ပုဂံမင်း အနော်ရထာထက်စောသော မြန်မာစာ

ဘုန်းတင့်ကျော်

ပုဂံမင်း အနော်ရထာထက်စောသော မြန်မာစာ  (၃)

(ဗုဒ္ဓဂါယာ မဟာဗောဓိဘုရားဝင်းတွေ့  ကြေးခေါင်းလောင်းပါ  ၃၉၇ ခုနှစ် မြန်မာစာ၊  မူလထိုး ) 


ပုဂံ အင်ပါရာ ဧကရာဇ် မင်းကြီး အနော်ရထာထက်စောတဲ့  မူလထိုး  မြန်မာစာအရေးအသားတွေထဲက  တစ်ခုကတော့ မဇ္ဈိမဒေသကြီး အတွင်း ဗုဒ္ဓဂါယာနယ်မြေတွေ့  မဟာဗောဓိ ကြေးခေါင်းလောင်းစာ ဖြစ်ပါတယ်။ ကိုလိုနီခေတ် အိန္ဒိယရဲ့ ရှေးဟောင်းသုတေသနဌာန ပထမဆုံး ဌာနမှုူးနဲ့  ညွှန်ကြားရေးမှူးချုပ် (၁၈၆၁ - ၁၈၈၅ ) ဟာ    ထင်ရှားတဲ့ ရှေးဟောင်းသုတေသနပညာရှင်  ဆရာကြီး Sir Alexander Cunningham ဖြစ်ပါတယ်။ 


ဗုဒ္ဓဂါယာ မဟာဗောဓိဝင်းအတွင်း ကြေးခေါင်းလောင်းဟောင်းတစ်ခုကို  ဆရာကြီး အလက်ဇန္ဒား  သုတေသန တူးဖော်လေ့လာမှုပြုစဉ်  တွေ့ရှိခဲ့တာ  ဖြစ်ပါတယ်။ ဒီကြေးခေါင်းလောင်းမှာ ရှေးခေတ် မြန်မာဘာသာ မြန်မာစာနဲ့  စာတစ်ကြောင်း၊  မြောက်ပိုင်းနာဂရီ အက္ခရာနဲ့  စာတစ်ကြောင်း ရေးထိုးပါရှိတာ တွေ့ရှိရကြောင်း  ဆရာကြီး ဖော်ပြခဲ့ပါတယ်။  

ရှေးခေတ်မြန်မာစာ အောက်က နာဂရီအက္ခရာ ရေးသားစာထဲမှာ  "၃၉၇ " ခုနှစ် လို့ ထင်ရှားစွာ ရေးသားပါရှိကြောင်း သူဖော်ပြခဲ့ပါတယ်။ ပုဂံခေတ် မြန်မာစာအရေးအသားပါ  ခုနှစ် သက္ကရာဇ်နေရာဟာ အပွန်းအစင်းတွေ များပြီ မှေးမှိန်နေတာကို ဆရာကြီး အလက်ဇန္ဒား ကြိုးစားမှန်းဆ ဖတ်ကြည့် ဖော်ပြခဲ့ပါတယ်။  

"၇၅၅" ခုလို့ ဆရာကြီး မှန်းဆဖတ်ရှု ကြည့်တာဟာ မမှန်ကန်ကြောင်း လေ့လာတွေ့ရှိရပါတယ်။  ဆရာကြီး အလက်ဇန္ဒားကို အပြစ်တင်တာ မဟုတ်ပါဘူး။ သမိုင်းပညာဟာ ဘယ်သူပြောပြော  ဘယ်ပညာရှင်ပြောပြော  မစစ်ဆေးပဲ လက်မခံဆိုတဲ့ စည်းမျဉ်းစံနှုန်း အရ စစ်ဆေးကြည့်ရင်း  တွေ့ရှိတာတွေကို    ဖော်ပြခြင်းဖြစ်ပါတယ်။


ကိုလိုနီခေတ် အိန္ဒိယရှေးဟောင်းသုတေသနဌာနမှာ ၁၈၆၁ - ၁၈၇၁ခုနှစ်မှာ  ပထမဆုံး ဌာနမှူး၊  ၁၈၇၁ -  ၁၈၈၅ ခုနှစ်  ညွှန်ကြားရေးမှူးချုပ် လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ဆရာကြီး အလက်ဇန္ဒားအနေနဲ့ ဗုဒ္ဓဂါယာ ခေါင်းလောင်းပါ ရှေးဟောင်း မြန်မာစာကို ဖတ်ရှုလေ့လာတဲ့ အချိန်ဟာ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ မကျူးကျော် မသိမ်းပိုက် နိုင်သေးတာကြောင့် ပုဂံအပါအဝင်  အထက်မြန်မာနိုင်ငံက ရှေးဟောင်း မြန်မာကျောက်စာ အမြောက်အများရဲ့ မင်ကူးစာတွေကို  အင်္ဂလိပ်တွေ မစုဆောင်း  မရရှိသေးတဲ့ကာလ ဖြစ်ပါတယ်။

