ဗုဒ္ဓဂါယာ ပျူကျောက်စာ / ပျူတစ်သိန်းမင်း

 


ပုံစာ - ဗုဒ္ဓဂယာ မြန်မာ ကျောက်စာ။

"ပျူ  ၁ သိန်းမင်း"

………………………………………

၁/ ဖုရာသ္ခိင်သာသနာ ၃၁၈ လွန်လိယ်ပြီသော အခါနှိုက် စံပုတိပ်ကျွှန်ကိုဝ် အစိုဝ်( _ )ရသောသိ

၂/ ရိဓမ္မသောက မည်သော မင်းကြီ စေတီ ယှတ်သောင်း ၄ ထောင် အရပ်နှိုက် 

၃/ ဆွတ်ဖုန်ပိယ်ရာ ပါယာသ ဤထန်ကုဝ်အခါ လိယ်ဖြင့် ပျက်

၄/ ရုယ် ပြင်သော သ္ခိင် ပင်သကူကြီတယောက် ထိုဝ် ပြိယ်တချက် ပျ

၅/ က် ခယ်ရကာ သတိုးမင်း ပြု ၏ ထိုဝ်ပြိတချက် ပျက်ခယ တုံ

၆/ ရကာ ဆင်ဖြု သ္ခိင် တျှာမင်ကြီ မိမိကိုဝ်စာဆိရာ သိရိဓမ္မ

၇/ ရာဇကုန ကိုဝ် စိယ် တ် မူလတ်သောအခါနှိုက် ပါလ

၈/ တ် သော တပေအ်သာ သိရိကဿပသည် လုပ်အံ့သည့် ဥစ္စာဟိလျက် 

၉/ မလုပ်ရတတ်ရကာ (_ _ _) သ္ခိင်ထေရ်ကိုဝ် ဆွံခံပိယ်ရကာ ပု

၁၀/ တသိန်မင် ဟု၏ လုပ်စိယ်က ပုသခင်ငဲကိုဝ်မြတ်ကြီး (_ _)ကိုဝ် 

၁၁/ အခွင့်ပြုရကာ သကရစ် ၄၅၇ ခု ပြသိုဝ်လ္ဆန်း ၁၀ ရက် ၆ နိယ် ပြုတုံ၏

၁၂/ သကရစ် ၄၆၀ တန်ဆောင်မှုန်လ္ဆန် ၈ ရက် တနှင်ကနွေနိယ် ( _ ) စသော

၁၃/ တခွန် ကုကာ တခွန်မျာတိုဝ်ကိုဝ်လေ ပုစဝ်၏ သင်ပုတ်(တင် ဆီမီ)

၁၄/ တောင်တိုဝ် အကြိမ်မျာစွာလျင် ပုစဝ်၏ သာသမိဟုမှတ်ရုယ် သုငဲ ၂ ေ

၁၅/ ယာက် ရှုယ်ပန်ငှယ်ပန်ခွက်ပုစိုဝ် ဆွယ်သော (ပတသ)သာလေ ပု

၁၆/ စဝ်၏ အခါခပ်သိမ်လျင် သင်ပုတ်ဝတ် မပြတ် တည် စိမ်သော ေ

၁၇/ ကြာင့် ငှါယ်(လိယ်)ကျွန် နွား တိုဝ်ကိုဝ်လေ ဝယ်ရုယ် လှူခယ်ဣ ငါပုေ

၁၈/ သာ ကောင်မှုကာ နိပ္ပန် ပစ္စည် အထောက် အပင့် ဖြစ်ချင်သေ

၁၉/ တ။ ( _ _ _ _ )သ္ခိင်လက်ထက်လျှင် ရဟန္တ ဆု လိုသတေ။

………………………။

မှတ်ချက်။

( _ _ _) တို့မှာ ဖတ်ရခက်သည့် နေရာများ။

………………………………………………………။

ဒါက ဗုဒ္ဓဂယာ ကျောက်စာကို ဖတ်ချက် ဖြစ်ပါတယ်။ ကျောက်စာရဲ့ ဆိုလိုရင်းက ဘုရားသခင် သာသနာနှစ် ၃၁၈ မှာ အသောကမင်းကြီးရဲ့ စေတီပေါင်းရှစ်သောင်းလေးထောင် အပါအဝင် ဃနာထမင်း ဆွမ်းဖုန်းပေးရာ အရပ်မှာ တည်ထားတဲ့ စေတီဟာ တန်းခူးလမှာ လေကြောင့် ပျက်စီးခဲ့တယ်ဆိုပါတယ်။ (ကြောင်းရေ ၃-၄ >

ဤ ထန်ကုဝ်အခါ လိယ်ဖြင့်ပျက်ရုယ် = ဤတန်ခူးအခါ လေဖြင့်ပျက်၍)

အဲဒီအခါ မထေရ် တစ်ပါးက ပြန်လည်ပြုပြင်ပါတယ်။ အဲဒီ သာသနာ ၃၁၈ ဟာ BC 227 ဖြစ်တာကြောင့် အသောက အနိစ္စရောက်ပြီး ၅ နှစ်အကြာမှာ ပျက်စီးတာပါ။ ဒါကို မထေရ်တစ်ပါး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဆိုလိုပါတယ်။ အဲဒီနောက် တစ်ခါထပ်ပျက်တာကိုတော့ သတိုးမင်း ပြုပြင်တယ်ဆိုပါတယ်။ သတိုးမင်းဆိုတာက တကောင်းမင်းဆက် သတိုးမင်း တစ်ပါးပါး ဖြစ်နိုင်ပါတယ်။

