ပျော်ဘွယ်မြို့၏ အရှေ့ ၊ ရှမ်းရိုးမ တောင်ခြေရင်းတွင် "ဘိန္နက ပျူမြို့" ဟု ဒေသခံများပြောဆိုနေကြသော ရှေးခေတ်က မြို့ဟောင်းကြီးတမြို့၊ ရှိနေခဲ့သည်ကို 1981 ခုနှစ်ကတည်းကပင် ဆရာကြီး ဦးမောင်မောင်တင် နှင့် တပည့်များအဖွဲ့ က တွေရှိ၊ ဖော်ထုတ်၊ တင်ပြထားခဲ့ ကြဖူးပါသည်။
ဟန်လင်း၊ ဗိဿနိုးနှင့် သရေခတ္တေရာ ပျူမြို့ကြီး (၃) မြို့ တွင် တွေ့ ရှိရတတ်သော ပျူခေတ် ထွန်းကားဖူးခဲ့ကြောင်း သက်သေများဖြစ်ကြသည့် - - -
= လက်စင်းရာပါသော အုတ်ချပ်ကြီးများ
= ကျောက်ရောင်စုံ ပုတီးစေ့ အမျိုးမျိုး
= ဆင်၊ ကျား၊ ခြင်သေ့၊ ငှက်၊ လူရုပ်၊ ငါး စသော အပေါက်ပါသည့် အရုပ်ပုတီးများ
= ပျူခေတ် အမှတ်အသားပါ ငွေဒင်းဂါးများ
= ပျူခေတ်လက်ရာ ရွှေတည်ပစ္စည်းများ
= ပျူခေတ်ဟု မှန်းဆကြည့်နှိုင်သော ဗိသုကာပညာရပ်ဆိုင်ရာ အုတ်ရိုးပန္နက်ရာများကိုလည်း တွေ့ရှိဖော်ထုတ်ခဲ့ကြသည်။
သို့သော် ဤနေရာကား ပျူမြို့ကြီး၏ အုတ်ရိုးနေရာဖြစ်သည်ဟု အတိအကျ ကောက်ချက်ချနှိုင်သော အုတ်ရိုးလက်ကျန် ပန္နက်ရာများကိုမူကား စိတ်ကျေနပ်ဖွယ် မတွေ့ရှိကြရသေးပေ။ အဓိကအချက်တခုမှာ ဗိန္နကရှေးမြို့ရာဟောင်းကြီးကို ဖော်ထုတ်ကြရာတွင် သမိုင်းနှင့် စာပေဆိုင်ရာ မှတ်တမ်းမှတ်ရာများ မကျန်ရှိတော့သဖြင့် "ကွင်းဆင်းလေ့လာခြင်း" တခုတည်းကိုသာ အားကိုး လေ့လာခဲ့ကြရသော အချက်လည်း ပါဝင်ပေသည်။
ကံအားလျှော်စွာ သုတေသီ (ကို)ဗိုလ်ရှိတ် က "ဗိန္နကမြို့နှင့် (၉)ကြော့ (၉)ခေါင်းစစ်တမ်း" ဟူသော ရှားပါးသမိုင်းအထောက်အထားစာတမ်း တစောင်ကို တွေရှိ ထားသောကြောင့် ထိုစာတမ်း၌ ဘိန္နကမြို့နှင့်ပတ်သက်သော ပထမဦးဆုံး ရှေးစာပေ အထောက်အထား သက်သေတခုကို ဖတ်ရှု့လေ့လာခွင့် ရရှိခဲ့ပါသည်။ အဓိကကျသော အချက်များမှာ
= "ကုန်းသာ" အမည်ရှိသော အရပ် ၌ ဘိန္နက ကို မြို့စတည်သည်။
= ပျော်ဘွယ်"ဘိန္နက" မြို့သည် ကျောက်ဆည် "ပင်လယ်"(မိုင်းမော) ပြော့ သိဂ်ဗိုလ် တို့နှင့် လည်းဆက်စပ်မှု့ရှိသည်။
= အုတ်မြို့ရိုး တဖက်လျှင် တာ (၄၀၀) စီ အကွာအဝေး ရှိကြသည်။ (မြို့ရိုးသည် ပင်လယ်မြို့ကဲ့သို့ အဝိုင်းဖြစ်သည်။ ဟံလင်းမြို့ကဲ့သို့ လေးထောင့် ဖြစ်သည် ဟု တိတိကျကျ ဖော်ပြမထား)
= မြိုဝင် တံခါးပေါက် စုစုပေါင်း(၁၀)ပေါက်ရှိသည် ဟူသော မှတ်တမ်းများ ကိုတွေ့ရသည်။
ထို့ကြောင့်