ဒါကြောင့် ပုဂံခေတ် မြန်မာကျောက်စာပေါင်းစုံမှာ   ၃ ဂဏန်း၊  ၅ ဂဏန်း၊  ၇ ဂဏန်း နဲ့ ၉ ဂဏန်းပုံသွင်ကွဲ အမျိုးမျိုး၊   ပုဂံခေတ် မြန်မာအက္ခရာ  ဗျည်း သရ တမျိုးစီအတွက်  ပုံသွင်ကွဲ  အမျိုးမျိုးနဲ့  သတ်ပုံ  မူကွဲ အမျိုးမျိုးတွေကို  ဆရာကြီး အလက်ဇန္ဒား အနေနဲ့ စုံစုံလင်လင်  နှံ့နှံ့စပ်စပ် မတွေ့မြင် မသိရှိနိုင်ခဲ့တဲ့ အချိန် ဖြစ်ပါတယ်။  ဒီလို အချိန်မှာ မှန်းဆဖတ်ရှုချက် မမှန်တာကို  အပြစ်မပြောပါဘူး။

ထီးတော်စာပါ   ပုဂံခေတ်  ၃ ဂဏန်းကို ဆရာကြီး မဖော်ပြနိုင်ခဲ့ပါဘူး။   ၉ ဂဏန်းရှေ့က  ၃ ဂဏန်းနေရာမှာ အပွန်းရာအစင်းရာတွေ ရှိနေကြတာကြောင့် ပုဂံခေတ် ၃ ဂဏန်းပုံသွင်ကွဲ အမျိုးမျိုးကို   မတွေ့ဘူးတဲ့  ဆရာကြီး အတွက်  ၃ ဂဏန်းကို  ဖတ်ရှုဖို့ ခက်ခဲခဲ့မယ်ထင်ပါတယ်။ 

              ပုဂံခေတ် ၉ ဂဏန်းပုံသွင်ကွဲ ကို   ၇ ဂဏန်းလို့ ဆရာကြီး မှန်းဆဖတ်ရှု ချက်လည်း မမှန်ကန်ကြောင်း တွေ့ရပါတယ်။  ၉ ဂဏန်း အနောက်ကပ်လျက်က  ၇ ဂဏန်းကို ဆရာကြီး ဖတ်ရှုတာ မှန်ပါတယ်။  အဲဒီ ၇ ဂဏန်း နောက်ကပ်လျက်က " ခု " ကို ဆရာကြီးက  " ၇ " လို့ မှန်းဆ ဖတ်ရှုတာ မမှန်ခဲ့ပါဘူး။

             ကြေးခေါင်းလောင်းတော်ပါ  မြန်မာစာကို  " ၇၅၅ " လို့  ဆရာကြီး အလက်ဇန္ဒားမှန်းဆ ဖတ်ကြည့်ဖော်ပြ တာ အစား ခေါင်းလောင်း စာ မူရင်းဓာတ်ပုံ မှာဖတ်ရှု တွေ့မြင်ရတဲ့ အတိုင်း " ၃၉၇ ခု " ဖြစ်ကြောင်း  ကျွန်တော့် အနေနဲ့ လေ့လာဖတ်ရှု တင်ပြ အပ်ပါတယ်။

                ဆရာလုစ်ဟာ ဗုဒ္ဓဂါယာခေါင်းလောင်းစာပါ  မြန်မာသက္ကရာဇ်အတွက်   ခေါင်းလောင်းပါ  မြန်မာမူရင်းစာကို   လေ့လာဖတ်ရှု လုပ်ဆောင်ခဲ့ခြင်း  မဟုတ်ပဲ  ဆရာကြီး အလက်ဇန္ဒား  မှန်းဆ ယူဆချက် နဲ့ ရေးသားပြတဲ့   အလက်ဇန္ဒားရဲ့ လက်ရေးစာ "၇၅၅ခု "ကိုသာ ဖတ်ရှုပြီး  " (၆)၅၅ " လို့  ပြန်လည် မှန်းဆဖော်ပြခဲ့တာဖြစ် တာကြောင့် ဆရာလုစ် မှန်းဆပြောတဲ့ " (၆)၅၅" ကို ဆွေးနွေးစရာ မရှိတော့ပဲ  ပယ် ပါတယ်။ (၆)ကို သူ(လုစ် အနေနဲ့ ) မသေချာကြောင်း  ကွင်းခတ် ဖော်ပြ ခဲ့ပါတယ်။  ကွင်းမခတ်ပဲ  ဖော်ပြတဲ့  ၅၅ဟာလည်း ခေါင်းလောင်းစာပါ ဂဏန်း  ၉၇ တို့ နဲ့  ကွဲလွဲနေပါတယ်။    