သာသနာ ၃၁၈ ဖြစ်တာကြောင့် သရေခေတ္တရာမင်းဆက်ရဲ့ ဒွတ္တဘောင်မင်းက စရင် ၅ ဆက်မြောက် ရက္ခန်မင်း လက်ထက် ဖြစ်ပါတယ်။ သရေခေတ္တရာမင်းဆက်ဟာ တကောင်း သတိုးမင်းမျိုး အဆက်လည်း ဖြစ်တာပါ။

အဲဒီနောက် တစ်ခါ ထပ်ပျက်ပြန်တော့ ပုတသိန်းမင်း (ပျူ  ၁သိန်းမင်း) ခေါ် ဆင်ဖြူ သခင်တရားမင်းကြီးလက်ထက် မင်းဆီ ဆွမ်းခံကြွတဲ့ မထေရ်တစ်ပါးက ခွင့်တာင်းလို့ သို့မဟုတ် ပြောပြလို့ ပျက်စီးမှုကိုပြုပြင်တာ ဖြစ်ပါတယ်။

သကရဇ် ၄၅၇ ခုနှစ်မှာ စတင်ပြုပြင်တည်ဆောက်ပြီး သကရာဇ် ၄၆၀ မှာ ပြီးတယ်လို့ ဆိုပါတယ်။ ပြီးတဲ့အခါ တံခွန် ကုက္ကား ဆီမီး ဆွမ်း အစရှိတာတွေ ပူဇော် လှူဒါန်းပါတယ်။ လယ် ကျွန် နွား တွေလည်း ဝယ်ယူလှူဒါန်းခဲ့ပါတယ်။ သက္ကရာဇ် ၄၅၇ ခုနှစ်ဟာ ကျန်စစ်မင်း နန်းတက်ပြီး ၁၁ နှစ်အကြာမှာ ဖြစ်ပါတယ်။ ကျောက်စာပါ အရေးအသား ပုံသဏ္ဍာန်အရ ပုဂံခေတ် ဆိုတာ ထင်ရှားနေတာပါ။ 

အဲဒီ ဗုဒ္ဓဂယာ ကျောက်စာပါ အက္ခရာ အရေးအသားနဲ့ ခုနှစ် သကရဇ်က ပျူ  ၁ သိန်းမင်း ဆိုတာ ကျန်စစ်မင်းကို ရည်ညွှန်းကြောင်း ထင်ရှားနေတာပဲ ဖြစ်ပါတယ်။

ဒီ ကျောက်စာ အထောက်အထားနဲ့ ဟာဗေးရဲ့ရွှေဆံတော် (တလိုင်းဘာသာထိုး) ကျောက်စာကို ကိုးကားရေးထားတဲ့(ရှေ့တွင် ရေးပြီး) အထောက်အထား ၂ ခုကို တိုက်ဆိုင် သုံးသပ်မယ် ဆိုရင် ပျူ  ၁ သိန်းမင်းဟာ ကျန်စစ်မင်း ဖြစ်ပြီး၊ ဗုဒ္ဓဂယာက အသောကမင်းကြီးရဲ့ ကောင်းမှုတော်တွေ ပျက်စီးနေတာကို ပြုပြင်ခဲ့တဲ့ ကျန်စစ်မင်းကို အဲဒီ ကာလအထိ ပျူ  ၁ သိန်းမင်းအဖြစ် ရေးထိုးခြင်းက မြန်မာလည်း ပျူ၊ ပျူလည်း မြန်မာ အတူတူဖြစ်ကြောင်း ထောက်ခံပေးနေတာပါပဲ။

ဟာဗေးက ကျန်စစ်မင်းဟာ ဗုဒ္ဓဂယာကို ပြုပြင်ထိန်းသိမ်းတဲ့ ပထမဆုံး မြန်မာဘုရင်ဖြစ်တယ်လို့ မှတ်ချက်ပြု ဆိုထားပေမယ့် ဒီကျောက်စာအရ ရှေ့မှာ နှစ်ကြိမ်ပြုပြင်ထားတာဟာ မြန်မာတွေ မဟုတ်ဘူးလို့ ဘယ်သူမှ မဆိုနိုင်သလို သတိုးမင်းပြု၏ ဆိုတဲ့ အချက်ကလည်း တကောင်းဆက်သတိုးမင်းမျိုးလို့ ဆိုလိုရာရောက်နေတာပါ။

ဒါက ကျန်စစ်မင်း ဗုဒ္ဓဂယာ ရောက်ကြောင်းကို ထောက်ပံ့ပေးထားတဲ့ အချက်ဖြစ်သလို ဒီ ကျောက်စာအရ ပျူ  ၁ သိန်းမင်း အထောက်အထားက ပျူလည်း မြန်မာ၊ မြန်မာလည်း ပျူ  ဖြစ်တယ်လို့ သက်သေခံပေးနေတာလည်း ဖြစ်နေတယ် မဟုတ်ပါလား။

……………………………………………………။



မူရင်းလင့်ကြည့်ရန် = Click here

----------------------------------

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