= ဘိန္နက အုတ်မြို့ရိုးသည် တမိုင် ပတ်လည်ခန့် အရွယ်ရှိပေမည်။
= နန်းတော်ရာ၊ အတွင်းအုတ်မြိုရိုးသည် လက်ရှိ ဗိန္နက ရွာ၏ အရှေ့မြောက်ထောင်တွင် ရှိသည်။
= အပြင်မြို၏ အနောက်မြောက်ထောင့်သည် မြောက်မီးကုန်း ရွာ၏ အရှေ့ တောင်ထောင့် ၌ ရှိရမည်။
= တောင်ဖက် အပြင်မြို့ရိုးသည်" ကုန်းသာ" ရွာ အထိ ရှိရမည်
= အရှေ့ဖက်မြို့ရိုးသည် လက်ရှိဖောက်လုပ်ထားသော ခရိုင်ချင်းဆက်လမ်း အတိုင်းဖြစ် နေပေလိမ့်မည် ။
ဟူသော အချက်အလက် အသစ်များကို သိရှိခွင့် ရခဲ့ပါသည်။ ထို့ထက် ပိုမိုတိကျသော အချက်အလက်များကိုမူကား သိပ္ပံနည်းကျ ခေတ်ပေါ် ရှေးဟောင်းသုတေသနပညာရပ်များကို အသုံးပြုသော တူးဖော်မှု့ များကသာ ဆက်လက် ဖော်ထုတ်နှိုင် ကြရမည် ဖြစ်ပါသည်။
- မူရင်းလင့် = https://www.facebook.com/photo/?fbid=2961803860625386&set=a.209592622513204
---------------------------------
"ဘိန္နက မှတ်တမ်း" ပေမူတွင် ဘိန္နက မင်းဆက်ပေါင်း (၈) ဆက်ရှိသည်ဟု နန်းစံ နှစ်များနှင့် တကွ ဖော်ပြထားပါတယ်။
၁ = ဘိန္န က စော်ဘွား
၂ = ဘိန္န ရာဇ်
၃ = ဘိန္န ရာန်
၄ = ဘိန္န ရပ်
၅ = ဘိန္နက ကျည်လုံ
၆ = ဘိန္န ရီ
၇ = ဘိန္နက သေန
၈ = ဘိန္နက ဆိန္ဒ
ထို မှတ်တမ်းစာစုသည် ပုဂံခေတ်ဦး ပြူစောထီးမင်းလက်ထက်မှ ပုဂံခေတ်နှောင်း နရသီဟပတေ့ ( တရုတ်ပြေး) မင်းအထိ သာမက ညောင်ရမ်းခေတ် အထိပင် ပါရှိပါသည်။
ဘိန္နက နောက်ဆုံးမင်း "ဘိန္နကဆိန္ဒ" သည် ပုဂံဘုရင် ကျော်စွာလက်ထက်ဟု ဆိုထားပြန်ရာ၊ ဇာတာတော်ပုံ ရာဇဝင် အရဆိုသော် - - - ပြူစောထီး မင်းမှ စောရဟန်းမင်း အထိ = ၄၇၃ နှစ်၊ ရွှေအုန်းသီးမင်းမှ အနော်ရထာမင်း အထိ = ၃၉၅ နှစ်၊ စောလူး မင်းမှ နရသီဟပတေ့ မင်း အထိ = ၂၄၉ နှစ် ဟု ရေးသားထားသောကြောင့် ထို ပုဂံမင်း အပါး (၅၀) တို့သည် နှစ်ပေါင်း (၁၂၀၀) ခန့်မျှ ကြာမြင့်စွာ အုပ်စိုးခဲ့ကြကြောင်းတွေ့ ရှိရသည်။
ဖြစ်နှိုင်ခြေရှိသည်မှာ စာရင်းပါ မင်း(၈) ပါးတို့သည် ဘိန္နက မြို့၏ ရှေးဦး မင်းဆက်များသာ ဖြစ်ကြပြီး ဘိန္နက မြို့သက်သည်လည်း ပုဂံမြို့သက်နီးပါး ဖြစ်နေလေရာ - - - ဘိန္နက မင်းဆက်ပေါင်း (၅၀) ခန့်၊ ဘိန္နက နန်းသက်ပေါင်း အနှစ်(၁၀၀၀)ခန့် ရှိနေမည်သာ ဖြစ်နှိုင်ပါ လိမ့်မည်။
-----------------------------------------



ပုဂံခေတ် ဘိန္နက
----------------------------
