ဗိုလ်တစ်ထောင်ဘုရား ကို ဘယ်သူတည်လဲ
ရာဇဝင်က ပြောတာကို အကုန်လက်မခံနိုင်လို့ သမိုင်းပညာ ပေါ်ပေါက်လာတာပါ။
ရာဇဝင်ဆိုတာ ရှေးမှတ်တမ်း (chronicle) တွေကို အစဉ်အဆက် လက်ဆင့်ကမ်းကူးယူ လာရာမှာ စိတ်မချရတဲ့အတွက် သမိုင်းပညာက သုတေသနနဲ့ ခေတ်ပြိုင်အထောက်အထားကို အသုံးပြုပြီး အမှန်သမိုင်းကို ဖေါ်ထုတ်ရပါတယ်။
ရာဇဝင်ခေါ် အစဉ်လာ ဘုရားသမိုင်းက ပြောတာကို အရင်ဖေါ်ပြရရင်
၁။ ဗိုလ်တစ်ထောင် ဘုရားသမိုင်းနဲ့ ပတ်သက်လို့ ရွှေတိဂုံဘုရားသမိုင်းနဲ့ ဆက်စပ်ပါတယ်။
(၁ -က)
ရွှေတိဂုံဘုရားသမိုင်းမှာ ဥက္ကလာပမင်းကြီးက ဆံတော်တွေကို ဗိုလ်ချေတစ်ထောင်နဲ့ ကြိုတဲ့ နေရာမှာ ကုန်သည်ညီနောင်နှစ်ဦး ရရှိလာတဲ့ ဆံတော် ရှစ်ဆူအနက် တစ်ဆူကို ဌာပနာပြီး ဆံတော်ကြိုစေတီတည်လို့ ဗိုလ်တစ်ထောင် ဘုရားလို့ ခေါ်ကြောင်း မှတ်တမ်းပြုထားပါတယ်။ ခေတ်အားဖြင့် ဗုဒ္ဓနှင့်ခေတ်ပြိုင်ဖြစ်လို့ ဘီစီ ၆ရာစုပါ။
(၁-ခ)
အသောကမင်းကြီး တတိယသင်္ဂါယနာ တင်ပြီးလို့ ကိုးတိုင်း ကိုးဌာနကို သာသနာပြုလွှတ်တော့ သုဝဏ္ဏဘူမိတိုင်း သထုံကို ရဟန္တာ နှစ်ပါးရောက်တယ်။ ဓာတ်တော် ၃၂ဆူနဲ့ ဆံတော် ၁၆ဆူ ယင်းခေတ် သထုံမင်းကြီးရတယ်။ သထုံမင်းကြီးက ဓာတ်တော် ဆံတော် အချို့ကို ဌာပနာဘုရားတည်ပြီး ပိုတဲ့ ဓာတော် ဆံတော်တွေကို အမတ် စစ်သူကြီးတွေကို ဝေငှရာ စစ်သူကြီးတစ်ဦးက ဓာတ်တော် ၂ဆူနဲ့ ဆံတော် တစ်ဆူရတယ်။
ယင်းတို့ကို ရွှေတိဂုံ စေတီတော်ရဲ့ အရှေ့တောင်ထောင့်၊ တာတစ်ထောင် အကွာအဝေး၊ မြစ်ကမ်းနားမှာ စေတီတည်တယ်။
အဲဒါကိုပဲ ယခုခေတ် ဗိုလ်တစ်ထောင် ဘုရားလို့ ခေါ်ကြတယ်။
ခေတ်အားဖြင့် အသောကခေတ် ဘီစီ ၃ရာစုပါ။
၂။ ကိုလိုနီခေတ်မှ ပေါ်ပေါက်လာတဲ့ နောက်ရေး ဘုရားသမိုင်းအချို့မှာတော့ ပါတာကတော့
(၂-က) ရှေးရှေးတုန်းက စေတီရှိရာကုန်းမှာ သီချင်းသည်တွေနေခဲ့တယ် တဲ့။
မွန် ဘာသာ ဒေး ဆိုတာ သီချင်းသည် တဲ့။
