အနော်ရထာ သာသနာ ဘယ်မှာပြုတာလဲ

 #Ko Tun Thike






အုတ်ခွက်ဘုရားနဲ့ ကျောက်စာများအရ အနော်ရထာမင်းကြီးဟာ သက္ကတဘာသာ၊ ပါဠိဘာသာ၊ တလိုင်း (ဝါ) ရှေးဟောင်းမွန်ဘာသာ၊ ပျူခေါ် ရှေ့ဟောင်းမြန်မာဘာသာ၊ ပုဂံခေတ် မြန်မာဘာသာ မြန်မာစာတို့ကို မြန်မာအက္ခရာနဲ့  အသုံးပြုရေးထိုးခဲ့တယ် ဆိုတာတွေ့ကြရမှာပဲ ဖြစ်ပါတယ်။

သက္ကတဘာသာ၊ မာဂဓဘာသာတို့ဟာ ဗုဒ္ဓမပွင့်ခင်ကတည်းက အသုံးပြုနေကြတဲ့ ဘာသာပဲဖြစ်ပါတယ်။ မာဂဓဘာသာကိုပဲ ဗုဒ္ဓဟောကြားသည့်အတွက် ပါဠိဘာသာဟုခေါ်ပါသည်။ ပါဠိ သက္ကတတို့ကို နှုတ်ကပြောရင် စကားဖြစ်ပြီး၊ ကျောက်ထက်၊ ပေထက်၊ အုတ်ခွက်ဘုရားထက်တို့မှာ တင်တဲ့အခါ စာပေပေါ့။ ဒါကြောင့် ပုဂံခေတ်က စာပေနဲ့ ကိုးကွယ်မှုဆိုင်ရာ ဘာသာတရား ယဉ်ကျေးမှုများ နှင့် ဗိသုကာ၊ စဉ့်အတတ်ပညာ၊ သတ္တုကျိုချက် သွန်းလောင်းခြင်း အတတ်ပညာ အစရှိသည်တို့ ထွန်းကားလျက်ရှိပြီးဖြစ်သည်။

အေဒီ ၇ ရာစုမှာ တရုတ် ခရီးသွားဘုန်းတော်ကြီးများက သူတို့ရဲ့ ခရီသွားမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါကို တရုတ်ဘာသာဗေဒ ပညာရှင် E. H. Paker က ယခုလို ပြန်ဆိုထားပါတယ် - 

"The people cut their hair at seven years of age, and enter a monasty. If at tha age of twenty they have not grasped the doctrine, they become lay people again."

⚜  E. H. Paker ရဲ့ ပြန်ဆိုချက်အရ -

ပျူတွေဟာ အသက် ၇ နှစ် ပြည့်တာနဲ့ ကလေးတွေ (ယောက်ကျားလေး ရော မိန်းကလေးရော) ကို ဆံဖြတ်ပြီး ဘုန်းကြီးကျောင်းပို့ကာ ရှင်ပြုပေးခဲ့ကြပါတယ်။ အသက် ၂၀ ပြည့်တဲ့အခါ သာသနာ့ဘောင်မှာ ဆက်လက် မနေနိုင်သူတွေက လူထွက်ပြီး သာမန်လူသားဘဝနဲ့ နေထိုင်သွားကြတယ်လို့ ဆိုပါတယ်။

#(AD. 7  ရာစု တရုပ်ဘုန်းတော်ကြီးရဲ့မှတ်တမ်းဟာ AD.၁၁ ရာစုအနော်ရထာထက် နှစ်ပေါင်း ၄၀၀ လောက်စောပါတယ် ။ အဲ့ဒီအချိန်ထဲက ပုဂံနိုင်ငံမှာ သာသနာရှိနေပါတယ် ။)

AD 7 ရာစု ဆိုတာ တတိယပုဂံခေတ်ကို ရောက်နေပါပြီ။ (BC 206 - AD 25) မှာ အဆုံးသတ်တဲ့ ဟန်မင်းဆက် ရာဇဝင်ဟောင်း ဖြစ်တဲ့ Han Shu ကျမ်းထဲမှာကတည်းက ပုဂံကို Pizong, Bisong & Piqian  ဆိုတဲ့ အမည်များနဲ့ ဖုကန်တုလုနဲ့ အတူ မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ မြန်မာရာဇဝင်များအရလည်း ပုဂံဟာ အေဒီ ၂ ရာစုမှာကတည်းက မင်းနေပြည်တော်ဖြစ်ကြောင်း ဖော်ပြထားခြင်းကြောင့် တရုတ်ဘုန်းတော်ကြီးများရဲ့ AD 7 ရာစု ပျူနိုင်ငံဆိုတာ ပုဂံမင်းနေပြည်တော်သာဖြစ်ပါတယ်။  

