ဟန်လင်း မြို့ဟောင်း တစေ့တစောင်း
ဟန်လင်းမြို့ဟောင်းသည် ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း မြောက်လတ္တီကျု (၂၂)ဒီဂရီ (၂၈)မိနစ်နှင့် အရှေ့လောင်ဂျီကျု (၉၅)ဒီဂရီ (၄၉)မိနစ် အကြားတွင် တည်ရှိပါသည်။ ရွှေဘိုမြို့၏ အရှေ့တောင်ဘက် (၁၀)မိုင်နှင့် (၅)ဖာလုံခန့် အကွာတွင် တည်ရှိပြီး မန္တလေးမှ မြစ်ကြီးနားသို့သွားသော မီးရထားလမ်းပေါ်ရှိ မုဆိုးချုံ ဘူတာရွာမှ အရှေ့ဘက် (၅)မိုင်ခွဲခန့် ကွာဝေး၍ ကျောက်လမ်းဖြင့် ဆက်သွယ်ထားသည်။ မန္တလေး-ရွှေဘို မော်တော်ကားလမ်းပေါ်ရှိ စိုင်နိုင်ကွေ့မှ အရှေ့ဘက် (၁၁)မိုင်၊ ဝက်လက်မြို့နှင့် ဆိုပါက ဝက်လက်မြို့မှ အရှေ့မြောက်ဘက် (၆)မိုင် အကွာတွင် တည်ရှိပါသည်။
ဟန်လင်းမြို့ဟောင်းသည် ယနေ့ခေတ် ဟန်လင်းကြီးရွာ၏ မြောက်ဘက် (၂)ဖာလုံခန့် အကွာတွင် တည်ရှိသည်။ ဟန်လင်းမြို့ဟောင်း၏ မြို့ရိုးမှာ စတုဂံပုံစံဖြစ်၍ တောင်မြောက် အလျားပေ (၉၆၀၀) နှင့် အရှေ့အနောက် အနံပေ (၅၈၀၀) ခန့် ရှိပါသည်။ အရှေ့ဘက်တွင် မြို့ရိုးနှစ်ထပ်ဖြစ်ပြီး အပြင်မြို့ရိုးနှင့် အတွင်းမြို့ရိုးသည် မြောက်စွန်တွင် ပေ ၄၀၀ ကွာ၍ တောင်စွန်တွင် ပေ ၅၀၀ ကွာသည်။ အတွင်းမြို့ရိုး၏ ပတ်လည်မှာ (၅.၄၂)မိုင်ရှိပြီး မြို့အကျယ်အဝန်းမှာ စတုရန်း (၁.၈)မိုင် ရှိသည်။
မြို့ရိုးဗြက်မှာ (၁၆)ပေခန့်ရှိပြီး အမြင့်မှာ မြေပြင်မှ ပျမ်းမျှ (၅)ပေမျှသာ ကျန်ရှိသည်။ တောင်ဘက်မြို့ရိုးမှတစ်ပါး ကျန်သုံးဘက်တွင် ကျုံးပတ်လည် ဝန်းရံထားသည်။ သို့သော် ကာလကြာမြင့်ပြီဖြစ်၍ အုတ်မြို့ရိုးမှာ မထင်မရှား ကုန်းတန်းမို့မို့သာ ကျန်ရှိတော့ပြီး ကျုံးမှာလည်း လုံးဝကောလျက်ရှိသည်။ ထိုမြို့ရိုး၏ အတွင်းပိုင်း အလယ်ဗဟိုမှ အရှေ့တောင်ယွန်းယွန်း နေရာတွင် နန်းတော်ကုန်းဟု ခေါ်စမှတ်ပြုသော နေရာရှိသည်။ ထိုနန်းတော်ရာသည်လည်း ရှေးက အုတ်မြို့ရိုး ကာရံလျက်ရှိရာ ယခုအခါ မြေမို့မို့သာ တွေ့ရတော့သည်။ စတုရန်းပုံရှိသော အတွင်းမြို့ရိုး၏ အနံမှာ ပေ (၁၄၀၀)ခန့် ရှည်လေသည်။