              လုစ်ရဲ့ မသေချာကြောင်းကွင်းခတ်ပြထားတဲ့  ၆၅၅ မှန်းဆချက်ကို  အသေဆုပ်ကိုင်ပြီး   ဗုဒ္ဓဂါယာ ကြေးခေါင်းလောင်းစာပါ ခုနှစ်ကို  ၆၅၅ လို့  သံယောင်လိုက်ပြောဆိုနေတဲ့  သမိုင်းပညာသုည သမား သမိန်လိုင်းအချို့ ရှိပါတယ်။

               ဗုဒ္ဓဂါယာထီးတော်က နာဂရီ အက္ခရာစာ အရေးအသားမှာ " ၃၉၇ " လို့ ခုနှစ် ရေးထိုးဖော်ပြချက်နဲ့  မြန်မာစာပါ  " ၃၉၇ ခု" လို့ ရေးသားဖော်ပြချက်  ဆင်တူတာကို  တွေ့မြင်ရပါတယ်။ အဲဒီနည်းတူ  မြန်မာစာမှာ " သိရီ ဓမ္မရာဇာဂုရု " လို့ ရေးသားသလို  နာဂရီအက္ခရာထိုးစာမှာ လည်း "သီရိ ဓမ္မရာဇာ ဂုရု" ကို ဆိုလိုပြီး  "သိရီ ဓမ္မရာဇာကုရု " လို့ ရေးသားဖော်ပြတာ ချင်းလည်း  တူညီတာ တွေ့ရပါတယ်။

               ထီးတော် မြန်မာစာ " သိရီ ဓမ္မရာဇာ ဂုရု " အနောက်မှာ  တဆက်တည်း  " ပံ့သကူကြီး " လို့ ရေးထိုး ပါရှိပါတယ်။  နာဂရီစာမှာ "ပံ့သကူကြီး " လို့ ရေးတာ ပါ မပါကို  ဆက်လက် စစ်ဆေးရပါဦးမယ်။

                 ဇာတာတော်ပုံ ရာဇဝင်ပါ ကျန်စစ်သားမင်းကြီး နန်းစံနှစ်နဲ့  ရာဇကုမာရ ကျောက်စာပါ ကျန်စစ်သားမင်း နန်းစံနှစ် ဆင်တူတာကို အကိုးအထောက်ပြု  တွက်ချက်ပြီး  သမိုင်းပညာရှင် အများစုက အနော်ရထာနန်းတက်နှစ်ကို  ၄၀၆ ခုနှစ်လို့   ယူဆလက်ခံ ကြပါတယ်။ 

            အဲဒီလို ယူဆချက်အရ ဇာတာတော်ပုံ ရာဇဝင်ပါ  ပုဂံမင်းဆက် နန်းစံနှစ် အစဉ် အရ  " ၃၉၇ ခုနှစ်"ဟာ  အနော်ရထာ မင်းနန်းမစံခင်    ၉ နှစ် ပိုစောတဲ့နှစ် ဖြစ်ပြီး အနော်ရထာမင်းကြီးရဲ့  နောင်တော် စုက္ကတေးမင်း လက်ထက်လို့ ယူဆပြောဆိုစရာရှိလာပါတယ်။  

               ဗုဒ္ဓဂါယာထီးတော် ပုဂံခေတ် မြန်မာစာပါ  " ၃၉၇ " ခုနှစ်ဟာ  ပညာရှင် အများ လက်ခံထားကြတဲ့  အနော်ရထာမင်းကြီး  နန်းတက်နှစ်ထက်   ၉နှစ် (ခန့်)  ပိုမိုစောပါတယ်။

              " ၃၉၇ ခုနှစ်"ဟာ ခမာကျူးကျော်စစ်ကြောင့်  ခမာကို စစ်ရှုံးခဲ့တဲ့ သထုံ မနူဟာမင်း ဟာ  သထုံမြို့ကို စွန့်ပစ်ထားခဲ့ပြီး  သူ့ သမီးတော်ကို ဆက်သကာ ပုဂံမင်းနေပြည်ကြီးသို့  ခိုလှုံ လာချိန်ထက်လည်း ပိုစောပါတယ်။(သန်းထွန်း၊ မြန်မာမင်းများ အမိနိ့တော် ပြန်တမ်း)။