အဲ့ (အပ်) ဆိုတာ ကုန်း တဲ့။
ကျိုက် ဆိုတာ စေတီ တဲ့။
ဒါကြောင့် ကျိုက်ဒေးအဲ့ (အပ်) စေတီလို့ ခေါ်တယ်တဲ့။
(၂-ခ)
နောက်ထပ် ထွင်ထားတဲ့ နောက်ရေး တစ်ခုကျတော့ ဗုဒ္ဓခေတ် ကုန်သည်ညီနောင်နှစ်ဦး ဆံတော်ပင့်လာတော့ အဘိုးအိုတစ်ဦးက ရဟန်းရှင်လူတွေ ဖူးမြော်နိုင်ရန် ခေတ္တကျိန်းဝပ်ဖို့ တောင်းဆိုပါတယ်တဲ့။
အဘိုးအိုတောင်းဆိုလို့ ခေတ္တကျိန်းဝပ်တဲ့ နေရာမှာ တည်လို့ အဘိုးတောင်း ဘုရား၊ အဘိုးတောင်းကမှ ဗိုလ်တစ်ထောင် ဖြစ်ပါ သတဲ့။
မွန်ဘာသာနဲ့လည်း ကျိုက်=ဘုရား၊ လဒိဒေး=အဘိုးအို၊ အောတ်=တောင်း။
ကျိုက်လဒိဒေးအောက်၊ အဘိုးတောင်းဘုရား တဲ့။
ရှေ့နောက် မညီပါဘူး။
ကျိုက်ဒေးအပ် ပြောလိုက် ကျိုက်လဒိဒေးအောက် ပြောလိုက်။
မူလ ဘုရားသမိုင်း အတိုင်းမဟုတ်ပဲ ကိုလိုနီခေတ်မှ ရေးတဲ့ ပုံပြင်ဆန်ဆန် လုပ်ဇာတ် နဲ့ တူနေပါတယ်။
၁ အချက်က ဘယ်လူမျိုးတွေ တည်ဆိုတာ မပါလို့ နောက်ပိုင်းမှ ဌာပနာတိုက်ထဲကရတဲ့ အထောက်အထားတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြပါမယ်။
၂ အချက်နဲ့ ပတ်သက်လို့ မွန်ဘာသာစကားနဲ့ ကျိုက်ဒေးအပ် လို့ခေါ်တယ်လို့ ဆိုတဲ့အတွက် ဘာသာစကား ရှုထောင့်ကနေ ဆရာကြီးမိုက်ကယ်အောင်သွင် စစ်ဆေးပြတာကို ကိုးကားဖေါ်ပြပါမယ်။
မိုက်ကယ်အောင်သွင်ဆိုတာ မွန်အမျိုးသား ဆရာကြီးတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ ဟာဝိုင်ယီ၊ ဟိုနိုလူလူ တက္ကသိုလ်မှာ အရှေ့တိုင်းဆိုင်ရာ သမိုင်းပါမောက္ခအဖြစ် အလုပ်လုပ်နေသူဖြစ်ပါတယ်။
ဘာသာစကားတွေကို ဘာသာဗေဒပညာက ခေတ်ဟောင်း ဘာသာစကား၊ ခေတ်လည် ဘာသာ စကား၊ ခေတ်သစ်ဘာသာစကား ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။
မွန်ဘာသာစကားကိုလည်း အေဒီ ၇ရာစုမှ ၁၄ ရာစုအထိကို ခေတ်ဟောင်းမွန်၊ အေဒီ၁၅ ရာစုမှ ၁၇ ရာစုအထိကို ခေတ်လည်မွန်၊ အေဒီ ၁၈ရာစုမှ ယနေ့အထိကို ခေတ်သစ်မွန် ဘာသာ စကားရယ်လို့ ပိုင်းခြားထားပါတယ်။