ဟန်လင်း၏ အမည် (၆)မျိုး
♨♨♨♨♨♨♨♨♨♨
ဇမ္ဗူကွန်ချာကျမ်းလာအရ-
၁။ ကကုသန်ဘုရားအလောင်းတော် ဟင်္သာဖြစ်ခဲ့ဖူးသော အရပ်ဖြစ်၍ မဟာသမ္မတမင်း လက်ထက်တွင် ဟံသာဝတီ၊
၂။ ကကုသန် ဘုရားလက်ထက်တွင် မစ္ဆိမ (ပစ္ဆိမနဂရ)၊
၃။ ကောဏဂုံ ဘုရားလက်ထက်တွင် ဟံသာနဂရ၊
၄။ ကဿပ ဘုရားလက်ထက်တွင် ဂါမာဝတီ (ကာမဝတီ)၊
၅။ ဂေါတမ ဘုရားလက်ထက်တွင် ဟံလင်းမခေါက် (ဟလ္လမခေါက်)၊
၆။ ပျူတို့လက်ထက်တွင် ဟန်လင်း
ဟန်လင်း သမိုင်းအကျဉ်း
♨♨♨♨♨♨♨♨♨
ဘိုးတော်ဘုရားလက်ထက် သာချင်းဆရာကြီး ဦးအောင်ဖြိုး၏ ဟန်လင်းသမိုင်းလင်္ကာ၌ မဇ္ဈိမဒေသ မဟာသမ္မတမင်း၏ သားတော်လတ် ကရဘော်မင်းသားက မြန်မာပြည်သို့ လာရောက်၍ ဟန်လင်းရွှေပြည်ကို တည်ထောင်မင်းပြုကြောင်း ဆိုပါသည်။ ကရဘော်မင်းသား စတင်တည်ထောင်ချိန်က ဟံသာဝတီ မည်တွင်ပြီး မင်းဆက် (၇၉၉) ပါး ရှိခဲ့ကြောင်း၊ နောက်ဆုံးမင်းသည် ပျူမင်း ဗန္ဓဝ (မူကွဲ-ပျူစောထီး) ဟု ကျော်ကြားကြောင်း အကျယ်တဝင့် နိဒါန်းခံ၍ ဖော်ပြရေးသားထားသည်။
ယင်းပျူမင်းလက်ထက်တွင် ညီတော် ပြုံးမင်းဟူ၍ရှိကြောင်း၊ ညီတော် တစ်ခါပြုံးတိုင်း ကောင်းကင်ယံမှ ရတနာမိုး တစ်ကြိမ်ရွာသွန်းကြောင်း၊ ဤသို့သော ထူးဆန်းသည့် ဂုဏ်သတင်းကို သိရရန် တရုတ်ပြည် ဦးတည်မင်းက သံစေလွှတ် စုံစမ်းခဲ့ကြောင်း၊ ညီတော်က မရီးတော်၏ တမလွန်ဘဝ၌ ငရဲခံစားရမည်ကို ဇာတိဿရဉာဏ်ဖြင့် မြင်မိသဖြင့် မပြုံးနိုင် မရယ်နိုင် ဖြစ်နေခိုက် နောင်တော် ပျူမင်း၏အမိန့်ကို မနာခံမိသကဲ့သို့ ဖြစ်သွားကြောင်း၊ ဤတွင် နောင်တော်က အထင်မှား၍ ရာဇမာန်ပွားကာ ညီတော်ကို ကွပ်မျက်စေသောကြောင့် ဟန်လင်းကြီး၌ ပြာပူမိုးရွာပြီး ထီးသုဉ်းနန်းသုဉ်း ဖြစ်ခဲ့ရကြောင်း ဖော်ပြပါရှိသည်။
ခရစ်နှစ် (၈)ရာစုနှင့် (၉)ရာစုကြား ကာလတွင် ဟန်လင်းမြို့ဟောင်းသည် မီးလောင်၍ ရုတ်တရက် ပျက်စီးခဲ့ရသည်။ မီးလောင်ရသည့် အကြောင်းနှင့် ပတ်သက်၍ သမိုင်းထွက် စကားများတွင် ပြာပူမိုး ရွာခြင်းကြောင့်ဟုသာ ဆိုသည်။ ရန်သူတိုက်ခိုက်ခြင်းကြောင့်ဟု မဆိုချေ။ သုတေသနပြုချက်များအရ ပြင်ပမှ ရန်သူဝင်ရောက်ကြောင်း ပြဆိုနိုင်သည့် ဟန်လင်းယဉ်ကျေးမှုနှင့် မတူသော ယဉ်ကျေးမှု လက္ခဏာ အသစ်အဆန်းများကိုလည်း မြေလွှာအထောက်အထား မတွေ့ရသဖြင့် မီးလောင်မှုသည် ရန်သူတိုက်ခိုက်ခြင်းကြောင့်ဟု တစ်ထစ်ချ မဆိုနိုင်ပါ။
မီးလောင်ပြီးနောက်ပိုင်း အသစ်တဖန် ပြန်လည် ထူထောင်မှု မပြုခဲ့ကြပေ။ မီးပင်လောင်ကျွမ်းငြားသော်လည်း ယဉ်ကျေးမှုမှာ ရုတ်တရက် ဆိတ်သုဉ်းပျောက်ကွယ်သွားဟန် မရှိပါ။ ခရစ်နှစ် ၉-၁၀ ရာစုနှင့် ပုဂံခေတ်ဦးတိုင်အောင်ပင် ဟန်လင်း၌ ပျူတို့သည် နောက်တစ်ကြိမ် မြို့ကြီးပြကြီး ထူထောင်ခြင်း မပြုကြစေကာမူ ကျေးရွာများ၌ ဆက်လက်နေထိုင်ခဲ့ကြပေသည်။
မြန်မာသက္ကရာဇ် ၆၄၇ ခုနှစ်က ရေးထိုးခဲ့သော သျှင်ဒိသာပါမောက္ခ ကျောက်စာတွင် သျှင်ဒိသာပါမောက်မထေရ်သည် တရုတ်ပြည်သို့ သွားရောက်ရာတွင် ဟန်လင်း၌ စခန်းချနေထိုင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။ ထိုစဉ်က ဟန်လင်းသည် ရွာအဖြစ် ရှိနေခြင်းဖြစ်သည်။
ဟံသာနဂရ ဟူသော အမည်နှင့် ပတ်သက်၍ ရေစကြိုမြို့နယ် နွားထိန်းရွာအနီးမှ တူးဖော်ရရှိသော ကျောက်စာတွင် ပျူမင်းညီအစ်ကို၊ ဟံသာနဂရ ဟူသော အမည်ပါရှိကြောင်း တွေ့ရှိရသည်။ (ယင်းကျောက်စာကို ယခုအခါတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ထိန်းသိမ်းထားရှိသည်။)
ဟန်လင်းမြို့ တံခါးများ၊ ပတ်ဝန်းကျင် စေတီများ
♨♨♨♨♨♨♨♨♨♨♨♨♨♨♨♨
ဟန်လင်းမြို့ဟောင်း သမိုင်းဝင်လင်္ကာအရ မြို့တံခါး (၂၄) ပေါက် ရှိသော်လည်း ယခုအခါ
- အရှေ့ဘက်တွင် ငပိအိုးတံခါး
- အနောက်ဘက်တွင် ပျားကြီးတောင့်တံခါး
- တောင်ဘက်တွင် တံခါးတော်
- မြောက်ဘက်တွင် တကန်သာ
စသော တံခါးများသာ ကျန်ရစ်တော့သည်။
အနောက်ဘက်မြို့ရိုးနှင့် ကပ်၍တည်ထားသော တောရဂူကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ကျော်ခန့်ကမှပင် မြို့ရိုးအုတ်များကို အသုံးပြု၍ တည်ဆောက်ထားဟန် တူသည်။ ဟန်လင်းမြို့ဟောင်း၏ တောင်ဘက်၌ရှိသော ဟန်လင်းကြီးရွာ ပတ်ဝန်းကျင်တွင်မူ ရှေးဟောင်းဘုရားများကို ဖူးတွေ့နိုင်သည်။