               သထုံ မြို့ကို တိုက်ခိုက် သိမ်းယူပြီး  ပဲခူးနယ်သို့  ဆက်လက် ကျူးကျော် တိုက်ခိုက် လာတဲ့  ကြွမ်းခေါ်  ခမာစစ်တပ်ကို   အနော်ရထာမင်းကြီးဟာ  ၄၁၈ခုနှစ်မှာ  ပဲခူး နယ်မြေကနေ ထိုးစစ်ဆင် တိုက်ထုတ် ခဲ့ ပြီး( အနော်ရထာဆင့်ထိုးကျောက်စာ၊  ရေနံချောင်းမြို့ ပင်းစက္ကလမ္ပဘုရားကျောက်စာ)၊  ၄၁၉ ခုနှစ်မှာ သထုံ မြို့ကို သိမ်းပိုက်ထားတဲ့  ခမာစစ်တပ်ကို  တိုက်ခိုက် ချေမှုန်း နှိမ်နင်း  အောင်မြင်ခဲ့ကြောင်း သိရပါတယ်  ( အနော်ရထာ ဆင့်ထိုးကျောက်စာ၊  မလွန်မြို့ မဟာပိန္နဲ ဘုရားကျောက်စာ )။               

           သထုံမြို့ကို  ကျူးကျော် သိမ်းပိုက် ထားတဲ့  ကြွမ်ခေါ်  ခမာစစ်တပ်ကို  ပုဂံမင်းကြီး  အနော်ရထာ စစ်ချီ နှိမ်နင်းခြင်း ပြုခဲ့တဲ့  ၄၁၉ခုနှစ်ထက်  " ဗုဒ္ဓဂါယာ ထီးတော်စာပါ  " ၃၉၇ "ခုနှစ်က  " ၂၂ နှစ် "   ပိုမိုစောတဲ့ ခုနှစ် ဖြစ်ပါတယ်။

           ပုဂံနိုင်ငံ အတွင်းသို့  ကျူးကျော် စစ်ပြုလာတဲ့  ခမာလက်ထဲကနေ  သထုံကို   ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ခြင်း စစ်ပွဲ မဖြစ်ပွားခင်  ၂၂နှစ် ပိုမိုစောတဲ့  သကရစ်  " ၃၉၇ " ခုနှစ်  စုက္ကတေးမင်း    လက်ထက်မှာ  မြန်မာစာ ပေါ် ပေါက် သုံးစွဲ ရေးသားနေကြောင်း၊  ပုဂံမြန်မာစာ မြန်မာ အက္ခရာရဲ့ ဆရာဟာ  အထောက်အထားမဲ့   လိုရာဆွဲ   ရေးပြောနေကြသလို   ၄၁၉ခုနှစ် သထုံမွန်မဟုတ်ကြောင်း  သက်သေတည်နေတဲ့   ပုဂံခေတ် ခေတ်ပြိုင် အထောက်အထား ဖြစ်ပါတယ်။

             ပုဂံခေတ် သကရစ် " ၃၉၇ ခု" ဗုဒ္ဓဂါယာ မဟာဗောဓိဝင်း  ခေါင်းလောင်းစာပါ မြန်မာစာ အထောက်အထားအရ  - " အနော်ရထာမင်းနဲ့  စောလူးမင်းလက်ထက် အထိမှာ  မြန်မာစာမပေါ် ပေါက်သေး ဟု၎င်း၊   အနော်ရထာမင်း လက်ထက်  ၄၁၉ ခုနှစ် ကျမှ  သထုံ မွန် ဆီက  အက္ခရာတွေ ရရှိ တော့မှ   ပုဂံ  မြန်မာတွေ  စာရေးတတ်လာတာဟု၎င်း "   အထောက်အထားမဲ့ လိုရာဆွဲ  ကောက်ချက်ပြု ရေးသားပြောဆိုခဲ့ တဲ့  သမိုင်းဆရာ လုစ် စကားဟာ အမှားကြီး တစ်ခု ဖြစ်ကြောင်း၊  လုစ်ရဲ့ အဆိုပါ စကားကို   မစစ်ဆေးပဲ   ပြောဆိုဖြန့်ချိနေကြသူတွေ လည်း မှားယွင်းကြောင်း  ထင်ရှားပေါ် ပေါက်နေပါတယ်။    

          ဒါကြောင့်  ဗုဒ္ဓဂါယာ မဟာဗောဓိခေါင်းလောင်းစာ ပါ  " ၃၉၇ ခု။ သိရီ ဓမ္မ ရာဇာဂုရု  ပံ့သကူကြီး " ဆိုတဲ့  ပုဂံခေတ် မူလထိုး မြန်မာစာ  အထောက်အထားအရ  လုစ် နဲ့ အချို့သော သူများရဲ့   အဆိုပါ ယူဆချက် အမှားကို  အပြီးအပြတ် ပယ် ပါတယ်။

              ၄၁၉ ခုနှစ်မှာ ခမာလက်ထဲက သထုံမြို့ကို  အနော်ရထာမင်းကြီး ထိုးစစ်ဆင်ပြီး  ပြန်လည် သိမ်းယူခဲ့ပါတယ်။  ဘာသာခြား ခမာတွေဟာ သူတို့သိမ်းယူခဲ့ တဲ့ ဗုဒ္ဓဘာသာမြို့ရွာတွေမှာ ဗုဒ္ဓဘာသာကျောင်းကန်ပုထိုး ပိတက် စာပေ တွေအားလုံးကို ဖျက်ဆီး ကြတာကြောင့် အနော်ရထာ  ပြန်လည်သိမ်းယူ ခဲ့တဲ့  သထုံမှာ  ပိတကတ် ၃ပုံရော၊   ရဟန်းသံဃာတွေရော မရှိတော့ပါဘူး။  