ဆရာကြီး မိုက်ကယ်အောင်သွင်က မြန်မာနိုင်ငံ အောက်ပိုင်းရှိ မွန်မြို့၊ မွန်ရွာ၊ မွန်ဘုရားအမည်တွေကို စစ်ဆေးလိုက်တာ ကျိုက်နဲ့စတဲ့ ဘုရားအမည်မှန်သမျှ ခေတ်လည် မွန် အမည်တွေပါတဲ့။
ခေတ်ဟောင်းမွန် ဘာသာစကားမှာ ကျိုက် ဆိုတာ ဘုရား ဆိုတဲ့ အဓိပ္ပါယ် မရှိသေးပါဘူး။
ဒါကြောင့် ကျိုက်နဲ့ဘုရားတွေဟာ ရာဇဓိရာဇ်ခေတ်၊ အေဒီ၁၅ရာစုနောက်ပိုင်းမှ မှည့်ခေါ်တဲ့ အမည်တွေ ဖြစ်ပါတယ်။
ဒါကြောင့် ကျိုက်ဒေးအပ် ဆိုတာ ဗိုလ်တစ်ထောင်ဘုရားရဲ့ မူလအမည်မဟုတ်ပဲ အေဒီ၁၅ရာစု နောက်ပိုင်းမှ ခေါ်တဲ့ အမည်သာ ဖြစ်ပါတယ်။
မိုက်ကယ်အောင်သွင်က အနော်ရထာမတိုင်မီ၊ အေဒီ ၁၀ရာစုနဲ့ ယင်းမတိုင်မီ မြန်မာနိုင်ငံ အောက်ပိုင်းမှာ မွန်မြို့၊ မွန်နိုင်ငံရှိတယ်ဆိုတာ ဒဏ္ဍာရီ ပုံပြင်တွေပါ။
အမှန်သမိုင်း မဟုတ်ပါဘူး တဲ့။
ယင်း အေဒီ ၁၀ရာစု မတိုင်မီ ရာမည မွန်မြို့ပြနိုင်ငံတွေဟာ ဒွါယာဝတီလို့ ခေါ်တဲ့ ယနေ့ ယိုးဒယားနိုင်ငံ တောင်ပိုင်းမှာ တည်ရှိပါတယ်။
ဘာသာစကားအရ ကျိုက်ကို ဘုရားလို့ အဓိပ္ပါယ်ရှိတာ အေဒီ ၁၅ရာစု ခေတ်လည်မွန်ဘာသာစကား ဖြစ်တာရယ်၊
အနော်ရထာမတိုင်မီခေတ် မြန်မာနိုင်ငံထဲမှာ ရာမညမွန်မြို့ပြ နိုင်ငံမရှိသေး ဆိုတဲ့အချက် တွေကြောင့် ဗုဒ္ဓခေတ်၊ အသောခေတ် ဘုရာသမိုင်း ရှိတဲ့ ဗိုလ်တစ်ထောင်ဘုရားဟာ မွန်တွေ တည်တာ မဟုတ် ဆိုတာတော့ ထင်ရှားပါပြီ။
ဗိုလ်တစ်ထောင်ဘုရားကို ကျိုက်ဒေးအပ်လို့ ခေါ်တာ အေဒီ၁၅ရာစု နောက်ပိုင်းမှ အမည်သာဖြစ်ပြီး မူလအမည် ဗိုလ်တစ်ထောင်သာ ဖြစ်နိုင်ချေရှိပါတယ်။
ဗိုလ်တစ်ထောင်ဘုရားကို ဘယ်သူတွေ တည်ခဲ့တယ်ဆိုတာ ဌာပနာတိုက် အတွင်းက ရတဲ့ အထောက်အထားများနှင့် ဆက်လက် တင်ပြပါဦးမယ်။
ဗိုလ်တစ်ထောင်ဘုရားကို မူလ စတည်သူ ဘယ်သူတွေလဲ ၂
