည်ကျော် “ဆာတူဝေါ” ခေါ် “အရုဏ်ကြယ်” လစဉ်ထုတ်မဂ္ဂဇင်းကို ထုတ်ဝေနိုင်ခဲ့သည်။ အမေရိကန်ကျမ်းပြုဆရာများ နောက်ပိုင်းတွင် ကရင်လူမျိုးစာရေးဆရာများ ပေါ်ထွက်လာခဲ့သည်။
၁၉၁၂ ခုနှစ်မှ စတင်၍ တိုင်းရင်းသား ဘာသာကျောင်းများတွင် ၄ တန်းအထိလည်းကောင်း၊ ၁၉၂၄ ခုနှစ်တွင် ၇ တန်းအထိလည်းကောင်း ဘာသာရပ်တိုင်းကို စကောကရင်ဘာသာဖြင့် သင်ကြားခွင့် ဖြေဆိုခွင့် ရှိလာသည်။ ၁၉၃၆ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ကရင်ကျောင်းသူကျောင်းသားများသည် ၁ဝ တန်းကို စကော ကရင်ဘာသာဖြင့် စာမေးပွဲ ဖြေဆိုခွင့် ရှိလာခဲ့သည်
ဒေါက်တာ ဂျိုနသန်ဝိတ်ဒ် တီထွင်ခဲ့သော စကောကရင်သင်ပုန်းကြီးတွင် ဗျည်း အက္ခရာ ၂၅ လုံးနှင့် သရ ၉ လုံး ပါဝင်သည်။ ထို ၂၅ လုံးထဲတွင် ဗမာဗျည်း အက္ခရာနှင့် အက္ခရာတူ အသံထွက်တူသော အက္ခရာ လုံး၊ ဗမာဗျည်း အက္ခရာကို အသံထွက် ပြောင်း၍ သုံးစွဲထားသော ဗမာဗျည်း ၂ လုံး ( “ဂ”နှင့် “ဃ”)၊ ဗမာသ “ဇ” ကို အသံထွက်ပြောင်း၍ ဗျည်းအဖြစ် အသုံးပြုထားသော ၁ လုံးနှင့် ဗမာဗျည်း နှစ်ထပ်ဆင့် “ရှ" ၁ လုံး စုစုပေါင်း ဗျည်း ၂၅ လုံး ဖြစ်သည်။ စကောကရင်စာပေသည် ကရင်အမျိုးသားအစည်းအရုံး၏ ရုံးသုံးစာပေတင်း ဖြစ်သည်။
လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။
မူရင်းလင့် = Click here
Comments
Post a Comment