              သထုံကို အနော်ရထာမင်းကြီး ပြန်လည်သိမ်းယူပြီး ခမာစစ်တပ်ကို တိုက်ထုတ် နှိမ်နင်းပြီး ချိန် နောက်ပိုင်းမှာ မှ  ၄၁၉ ခု နောက်ပိုင်း တချိန်ကျမှ   ခမာကို နိုင်တဲ့  ပုဂံမြန်မာအင်ပါရာနိုင်ငံ အတွင်းသို့  ခမာကြောင့် ဒွာရာဝတီတိုင်း( ယခုအခါ ထိုင်းနိုင်ငံ  အရှေ့မြောက် ဘက် နားက ) ဟရိဘုဉ္စမြို့ပျက် ပြီး ခမာရန်က ရှောင်ပြေးလာကြတဲ့  မွန်တွေဟာ  ပုဂံနိုင်ငံအတွင်းသို့ ခိုလှုံ ရွှေ့ပြောင်းလာကြတာလို့ ရှေးမှတ်တမ်းတွေ အရ ပြောဆိုရေးသားနေကြတာတွေရှိပါတယ်။  

           နိုင်ငံခြာသားဆရာတစ်ဦးကတော့  အေဒီ ၁၀၅၅ ခုနှစ် ( မြန်မာ ၄၁၉ ခုနှစ် ) အထိ  ဟရိဘုဉ္စ မြို့ မပျက်သေးကြောင်း  ကျောက်စာ အထောက်အထားနဲ့ ဖော်ပြထားတာရှိပါတယ်။  ၁၀၅၅ ခုနှစ် နောက်ပိုင်းကျမှ  ပုဂံ ပျူခေါ ် မြန်မာနိုင်ငံတွင်းသို့  ဟရိဘုဉ္စမြို့ပျက်က မွန်တွေ မခိုလှုံ မရောက်ရှိလာခင်ကတည်းက  အေဒီ ၁၀၃၅ခုနှစ်( မြန်မာ  ၃၉၇ ခုနှစ်)  ပုဂံ မြန်မာတွေ မှာ မြန်မာအက္ခရာတွေ ရှိပြီး  စာရေးတတ်နေကြပြီး  မြန်မာစာ ရေးသားနေကြကြောင်း  ကောင်းစွာ ထင်ရှားပေါ် ပေါက်နေပါတယ်။

          သထုံမြို့ကနေ ခမာတွေ စစ်ရှုံး စစ်ပျက် ဆုတ်ခွာ သွားပြီးမှ ခိုလှုံ ရောက်ရှိလာတဲ့ ဒွာရာဝတီ တိုင်းဟရိဘုဥစ မြို့ပျက်က စစ်ပြေးဒုက္ခသည် မွန် တွေဟာ  မြန်မာတွေကို အက္ခရာ သင်ပေးတဲ့ ဆရာ ၊  ထေရဝါဒ  ပိတကတ် ၃ပုံ ပေးတဲ့ ဆရာ မဟုတ်ကြောင်းထင်ရှားနေပါတယ်။   

        ပုဂံ နိုင်ငံ သြဇာခံ ဒါွရာဝတီ တိုင်းမြောက်ပိုင်း ဟရိဘုဉ္စ မြို့ နဲ့ ဒါွရာဝတီတိုင်း တောင်ပိုင်း ရာမည မြို့တွေ ကနေ   ပုဂံနိုင်ငံ အတွင်းသို့  ခိုလှုံ လာကြတဲ့  ခမာစစ်ပြေးဒုက္ခသည် မွန်တွေဟာ   ထေရဝါဒ ပိတကတ် ၃ပုံနဲ့ မြန်မာ အက္ခရာတွေကို   မြန်မာတွေထံက  ပြန်လည်သင်ယူ ရရှိ သုံးစွဲ ခဲ့ကြတာကိုပဲ လေ့လာတွေ့မြင်ရပါတယ်။   

           ပုဂံခေတ် အုတ်ခွက်ဘုရား မွန်စာတွေနဲ့ ပုဂံခေတ် မွန်ကျောက်စာတွေမှာ  ဒါွရာဝတီ တိုင်းဒေသက မွန် အက္ခရာတွေနဲ့ ပုံသွင် မတူကွဲပြားတဲ့  သရေခေတ္တရာ  ဗြဟ္မာ ခေါ်  မြန်မာ ဘိုးဘေးတို့ဲရဲ့ အမွေ ပုဂံမြန်မာ အက္ခရာတွေ ကို အသုံးပြုရေးသားထားကြတာတွေကို ထင်ရှားစွာ လေ့လာ တွေ့မြင် ရပါတယ်။