*** *** *** *** *** *** *** ***
ဗိုလ်တစ်ထောင်ဘုရားကို ပျူဗရမာ ခေါ် ပျူဗမာတွေ တည်ခဲ့တယ်
*** *** *** *** *** *** *** ***
ဒုတိယကမ္ဘာစစ် အတွင်း မြန်မာသက္ကရာဇ် ၁၃၀၅၊ နတ်တော်လဆန်း ၁၂ ရက်၊ (၈-၁၁-၁၉၄၃) မှာ ဗိုလ်တစ်ထောင်စေတီဟာ ဗုံးဒဏ်ထိပြီး အုတ်ပုံကြီး ဖြစ်သွားပါတယ်။
စစ်ကြီးပြီးလို့ မြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်ရောက်မှ ဗိုလ်တစ်ထောင် စေတီ ပြန်လည် ပြုပြင်ရေး အဖွဲ့ အဖွဲ့တယ်။
၁၃၀၉ ပြာသိုလ်လဆုတ် ၉ ရက် (၁၉၄၈ ဇန္နဝါရီ ၄) လွတ်လပ်ရေး ရတဲ့နေ့မှာ ပြုပြင်ရန် စတင်တူးဖေါ်မှုစတယ်။
အဲဒီ တူးဖေါ်ရှင်းလင်းတဲ့အခါ အပြင် ဌာပနာတိုက်က ခေတ်အဆက်ဆက် ဌာပနာ ပစ္စည်းတွေရတယ်။
စေတီပျက်ရဲ့ အလယ်ဗဟိုကို တူးမိတဲ့အခါ ဂဝံကျောက်နဲ့ သေသပ်စွာလုပ်ထားတဲ့ အတွင်းဌာပနာတိုက်ကို တွေ့ရတယ်။
(ဂဝံယဉ်ကျေးမှုဟာ ပျူမြန်မာယဉ်ကျေးမှု ဖြစ်ကြောင်း သရေခေတ္တရာ ဖိုးခေါင်ကန်ကုန်း တူးဖေါ်မှုက ဂံဝံတုံးကြီးတွေနဲ့ သက်သေထူပြီးပါပြီ။)
အတွင်းဌာပနာတိုက်ထဲမှာ လုံးပတ် ဆယ်ပေခွဲ၊ အမြင့် သုံးပေခွဲ ရှိတဲ့ စေတီပုံစံ ကျောက်ဓာတ်တော်ကျုတ်ကြီးကို တွေ့ရတယ်။
သူ့ဘေးနားမှာပဲ အဝ ပတ်လည် အကျယ် ပေ၂၀၊ အမြင့် ၆ ပေရှိတဲ့ အဝကနေ ထိပ်ကို ကျဉ်းသွားတဲ့ ထုလုံးချွန် ဂဝံကျောက် ဌာပနာတိုက် ကိုတွေ့ရတယ်။
အိုးကိုမှောက်ပြီးဖုံးအုပ်ထားသလို ကန်တော့ချွန်ပုံစံ ဖုံးအုပ်ထားတာ ဖြစ်တယ်။
၁၃၀၉၊ ကဆုန်လဆန်း ၁၂ရက် (၁၉၄၉၊ ဧပြီ ၁၉) မှာ ယင်း ကျောက်ကျုတ်ကြီး ကိုဖွင့်တယ်။
အတွင်းမှာ ပျူစေတီပုံစံ ကျောက်ကျုတ် တစ်ခု ထပ်တွေ့တယ်။
ယင်း စေတီပုံကျောက်ကျုတ်အတွင်းမှာ စေတီပုံစံရွှေကျုတ်၊ ယင်းရွှေကျုတ်အတွင်းမှာမှ ဖက်လိပ်နားဋောင်း ပုံစံ ရွှေကျုတ်ငယ်လေး အတွင်းမှာ မုံညင်းစေ့ ပမာဏသီရီရ ဓာတ်တော်စစ် နှစ်ဆူနဲ့ လွင့်စင် ပျောက်ပျက် မသွားနိုင်အောင် သားရိုးကိုင်ခွေလုံး ရွှေချထားတဲ့ ဆံတော် အစစ်ကိုတွေ့ရတယ်။