ရှေးဟောင်းသုတေသန ပညာရပ်တွင်
= စာပေ အထောက် အထား နှင့်
= ဝတ္ထုပစ္စည်း အထောက်အထား ဟူ၍ နှစ်ပိုင်း ရှိလေရာ၊
အချို့သည် စာပေအထောက်အထားရှိနေကြသော်လည်း၊ လက်တွေ့ အထောက်အထားကို ရှာမရသေးခြေ။ အချို့နေရာများ၌မူ လက်တွေ့ အထောက်အထားကို တွေ့နေရသော်လည်း၊ ထိုပစ္စည်းနှင့် သက်ဆိုင်သော စာပေအထောက်အထား မရှိခဲ့ပေ။
ဘိန္နကသမိုင်းကို ဒေသခံများ၏ ပါးစပ်သမိုင်းအရ "ပျူခေတ်" ဟု ဆိုထားခဲ့ကြသော်လည်း၊ ဘိန္နက ပတ်ဝန်းကျင်ရှိ ဘိန္နကနယ်မြေကြီး တခွင်လုံး၌ ကျောက်၊ ကြေး၊ သံနှင့် ပျူခေတ်ဆိုင်ရာ သမိုင်းသက်သေ ပစ္စည်းမျိုးစုံတို့ကို တွေ့နေရပေသည်။ ထို့ကြောင့် ထိုဒေသကြီး၌ ပုဂံခေတ်ယဥ်ကျေးမှု့လည်း ထွန်းကားခဲ့ပေမည်ဟု တထစ်ချ ယူဆနှိုင်သည်။
1981 ခုနှစ် ကွင်းဆင်းချိန် အခါက ဘိန္နကရွာ၏ တောင်ဖက်ရှိ ရွှေညောင်ဖူးရွာ၊ ဇေယျသိမ်ကျောင်း၌ ပုဂံခေတ် လက်ရာ ဘုရားဆင်းထုတော်ငယ် နှစ်ဆူနှင့် သီးခြားသွန်းလုပ်ထားသော အရုပ်များပါသည့် ပလ္လင်တော်တလုံးတို့ကို ဖူးတွေ့ခဲ့ရသည်။ ထိုဌာပနာ ပစ္စည်းများမှာ ဇေယျသိမ် ကျောင်းအနောက်ဖက် လယ်ကွင်းထဲရှိ အုတ်ပုံတခုမှ ကြေးခွက် (အခံခွက်နှင့် အဖုံးခွက်) နှစ်ခွက်အတွင်းမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်သည်။ ပုဂံခေတ်နှောင်းလက်ရာဟု ယူဆရသော အဂ်တေပန်းတော့ လက်ရာ အရုပ်ခေါင်းကျိုးများ၊ ကနုတ်ပန်းများကိုလည်း အတူတွေ့ရှိရသည်ဟု ကျောင်းထိုင်ဆရာတော်က မှတ်သားထားခဲ့ပါသည်။ (ဆင်းထုတော်အကြီး၏ ပလ္လင်တော်နောက်ကျော၌ ရှေးကျသော ဒေဝနာဂရီ အက္ခရာနှင့် "ဝိဟာရ" ဟု ရေးထွင်းထားသော စာပါရှိသည်)
ဘိန္နက မှတ်တမ်း ပေမူတွင် - - -
ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တော်၌ ဘိန္နက စော်ဘွား (ဘိန္နကဆိန္ဒ) က ခြားနားသည်ဆိုသောကြောင့် ဘိန္နကသို့ ကိုယ်တော်တိုင်လိုက်ပါ၍ စစ်ချီတော်မူလာခဲ့ရာတွင် - "ညောင်နှစ်ပင် ပူးယှဥ်နေသောမြေရာထက် မြို့ပတ်၍ ဘိန္နကမြို့တွင်သည်။ မွေတော်စစ် (၄)ဆူနှင့် ဘုရားတည်ခဲ့သည်။ ထိုဘုရားကို "ရွှေညောင်ဘူး" ဘုရားတွင်၏ " ဆိုပြီးဖတ်ရှု့ သိရှိရသောကြောင့် ရွှေညောင်ဖူးရွာ၊ ဇေယျသိမ်ကျောင်းမှ ကြေးဆင်းထုတော်နှစ်ဆူတို့သည်၊ ဘိန္နက သို့ စစ်ချီတော်မူလာသော အနော်ရထာမင်းကြီး၏ ကုသိုလ်တော်ဖြစ်သည် ဆိုသော အချက်ကို - -