            ဒါွ် ရာဝတီတိုင်းတောင်ပိုင်းက ရာမညမြို့နဲ့  မြောက်ပိုင်းက ဟရိဘုဉ္စမြို့တွေကို ခမာ စစ်တပ် မသိမ်းခင် မဖျက်ခင်ကတည်းက   ပုဂံ အင်ပါရာ နိုင်ငံ တော်ကြီးမှာ  ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကား နေပြီးသားဖြစ်ကြောင်း  ပုဂံခေတ်ပြိုင် အထောက်အထားအချို့ကို  ရှေ့ပိုင်း ပို့စ်တချို့မှာ  ကျွန်တော် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

           ပျူစေတီပျူလှိုဏ်ဘုရားတွေလို့ ယာယီ အမည်တပ်ပေးထားတဲ့  ပျူစောထီး ဗူးဘုရား၊  အရှေဖက်လိပ် ဘုရား၊ အနောက်ဖက်လိပ်ဘုရား၊ ပျူစေတီ  ၃ဆူတန်း၊  ငကျွဲနားဋောင်းစေတီ၊   ကျောက်မျက်မော် ဘုရားအစရှိတဲ့  ထေရဝါဒ ဗုဒ္ဓဘာသာစေတီ တွေ လှိုဏ်ဘုရားတွေ ၂၀ကျော်  ပုဂံမြို့ဟောင်း ကြီးမှာ  ယနေ့တိုင်  ထင်ရှားတည်ရှိနေပါတယ်။   အထက်ပါ ဘုရားတွေကို  အနော်ရထာမင်းကြီးထက် များစွာ ပိုမိုစောတဲ့   ယာယီ အမည်တပ်  ပျူခေတ် ဘုရားတွေ ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနက စစ်ဆေး အတည်ပြု ခဲ့တာဟာ  ကိုလိုနီခေတ်ကတည်းက ဖြစ်ပါတယ်။   

               ပျူဆိုတာ ပျောက်ကွယ်သွားတဲ့ လူမျိုးမဟုတ်ပဲ ပျူဆိုတာဟာ  ဗြဟ္မာ မြန်မာရဲ့  အမည်ပွားတစ်ခုသာဖြစ်ကြောင်း၊  ပျူ စစ်လျှင် မြန်မာဖြစ်ကြောင်း  ခေတ်ပြိုင်အထောက်အထားအများအပြားအရ  မြန်မာသမိုင်း ပြုစုရေးအဖွ့ဲ ပညာရှင် စာတမ်းဖတ်ပွဲမှာ   ၂၀၀၄ ခုနှစ် ကတည်းက ထင်ရှားပေါ် ပေါက်ခဲ့ ပြီး ဖြစ်ပါတယ်။

               အဲ့ဒီ့အပြင်  ပုဂံမြို့ဟောင်းဒေသ ဧရာဝတီ  မြစ်ကမ်းပါးက  "ပေါင်းကူးကုန်း" စေတီ ဟောင်းကုန်းမှာ အေဒီ ၄ရာစု  သိပ္ပံ ဓာတ်ခွဲခန်း သက်တမ်း စစ်ဆေးချက် တွေ့ရှိထားပြီးဖြစ်သလို  ပေါင်းကူးကုန်းဘုရားကုန်းကနေ  ဗြဟ္မီ အက္ခရာ အုတ်ခဲစာတွေ ဗြဟ္မာ ခေါ်  ပျူ အက္ခရာ အုတ်ခဲစာတွေကိုလည်း အခိုင်အမာ အထင်အရှား တွေ့မြင် ရရှိ ထားပါတယ်။

                 ပုဂံဒေသ အပါအဝင် မြန်မာနိုင်တဝှမ်းတွေ့  ယာယီ အမည် ပျူ စေတီ ပျူလှိုဏ်ဘုရားလို့ ဗလက်ဒင်ကနေ   ယာယီ အမည် တပ်ပေးခံထားရတဲ့  ရှေးစေတီတွေ ရှေးလှိုဏ်ဘုရားတွေဟာ ပျူခေါ်   မြန်မာစေတီများ မြန်မာလှိုဏ်ဘုရားများ ဖြစ်ကြပါတယ်။  ပျူအက္ခရာလို့ ယာယီအမည်တပ်ပေးထားတဲ့ ရှေးဟောင်း အက္ခရာတွေဟာ အနော်ရထာမင်းကြီး မတိုင်ခင်  ရှေး မြန်မာ အက္ခရာများ ဖြစ်ကြပါတယ်။