ဒါက ဦးကြီးဖေရဲ့ ဗိုလ်တစ်ထောင်စေတီတော် သမိုင်းမှာ ပါတဲ့အတိုင်း အကျဉ်းချုံးပြန်ရေး ပြတာပါ။
(ဦးကြီးဖေဟာ အဲဒီ့ ပြုပြင်ရေး၊ တူးဖေါ်ရေးမှာ ပါဝင်တဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။)
ယင်းစေတီတော် ဌာပနာတိုက်ထဲမှ ထွက်လာတဲ့ ရှေးကျတဲ့ အထောက်အထားအချို့နဲ့ သမိုင်းကို ပြောမှာ ဖြစ်ပါတယ်။
ဌာပနာတိုက်ထဲမှ ဂဝံ အဝကျယ် ထိပ်ချွန်ဌာပနာထည့်တဲ့ ကျုတ်ကြီးဟာ ဘီစီခေတ် ခေတ်ဦးစေတီတွေနဲ့ ပုံစံဆင်ပါတယ်။
၎င်းအထဲမှ ရွှေပြား ငွေပြားများ ရရှိတယ်လို့ သိရသော်လည်း ယင်း ရွှေပြား၊ ငွေပြား များပေါ်မှာ စာ ပါမပါ ဖေါ်ပြမထားတဲ့ အတွက်ကြောင့် ဘာမှ မပြောနိုင်ပါဘူး။
ယင်း ဌာပနာတိုက်ထဲမှရတဲ့ အုတ်ခွက်ဘုရားများ အနက် သုံးဆူဟာ အလွန်ရှေးကျပြီး သရေခေတ္တရာတွေ့ ပျူ အုတ်ခွက်များနဲ့ ပုံစံတူပါ။
ယင်း အုတ်ခွက် သုံးဆူ အနက် နှစ်ဆူမှ ဆင်းတုတော်ပုံ ဘေးမှာ အရံစေတီတွေဟာ သရေခေတ္တရာ ဘောဘောကြီး၊ ဘုရားကြီး တို့နဲ့ ပုံစံတူ စေတီတွေဖြစ်ပါတယ်။
အုတ်ခွက် သုံးဆူလုံးက မြတ်စွာဘုရား ပုံတော်တွေဟာ ပျူလက်ရာ ပုံစံဖြစ်ပါတယ်။
(ဓာတ်ပုံတွေနဲ့ ပြထားပါတယ်။)
ယင်း အုတ်ခွက်သုံးဆူ တစ်ဆူရဲ့ နောက်ကျောမှာ ယေဓမ္မာ ဂါထာကို ပျူအက္ခရာ၊ ပျူလက်ရေးနဲ့ ရေးထားပါတယ်။
(ဒါကို အချို့က အခုမှ မွန်အက္ခရာလို့ လာလိမ်နေကြလို့ အက္ခရာ နှိုင်းယှဉ် ဇယားနဲ့ သီးသန့် တင်ပြပါမယ်။)
ယင်းအထောက်အထားများအရ ဗုဒ္ဓခေတ်၊ အသောကခေတ် ဘုရားသမိုင်းရှိတဲ့ ဗိုလ်တစ်ထောင်ဘုရားကို ပျူဗရမာခေါ် ပျူမြန်မာတွေ တည်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် ပြန်လည် ပြုပြင်ခဲ့ ကြောင်း တင်ပြလိုက်ရပါတယ်။