အထက်က တရုတ်ခရီးသွား ဘုန်းတော်ကြီးများရဲ့ ခေတ်ပြိုင်မှတ်တမ်းများအရ ရှေးမြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သင်ကြားရေးစနစ်ဆိုတာ ယနေ့အခေါ် ဘက ကျောင်း ပညာရေး စနစ်ပဲ ဖြစ်ပါတယ်။ ပျူတွေဟာ အသက် ၇ နှစ်ကနေ အသက် ၂၀ အထိ ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ရင်း ဝေယျာဝစ္စပြုလုပ်ကာ နေထိုင်ကြရပါတယ်။ အဲ့လို နေထိုင်ရင်း ဗုဒ္ဓစာပေများ သင်ယူကျက်မှတ်ရသလို လောကီဆိုင်ရာ ပညာများလည်း သင်ယူကြရပါတယ်။ အနည်းဆုံး စာရေးစာဖတ်တတ်ခြင်းနှင့်အတူ သြကာသ ကန်တော့ကြိုး၊ ပရိတ်ကြီး ၁၁ သုတ်၊ ပဌာန်း နဲ့ သြဂိုလ် ကိုးပိုင်း ခေါ် ဗုဒ္ဓအဘိဓမ္မာ တို့ကို နားလည် တတ်ကျွမ်းကြပါတယ်။ 

ဘုန်းတော်ကြီးသင်ကျောင်းများဟာ နိုင်ငံသူ နိုင်ငံသားများအတွက် လောကီ၊ လောကုတ္တရာပညာများ သင်ကြားပေးရာ ဌာနလည်း ဖြစ်ပါတယ်။ ရှေးက ဘုရင်၊ မင်းညီမင်းသား၊ မူးကြီးမတ်ရာနှင့် အသည်သား အစရှိသည့် တိုင်းပြည်အုပ်ချုပ်သူ မင်းကအစ သာမန်ပြည်အဆုံး အားလုံးဟာ ဘကကျောင်းထွက်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရှေးကမြန်မာတွေဟာ ဘာသာယဉ်ကျေးမှုအသိ မြင့်မားကြပြီး စွမ်းဆောင်ရည် မြင့်မားကြခြင်း ဖြစ်ပါတယ်။ ပျူခေတ်ကတည်းက ရှိခဲ့တဲ့ ဘကကျောင်း သင်ကြားရေးစနစ်ဟာ ဗြိတိသျှတွေ မြန်မာပြည် မသိမ်းမီအချိန်အထိ အစဉ်အဆက်ရှိခဲ့ပါတယ်။ ကိုလိုနီခေတ်ရောက်မှသာ ဗြိတိသျှ အစိုးရကျောင်း သင်ကြားရေး စနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဘကကျောင်းသင်ကြားရေးစနစ်ဟာ မြန်မာပြည်ရဲ့ စာပေ ယဉ်ကျေးမှုနဲ့ ဘာသာ သာသနာအတွက် အလွန်ကျေးဇူးကြီးမားခဲ့ပါတယ်။ 

ဒီလို ခေတ်အဆက်ဆက် စာပေနဲ့ ယဉ်ကျေးမှု လက်ဆင့်ကမ်း သင်ကြားရေး စနစ် ရှိခဲ့သည်နှင့် အညီ မြန်မာရာဇဝင်များမှာ ဖော်ပြထားချက်အရ အေဒီ ၁ ရာစု သရေခေတ္တရာပျက်တဲ့အခါ ရှေးမြန်မာတွေက ပုဂံမှာ ပြန်လည်စုစည်းခဲ့ပြီး နိုင်ငံတော်ကို ပြန်လည် ထူထောင်ခဲ့ကြပါတယ်။ ထိုသို့ ပုဂံနိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်တဲ့အခါ ဘာသာ စာပေယဉ်ကျေးမှုနဲ့၊ အတတ်ပညာတို့က သရေခေတ္တရာက အမွေရယူခဲ့ခြင်းကြောင့်သာ ပြန်လည်ထူထောင်နိုင်ခြင်းပင် မဟုတ်ပါလား။ 

ဒါကြောင့်သာ သြစတေးလျသမိုင်းပညာရှင် မစ္စတာ ဘော့ဟဒ်ဆန်က အခုလို မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ပါတယ် -

Thus, the alleged connection conventionally made between a Mon lower Burma and the civilization of Pagan can not be supported by the evidence. Instead, the focus should be the importance of the Pyu and their traditional ritual centers as critical foundation for Pagan's expansive eleventh - century monarchy.