               ပုဂံမြို့ဟောင်းကြီးဟာ ပျူစောထီးမင်းကြီး၊ ဒုတိယ စောရဟန်းမင်းကြီး၊  တောင်သူကြီးမင်းကြီး၊ အနော်ရထာမင်းကြီး တို့မတိုင်ခင် ထေရဝါဒ ဗုဒ္ဓသာသနာနဲ့ စေတီ လှိုဏ်ဘုရားများ ထွန်းကားပြီးသား မင်းနေပြည် ဒေသကြီး ဖြစ်ကြောင်း ကောင်းစွာ ထင်ရှားပေါ် ပေါက်နေ ပါတယ်။  ထေရဝါဒ သာသနာထွန်းကားဘို့ဆိုတာ ထေရဝါဒ ပိတကတ် ၃ပုံ ရှိလို့ ထွန်းကားတာဖြစ်ကြောင်း လည်း ထင်ရှားလျက် ရှိပါတယ်။  

           ပထမ ပုဂံ မင်းနေပြည် ၊ ဒုတိယ ပုဂံ မင်းနေပြည် ၊ တတိယ ပုဂံ မင်းနေပြည်၊  စတုတ္ထ ပုဂံမင်းနေပြည်  ဆိုတဲ့  ပုဂံမင်းနေပြည်ကြီး အဆက်ဆက်ဟာ   အနော်ရထာမင်းကြီး မတိုင်ခင်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာဝင် မြို့ကြီးများဖြစ်ကြောင်းလည်း  အနော်ရထာမင်းကြီး မတိုင်ခင်   ပျူဘုရားခေါ်  ပျူမြန်မာ ဘုရားများအရ ထင်ရှား ပေါ် ပေါက်နေပါတယ်။

           အနော်ရထာမင်းကြီးထက် နှစ် ၁၀၀ကျော်စောတဲ့  စောရဟန်းမင်းကြီးဟာ ပုဂံ မှာ မြစည်းခုံဘုရား၊ သိမ်နဲ့ ဘုန်းကြီးကျောင်းတည်ဆောက် လှူဒါန်းခဲ့တဲ့ စောရဟန်းမင်း  မြစည်းခုံဘုရားကျောက်စာ၊    တုရင်းတောင် ထက် စောရဟန်းသိမ် ကို ပြန်လည်ပြုပြင် တည်ဆောက်တဲ့ အကြောင်းဖော်ပြတဲ့  ပုဂံ ဥဇ္ဇနာမင်းကြီး ကျောက်စာ တွေ ကို ပညာရှင်အများသိရှိ ကြပြီးဖြစ်ပါတယ်။ 

           အနော်ရထာမင်းကြီးနန်းမတက်ခင်  ကတည်းက ပုဂံ မင်းနေပြည် ဒေသကြီးမှာ  ပုဂံမြန်မာမင်းကြီးများ ဖြစ်တဲ့  ပျူစောထီး ဗူးစေတီ၊  စောရဟန်းမင်းကြီး  ကောင်းမှု  ပုဂံ မြစည်းခုံဘုရား၊  သိမ် ၊ ကျောင်း၊  မြန်မာကျောက်စာတွေ၊     တောင်သူကြီးမင်းကောင်းမှု  ပုထိုးသားများ လှိုဏ်ဘုရား၊   သိကြားပုန်း လှိုဏ်ဘုရား နဲ့ သိကြားဟစ် လှိုဏ်ဘုရားတွေ အစရှိတဲ့ ထေရဝါဒ စေတီတော်တွေ လှိုဏ်ဘုရားတွေ  တည်ထားကိုးကွယ်ပြီးသားရှိနှင့်နေပါတယ်။     

               ဒီ အထောက်အထားတွေကို ထည့်မပြောပဲ ထိန်ချန် သမိုင်းလိမ်ပြီး  အနော်ရထာမင်းကြီး မတိုင်ခင်ကတည်းက  ထေရဝါဒ ဗုဒ္ဓဘာသာလည်းထွန်းကား  မြန်မာစာတွေလည်း ရေးထိုးနေကြတဲ့  မြန်မာတွေရဲ့    ဆရာမဟုတ်ပါပဲ    မြန်မာရဲ့ ဆရာ နေရာကို  အတင်း ပတင်းကို  အငမ်းမရ လိုချင် ဖြစ်ချင်နေကြတဲ့   မြန်မာမဟုတ်သူတချို့ရဲ့ အဖြစ်က  ကရုဏာသက်စရာ ဖြစ်နေပါတယ်။ 