***********************
ဒီနေရာမှ တစ်ခုပြောချင်တာကတော့ ဦးမြဟာ သူ့ရဲ့အုတ်ခွက်စာအုပ် နှစ်အုပ်လုံးမှာ သရေခေတ္တရာ အုတ်ခွက်နဲ့ ပုံံစံတူ ပျူဗရမာ အုတ်ခွက်နှစ်ခုလုံးကို မထည့်ပဲ ချန်ထားခဲ့တာ ရိုးမှ ရိုးရဲ့လား။
ဌာပနာတိုက်ထဲက ထွက်လာတာ ပျူပစ္စည်းဖြစ်ကြောင်း ပေါ်သွားမှာ စိုးလို့ မထည့်တာလား။
ထည့်တဲ့ အုတ်ခွက်တစ်ခုကိုကျတော့လဲ ပျူအုတ်ခွက်လို့ ရေးရမှာကို ပျူကို ဖြုတ်ခဲ့ပြီး အုတ်ခွက်လို့ပဲ ရေးတာ ပျူကို ဖျောက်တာ ထိန်ချန်တာပဲ ဖြစ်ပါတယ်။
တွေ့တာကို တွေ့တဲ့အတိုင်း မထိန်မချန် ဖေါ်ပြသင့်ပါတယ်။
ဦးမြဟာ ပျူအုတ်ခွက် နှစ်ခုကို မထည့်ပဲ ချန်ခဲ့တာရယ်၊ ထည့်တဲ့ တစ်ခုမှာ ပျူကို ဖြုတ်ပြီး အုတ်ခွက်လို့ပဲ ရေးတာရယ်ကြောင့် မလိုအပ်တဲ့ အရှုပ်ထွေး ရှင်းရတာတွေ ဖြစ်ရပါတယ်။
ပျူအက္ခရာ၊ ပျူလက်ရေးကို မွန်စာလို့ လိမ်တာတွေ ရှင်းနေရပါတယ်။
ဗိုလ်တစ်ထောာင်ဘုရား ဌာပနာတိုက်အတွင်းကရတဲ့ ပျူအုတ်ခွက်နောက်ကျောပါ ယေဓမ္မာဂါထာကို ပျူအက္ခရာ၊ ပျူလက်ရေးနဲ့ ရေးတာ ဖြစ်ကြောင်း အက္ခရာနှိုင်းယှဉ်ဇယားနဲ့ တင်ပြပါဦးမယ်။
ဗိုလ်တစ်ထောင် အုတ်ခွက်လက်ရေးစာ ပျူမြန်မာ အက္ခရာ
*** *** *** *** *** *** *** *** *** ***
ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်တစ်ထောင်ဘုရား ဗုံးထိပြီး ပြန်ပြင်တော့ ဌာပနာတိုက်ထဲက ပျူအုတ်ခွက် သုံးခု ရရှိရာမှာ အုတ်ခွက်တစ်ခုရဲ့ နောက်ကျောမှာ အနော်ရထာထက်စောတဲ့ ရှေးအက္ခရာတွေနဲ့ ယေဓမ္မာဂါထာကို ရေးထိုးထားခဲ့ပါတယ်။
ယင်း လက်ရေးစာမှ အက္ခရာကို ပျူအက္ခရာလား၊ မွန်အက္ခရာလား နှိုင်းယှဉ် စစ်ဆေးပြမှာ ဖြစ်ပါတယ်။
အုတ်ခွက်က ရုပ်ပွားပုံက ပျူရုပ်ပွားတော် ပုံစံပါ။
ဒါကို ဦးမြက သူ့အုတ်ခွက်စာအုပ် အတွဲ ၂ ပျူ အုတ်ခွက်တွေထဲမှာ ထည့်ရမှာကို အတွဲ၁ ပုဂံခေတ် အုတ်ခွက်တွေထဲ ထည့်ထားပါတယ်။
ဒါတင်မက ပျူအုတ်ခွက်လို့ ရေးရမှာကို ပျူကို ဖြုတ်ထားပြီး အုတ်ခွက်လို့ပဲ ရေးပါတယ်။