စာပေ အထောက်အထားသာမက လက်တွေ့ ဝတ္ထုပစ္စည်း အထောက်အထား နှစ်ခုစလုံးတို့ပါ စုံညီစွာဖြင့် တွေ့ရှိ၊ မှတ်တမ်းတင်ခွင့် ရရှိလိုက်ပေတော့သည်။
- မူရင်းလင့် = https://www.facebook.com/win.maung.184/posts/pfbid035ztuzeXfzfsGM5HxKLY5jYpkv9r15htK3vpXzwytj4jo5ys1msMSAYP52AuKtzUdl
-----------------------------------------



ဘိန္နကမြို့ သမိုင်းမှတ်တမ်း ပေမူကို စတွေ့သော အချိန်တွင် ဆရာဗိုရှိတ် က ပေစာထဲ၌ မှတ်သားထားခဲ့သော "ဘိန္နက" တဝိုက်ရှိ ရန်နောင်၊ ညောင်ရမ်း၊ လှိုင်းတက်၊ ဘဒ္ဒ(ဘဏ္ဍာ)၊ ဝတီး၊ ပျဥ်ပျား၊ မြင်းနား၊ ရွေမြင်တင် (တောင်)၊ ရွှေညောင်ဖူး၊ ကုန်းသာ၊ ကြက်မြှိုက် စသော ကျေးရွာ အမည်များသည် "ယနေ့တိုင် ရှိနေကြပါသေးလား "ဟု လှမ်းမေးရာ "ရှိနေကြပါသည်" ဟုသာ အလွယ်တကူ ပြန်အဖြေပေးလိုက်ပါသည်။
သို့သော် ကြိုက်မြှိုက် (ကြက်မြှိုက်) စေတီဆိုသည်ကိုမူ တိတိကျကျ ကျနော် မသိသေးပေ။ အခေါက်ခေါက် အခါခါ သွားခဲ့ဖူးသော ဘိန္နက ခရီးသွား သုတေသန မှတ်စုများကို ပြန်ကြည့်ဖြစ်သော အခါမှ အနော်ရထာမင်းကြီးလက်ထက်တော်အခါက တည်ထားတော်မူခဲ့သည်ဟု ညွှန်းဆိုထားသော "ကြက်မြှိုက်" စေတီတော်ကြီးဆိုသည်မှာ ကျောက်ဆည်ကန်တော်၏ မြောက်အရပ်ရှိ "ဘုရားကြီး" ကျေးရွာ၏တောင်ဖက်ရှိ "ဘုရားကြီးစေတီ" ဟု အလွယ်ခေါ်ဆိုနေကြသော စေတီဟောင်း အုတ်ကုန်းကြီးသာဖြစ်ကြောင်းသိရပါတော့သည်။
ပြည်မြို့ ဘုရားကြီးစေတီတော်ပုံကဲ့သို့ "ဝါဖန့်ခြင်း" ပုံ ရှိသော ရှေးဟောင်းဘုရားပျက် အုတ်ကုန်း မြင့်မြင့်ကြီးထိပ်၌ နှောင်းခေတ်မှ ထပ်ဆင့်တည်ထားသော (စေတီအထွတ်တင် တန်ခွန်တိုင်) တင်ထားသော စေတီဟောင်းကြီး တဆူဖြစ်သည်။ ထိုအနီးအနားတဝိုက်မှ ပျုအုတ်များထက် အရွယ် အနည်းငယ်သေးသော လက်ရေး စာလုံးအက္ခရာမျာပါသည့် အုတ်ခဲများ ကိုတွေ့နှိုင်ပေသည်။ ပေစာမှတ်တမ်း၌မူ - -
အနော်ရထာမင်းကြီးသည် ဘိန္နက သို့စစ်ချီလာတော်မူရာတွင် ရွှေညောင်ပူး ဘုရားအနီး တနေရာတွင် ရဲမက်တို့သည် "ကြက်" ကိုမီးမြှိုက်၍ နေကြသော နေရာတွင် ဘုရားတဆူတည်ထားခဲ့ပြီး ကြိုက်မြိုက်ဘုရား တွင်သည် ဟု ရေးသားထားပါသည်။
- မူရင်းလင့် = https://www.facebook.com/win.maung.184/posts/pfbid02JBA8dHfFMSeF5P5mn7Yj7a5C5szAEfLZQPCPhQGCxFskm9nN4tDQDxR78R3mwiyTl
----------------------------------
Comments
Post a Comment