ယင်းတို့အနက်-
- သီရိဓမ္မာသောကမင်းကြီး၏ ကောင်းမှုဟု အဆိုရှိသော ရွှေကူကြီးစေတီ၊
- ကျန်စစ်သားမင်း၏ ကောင်းမှုဖြစ်သော ရွှေအင်ပင်စေတီ၊
- အလောင်းစည်သူမင်း၏ ကောင်းမှုဖြစ်သော ရွှေယပ်တော်စေတီ၊
- ဒါတင်္ဂရာဇ် အမတ်ကြီး၏ ကောင်းမှုဖြစ်သော ရွှေဂူသာစေတီနှင့်
- သမန္တဘဒ္ဒရာ အမတ်ကြီး၏ ကောင်းမှုဖြစ်သော ရွှေပန်းနှော (ရွှေပန်းတော) စေတီများမှာ ထင်ရှားကျော်ကြားသည်။
သမန္တဘဒ္ဒရာ အမတ်ကြီး ရေးထိုးသော ကျောက်စာကို ထောက်ရှု၍ ပုဂံခေတ်တွင် ဟန်လင်းမြို့ကို မြို့စားကြီး အုပ်ချုပ်ရကြောင်း သိရသည်။
ရှေးဟောင်းသုတေသန အထောက်အထားများနှင့် ဟန်လင်း
♨♨♨♨♨♨♨♨♨♨♨♨♨♨♨♨♨
ဟန်လင်းမြို့ဟောင်းကို တူးဖော်ကြရာတွင် ပျူယဉ်ကျေးမှု ပစ္စည်းများသာမက ကျောက်ခေတ်သစ်ဆိုင်ရာ (Neolithic Period) ကျောက်ချောလက်နက် ကိရိယာများကိုလည်း အများအပြား တွေ့ရှိရပါသည်။ ဟန်လင်းကြီး ဒေသတဝိုက်တွင် ကျောက်ချောခေတ် ကျောက်လက်နက်များ၊ ကြေးခေတ် ကြေးလက်နက်များ၊ ကြေးစည်းထုပ်များ၊ သံခေတ် သံလက်နက်များအပြင် ပျူစာပါ တံဆိပ်တုံးများ၊ ပျူအရိုးအိုးများ၊ လက်စင်းရာပါ အုတ်ချပ်များ၊ ကျောက်ကွင်းများ၊ လက်ကောက်များ၊ အောက်ခြေတိုင်ပါ မြေဆီမီးခွက်များနှင့် ပုံစံအမျိုးမျိုး အိုးများကို တွေ့ရှိရသည်ဖြစ်ရာ ဟန်လင်းကြီးဒေသသည် ခရစ်တော် မပေါ်မီ လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀၀) ခန့်ကစ၍ အစဉ်တစိုက် နေထိုင်ခဲ့ကြသော ဒေသကြီးတစ်ခုဖြစ်ကြောင်းလည်း သုတေသန အထောက်အထားများက ညွှန်ပြနေပေသည်။
ကိုးကား
=======
- မြန်မာ့ရှေးဟောင်းမြို့တော်များ
- ရှေးဟောင်းမြန်မာ့မြို့တော်များ
- ရှေးဟောင်းမြန်မာ့မြို့ရိုးစနစ်ပုံ
- မြန်မာ့စွယ်စုံကျမ်း
---------------
ကို ညီညီသွင်
စမုံ မြစ်ဝှမ်း အလွမ်း - ဖေ့ဘုတ်ပေ့ချ်မှ
- မူရင်းလင့် = Click here
- မူရင်းလင့်ကြည့်ရန် = Click here

Comments
Post a Comment