အဲဒီ့အုတ်ခွက်ကစာကို မွန်အက္ခရာ မွန်စာလို့ ဘာအက္ခရာ စစ်ဆေးမှုမှမလုပ်ပဲ ရမ်းတုတ်နေသူတွေ ရှိပါတယ်။
ဒီထဲမှာ သမိုင်းသုတေသနက ဦးစံဝင်းတောင်ပါတယ်။
သုတေသီ ဆရာဦးဘုန်းတင့်ကျော်က ဗိုလ်တစ်ထောင်ဘုရား အုတ်ခွက်က လက်ရေးစာကို ပျူအက္ခရာ၊ ဒွါယာဝတီ မွန်အက္ခရာများနှင့် နှိုင်းယှဉ်ဇယား လုပ်ပြီးစာတမ်းတောင် ဖတ်ပြီးသွားပါပြီ။
ယခု ယင်းအက္ခရာ နှိုင်းယှဉ်ဇယားကို ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။
ဗိုလ်တစ်ထောင် အုတ်ခွက်က အနော်ရထာထက်စောတဲ့ အက္ခရာတွေကို မွန်အက္ခရာနဲ့ နှိုင်းယှဉ်ရာမှာ ဘာဖြစ်လို့ ဒွါယာဝတီမွန်အက္ခရာနဲ့ နှိုင်းယှဉ်ရသလဲဆိုတော့ မြန်မာနိုင်ငံထဲမှာ အနော်ရထာထက်စောတဲ့ မွန်အထောက်အထား မတွေ့ရလို့ပါ။
ဗိုလ်တစ်ထောင် အုတ်ခွက်က အက္ခရာများကို လော့ဗူရီ (လဝပူရ) နဲ့ ပရပထုံက မွန်အက္ခရာများ၊ ပျူအက္ခရာများနှင့် တစ်လုံးချင်း အသေးစိတ်နှိုင်းယှဉ် စစ်ဆေးကြည့်တော့ ဗိုလ်တစ်ထောင် အုတ်ခွက်က အက္ခရာတွေဟာ ပျူအက္ခရာတွေနဲ့သာ တူညီပါတယ်။
ဒါကြောင့် ဗိုလ်တစ်ထောင်အုတ်ခွက်စာဟာ ဘာသာ (language) အားဖြင့် ပါဠိဘာသာ၊ အက္ခရာ (ဝါ) လိပိ (alphabet) အားဖြင့် ပျူဗမာ အက္ခရာများသာ ဖြစ်ပါတယ်။
အက္ခရာနှိုင်းယှဉ်ဇယားမှ အတိုကောက် အညွှန်းတွေ ကတော့
- ဗိုလ်တစ်ထောင်အုတ်ခွက်စာ (ကော်လံ ၁) အကွက်မှာ ၃ ဆိုတာ ယင်းအုတ်ခွက် စာကြောင်းရေ ၃ စသဖြင့်
- ခင်ဘပျူနှင့်အခြားပျူစာ (ကော်လံ ၂)မှာ ၃၊၁ ဆိုတာ ရွှေပေချပ် အချပ်ရေ၃မှ ကြောင်းရေ၁ စသဖြင့်
- ယင်းကော်လံ ၂ မှာ ကဝခ ၂(၃) ဆိုတာ ကန်ဝက်ခေါင်းကုန်း ဘုရားပလ္လင် အပိုင်းကျိုး၂ မှ ကြောင်းရေ ၃
- သံတွဲ ဆိုတာ သံတွဲပျူ ကျိန္တလီပျူကျောက်စာ
- ပျူမြ ၅ ဆိုတာ မြစေတီ ယာအမည်ပျူစာ ကြောင်းရေ၅ စသဖြင့်
- ပရပထုံ မွန်ကျောက်စာ (ကော်လံ ၃)မှ က၂ ဆိုတာ အပိုင်းကျိုး (က) မှ ကြောင်းရေ ၂၊