              အနော်ရထာမင်းကြီးထက်ပိုမိုစောတဲ့    စောရဟန်းမင်းကြီးရဲ့  ပုဂံ မြစည်းခုံဘုရား မြန်မာကျောက်စာ၊    အနော်ရထာမင်းကြီးရဲ့ နောင်တော်  စုက္ကတေးမင်း လက်ထက်    သကရစ်  " ၃၉၇ ခု" နှစ်မှာ ဗုဒ္ဓဂါယာ ကြေးခေါင်းလောင်း မြန်မာစာတွေ ရေးဘို့    ပုဂံမြန်မာတွေ  စာရေးဘို့ အက္ခရာ တွေကို   " ၄၁၉ ခု " သထုံသို့ပင်  မရောက်လာသေးတဲ့ မွန်ဆီက  ရရှိခြင်း လုံးဝ  မရှိပဲ   စောရဟန်းမင်းကြီးတို့ စုက္ကတေးမင်းကြီးတို့ ခေတ် မြန်မာတွေဟာ   ဘယ်သူတွေဆီက  အက္ခရာတွေ ရရှိခဲ့လို့  ပုဂံမြန်မာတွေ   စာရေးသားနိုင်ခဲ့ သလဲဆိုရင်  သရေခေတ္တရာ ပျူခေါ်  ဗြဟ္မာ ဗမာ ဘိုးဘေး တွေဆီက  ရရှိခဲ့တာဖြစ်ကြောင်း  ရှေ့ပိုင်းပို့စ် တချို့မှာ   အက္ခရာ နှိုင်းယှဉ် ဇယား  အထောက်အထားများနဲ့ တကွ ကျွန်တော် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

               မေတ္တာရည်လျက် 

                      ဘုန်းတင့်ကျော် 

ကျမ်းကိုး။    ။

၁။ The books of  Sir Alexander Cunningham,  the head of Archaeology Department of India , 1861 1885 .

၂။ သန်းထွန်း၊ Phd. London ၊ သမိုင်းပါမောက္ခ ငြိမ်း၊  မြန်မာမင်းများ အမိန့်တော်ပြန်တမ်း ( ပုဂံသို့ လှေတော်ကြီး ၄စင်းဖြင့်  ခိုလှုံလာသော မနူဟာမင်း မိသားစု ကို ဘုရားကျွန် အဖြစ်လှူဒါန်းကြောင်း အမိန့်ပြန်တမ်းစာ )။

၃။ ပုဂံ ဗူးဘုရားသမိုင်း

၄။ ပုဂံ ပုထိုးသားများဘုရားသမိုင်း

၅။ စမ္ဗူ့ဒီပ ဦးဆောင်းကျမ်း ( စောရဟန်းမင်း ပုဂံ မြစည်းခုံ ဘုရားကျောက်စာ)။

၆။ ရှေးဟောင်းမြန်မာကျောက်စာများပေါင်းချုပ်  တတိယတွဲ၊ ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စောရဟန်းသိမ်ကျောက်စာ။

၇။ ရှေးဟောင်းမြန်မာကျောက်စာများ  (က)ပထမတွဲ၊ (ခ) ဒုတိယတွဲ၊ (ဂ)တတိယတွဲ ၊ ရှေးဟောင်းသုတေသန ဦးစီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊  ( ဗြဟ္မာ ဟူသောအမည် စာလုံးကို " ဗြုဟ္မာ၊ ဗြုမ်မှာ၊ ဗရုမ်မှာ၊ဗြုံ၊ ဗရုမ်၊  ပြုမ်မှာ၊ ပြုံမှာ ၊ ပြု ၊ ပြူ၊ ပု၊  မြန်မာ" ဟူ၍  အမည်ပါွး အမျိုးမျိုးဖြင့်ရေးထိုးဖော်ပြ ထားသော  ပုဂံခေတ် မြန်မာကျောက်စာများ)။ 

၈။သောင်းတင်၊ ဦး၊  မြန်မာ အက္ခရာဗေဒ၊ (   သရေခေတ္တရာ နာဂရ မင်းနေပြည်ကြီး ထွန်းကားကြောင်း၊ယင်းနောက်  ပုဂံ မဟာနာဂရ မင်းနေပြည်ကြီး ထွန်းကားကြောင်း၊   ပုဂံ မင်းနေပြည် မဟာနာဂရ ခေတ်တွင်  အေဒီ ၁၀၈ သမုဒရဇ် မင်းမှ စောမွန်နစ်မင်းအထိ  ပုဂံ မင်းဆက် မင်း ၅၁ ပါးရှိကြောင်း ကို  မှတ်တမ်းတင် ဖော်ပြသော ပုဂံခေတ်နှောင်းရေး သင်ပုန်းကြီးဋီကာ ကျမ်း နိဒါန်း ပါဠိစာ )၊ 

၉။ မန္တလေး မဟာမုနိ တံတိုင်းအတွင်းရှိ ..ကျောက်စာများ ပထမတွဲ။  သက္ကရာဇ် ၃၄၆ မှ ၈၄၇ ( အေဒီ ၉၈၄ မှ ၁၄၈၅)၊ သမိုင်းဌာန (သုတေသန) ရန်ကုန်တက္ကသိုလ်။ ၁၉၈၉ခုနှစ် ။ 

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