(Hudson - 2001)


သမိုင်းပညာရှင် Hudson က အစဉ်အလာအရစွပ်စွဲနေသလို  ပုဂံမင်းနေပြည်တော် သို့ အောက်မြန်မာပြည် မွန်တို့ထံမှ စာပေနှင့်ယဉ်ကျေးမှု ရောက်ရှိခြင်းကြောင့် လူမှုဘဝယဉ်ကျေးမှု တိုးတက်မြင့်မားလာတယ်ဆိုတာ  ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိပါဘူး။ အဲ့ဒီအစား အမှန်တကယ်အားဖြင့် ပျူ နှင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များကသာ အဓိကအုတ်မြစ်ဖြစ်ပြီး ၁၁ ရာစု သက်ဦးဆံပိုင် ပဒေသရာဇ် ပုဂံနိုင်ငံတော်ကြီး ထွန်းကားစည်ပင်လာခြင်းအတွက် အဓိကအရေးကြီးတဲ့ ဗဟို အချက်အချာဆုံမှတ်ဖြစ်တယ်လို့ ဆိုပါတယ်။  

သီဟိုဠ်သမိုင်းဆရာများရေးသားသော "Buddhism in Thailand" ထိုင်းဗုဒ္ဓသာသနာ စာတမ်းတွင်လည်း အခုလို ဖော်ပြထားပါတယ် -

အနော်ရထာမင်းကြီး နန်းမတက်ခင်အေဒီ ၁၀၀၂ - ၁၁၈၂ ခုနှစ်တွေမှာ ကေ မ္ဘာဒီးယားက ခမာမင်း ဆာယာဝါမန်မင်းဆက် တန်ခိုးထွား အုပ်ချုပ်နေတဲ့ အချိန်ဖြစ်တယ်လို့ဆိုပါတယ်။ 

ထိုခမာမင်းတွေဟာ ကမ္ဘောဒီးယားသာမက ယနေ့ထိုင်းနိုင်ငံ တစ်ပြည်လုံး (ဒွါရဝတီအပါအဝင်) ကို သိမ်းပိုက်အုပ်ချုပ်ခဲ့ပါတယ်။ ထိုမင်းဟာ မဟာယာနနဲ့ ဗြာဟ္မဏရောနှောကိုးကွယ်မှုကို အကြီးအကျယ် အားပေးထောက်ပံ့သူဖြစ်ပါတယ်။ ထိုမင်းလက်ထက် မြောက်ပိုင်းအယူဝါဒနှင့်သက်ဆိုင်သော ကျောင်းများ တည်ထောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ တဝှမ်းလုံးနဲ့ လာအိုနိုင်ငံတို့ဟာ ထိုအချိန်က ထေရဝါဒ ကွယ်ပျောက်နေပြီ ဖြစ်ပါတယ်။ 

     💢 အေဒီ ၁၀၅၇ ခုနှစ်မှာ အနော်ရထာမင်းကြီးသည် မြန်မာပြည် အလယ်ပိုင်း ပုဂံကနေ မြန်မာတစ်ပြည်လုံးကို အာဏာစက်ဖြန့်ကျက်ခဲ့ပါတယ်။ ထိုသို့ မြန်မာပြည်တစ်ပြည်လုံးကို အာဏာစက်ဖြန့်ကျက် စုစည်းပြီးတဲ့အခါ သူရဲ့နယ်မြေကို ထိုင်းနိုင်ငံအထိ ချဲ့ထွင်ခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဖြစ်တဲ့ ချင်းမိုင်၊ လော့ဘူရီ နဲ့ နခွန်ပထုံ ဒေသတွေဟာ အနော်ရထာမင်းကြီး လက်အောက်ရောက်ခဲ့ရပါတယ်။

      💢 အနော်ရထာမင်းကြီးလက်ထက် သူ့ရဲ့ လက်အောက်ခံ ဖြစ်နေတဲ့ ထိုင်းနိုင်ငံတဝှမ်းဟာ မြန်မာ ထေရဝါဒသာသနာ ကိုးကွယ်မှု အလေ့အထကို လက်ခံခဲ့ရပါတယ်။ မြန်မာထေရဝါဒ သာသနာ အကြီးအကျယ် လွှမ်းမိုးခြင်းကို ခံရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနေရာများနဲ့ မြန်မာပြည်နှင့် ထိကပ် နီးစပ် လျှက်ရှိတဲ့ နယ်မြေတွေဟာ မြန်မာသာသနာရဲ့ အကျိုးကို ပိုခံစားရပါတယ်လို့ ဆိုပါတယ်။

       (Buddhism in Thailand)