ခ၂ ဆိုတာ အပိုင်းကျိုး (ခ)မှ ကြောင်းရေ ၂
- လော့ဗူရီမွန်ကျောက်စာ (ကော်လံ ၄) မှ ၃ ဆိုတာ ကြောင်းရေ၃
စသဖြင့်
ကိုယ်တိုင် နှိုင်းယှဉ်လေ့ကြာပါကုန်။
ဗိုလ်တစ်ထောင်ဘုရားကို ပျူဗမာတို့ တည်ခဲ့ကြောင်း အထောက်အထား နှိုင်းယှဉ်ချက်
**** *** ** *** ***
ဗိုလ်တစ်ထောင်ဘုရား ဌာပနာတိုက်ထဲက ထွက်လာတဲ့ စေတီပုံဓာတ်တော်ကျုတ်၊ အုတ်ခွက်ဘုရားတို့ဟာ စေတီ ဘုရား ဆင်းတုတော်တို့ရဲ့ ပုံစံငယ်ပါ။
ရှေးဟောင်း ပစ္စည်းတွေကို ရရှိတဲ့အခါ ဘယ်သူတွေလုပ်တာလဲ၊ ဘယ်ခေတ်က လုပ်တာလဲဆိုတာ စစ်ဆေးတဲ့ ပုံစံတွေထဲမှာ Typology ခေါ် ပုံသဏ္ဍာန်ချင်း နှိုင်းယှဉ်ခြင်းဆိုတာ ပါဝင်ပါတယ်။
ဗိုလ်တစ်ထောင်ဘုရား ဌာပနာတိုက်ထဲက ရတဲ့ အနော်ရထာထက်စောတဲ့ ပစ္စည်းမျာကို နှိုင်းယှဉ်ရာမှာ ဒွါယာဝတီ မွန်ပုံစံနဲ့ မတူ၊ သရေခေတ္တရာ ပျူ နဲ့သာ ပုံစံတူညီပါတယ်။
ဒွါယာဝတီ မွန်နဲ့ ဘာလို့ နှိုင်းယှဉ်ရသလဲဆိုတော့ မြန်မာနိုင်ငံထဲမှာ နှိုင်းယှဉ်စရာ အနော်ရထာထက် စောတဲ့ မွန်အထောက်ထား မတွေ့ရှိရတာကြောင့် အနော်ရထာထက်စောတဲ့ ဒွါယာဝတီမွန် လက်ရာတွေနဲ့ နှိုင်းယှဉ်ရတာ ဖြစ်ပါတယ်။
ဗိုလ်တစ်ထောင်ဘုရား ဌာပနာတိုက်ထဲက အထောက်အထားတွေဟာ သရေခေတ္တရာ ပျူနဲ့သာ တူညီတာမို့ ဒါတွေကို ပျူလက်ရာ၊ ပျူခေတ်မှာ ပျူဗမာတွေ လုပ်ခဲ့တာဖြစ်ကြောင်း ပေါ်လွင်လျက်ရှိပါတယ်။
အထက်ပါ အထောက်အထားများအရ ဗိုလ်တစ်ထောင် ဘုရားကို ပျူမြန်မာတို့ တည်ခဲ့သည်။
ကျမ်းကိုး။ ။
ဦးကြီးဖေ- ဗိုလ်တစ်ထောင် စေတီတော်သမိုင်း
ဦးမြ - ရှေးဟောင်းအုတ်ခွက် ဆင်းတုတော်များ ပ၊ဒု
The Legend that was Lower Burma
By Michael Aung-Thwin
ဘုန်းတင့်ကျော် - နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီ ဖြစ်သော မြန်မာ့သမိုင်း ၁၊၂
စျာန်သစ်အောင်
မူရင်းလင့် ကြည့်ရန် = Click here




Comments
Post a Comment