💢 ပညာရှင်များ၏ သတ်မှတ်ချက်အရ အနော်ရထာမင်းကြီးရဲ့ နန်းတက်နှစ်ဟာ AD 1044 မြန်မာသက္ကရာဇ် ၄၁၆ ခုနှစ်ဖြစ်ပါတယ်။ သမိုင်းကထိက ဆရာကြီးဦးသက်တင်ရဲ့ ပဲခူးကိုးသောင်းစေတီနှင့် ကိုးသောင်းဘိက္ခုနီကျောင်း သမိုင်း အရ သထုံဟာ အနော်ရထာမင်းကြီး နန်းမတက်ခင်ကတည်းက ခမာလက်အောက်ကို ကျရောက်နေပြီးဖြစ်ပါတယ်။ အနော်ရထာမင်းကြီး နန်းတက်တဲ့ နှစ် သက္ကရာဇ် ၄၁၆ ခုနှစ်မှာပဲ ခရွမ် ခေါ် ဂျွမ်းစစ်သည်တွေက သထုံကိုကျော်လာပြီး ဥဿပဲခူးကို လာဝိုင်းထားပြီဖြစ်ပါတယ်။ ထို ခရွမ်ခေါ် ဂျွမ်းစစ်သည်တွေက ပဲခူး ကိုးသောင်းကျောင်းက ဘိက္ခုနီ ရဟန်းမ အငယ်ရွယ် နဲ့ အလတ်ရွယ်တို့ကို မယားပြု ဖမ်းဆီးသွားခဲ့ကြပါတယ်။ ဒါကြောင့် ပဲခူးဘုရင် ဗောင်းတော်ရှည်ဟာ ဒဂုံကို တိမ်းရှောင်ပြီး အနော်ရထာမင်းကြီးထံ စစ်ကူတောင်းခံရခြင်း ဖြစ်ပါတယ်။ 

     💢 ဒါကြောင့် အနော်ရထာမင်းကြီးက စစ်သူကြီးကျန်စစ်သား ကို ဦးဆောင်စေပြီး ဆင်တပ်၊ မြင်းတပ် အလုံးအရင်းနှင့် ပဲခူးကို စစ်ကူစေလွှတ်ပြီး ခရွမ် ခေါ် ခမာတပ်တွေကို နှိမ်နင်းစေခဲ့ပါတယ်။

        ဒီအကြောင်းကို ဆရာကြီး ဦးငြိမ်းမောင်၏ ရှေးဟောင်းမြန်မာကျောက်စာများ (တတိယတွဲ)၊ သက္ကရာဇ် ၆၇၈ ခုနှစ်ထိုး မန္တလေးနန်းတွင်းကျောက်စာရုံအမှတ် ၃၈၉ မှာ - 

     "... ပုကံရွာထက် တန်ခိုဝ်ဖုန်တန်ကြိသော အနောရထာမင်စဝ်၏ စစ်သုကြိ ကလန်စဿာ၊ ငထွေရူ၊ ငလုံမ်လက်ဖယ်၊ ညောင်ဥဖီ မြင်း၊ ဆင်၊ ဥဿပြည်ကိုဝ် စစ်ကူလေရုယ် ..." ဟူ၍ရေးထိုးထားပါတယ်။

         ဒီကျောက်စာပါ အထောက်အထားကြောင့် သထုံမင်း မနုဟာနဲ့ အနော်ရထာမင်းကြီး စစ်ဖြစ်တာမဟုတ်ဘဲ ဂျွမ်းစစ်သည်တွေ သထုံကိုသိမ်းပြီး ပဲခူးကို လာဝိုင်းခြင်းကြောင့် ဥဿကို စစ်ကူပို့ပြီး ဂျွမ်းစစ်သည်များကို နှိမ်နင်းကာ သထုံကို ပြန်လည် သိမ်းပိုက်ခဲ့ရခြင်းဖြစ်ပါတယ်။

     💢 မြန်မာကောဇာ သက္ကရာဇ် ၄၁၉ ခုနှစ် AD 1057 ခုနှစ်မှာ အနော်ရထာမင်းကြီးကိုယ်တိုင် ဆင်းလာပြီး အောက်မြန်မာပြည်နှင့်တကွ ခမာမင်းတွေ အုပ်ချုပ်နေတဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ လော့ဘူရီ၊ နခွန်းပထုံ အစရှိတဲ့ ဒေသတွေကိုပါ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ခမာမင်းတွေဟာ မဟာယာနနဲ့ ဟိန္ဒူ အယူ ရောနှောကိုးကွယ်မှုကို အားပေးသူများဖြစ်ခြင်းကြောင့် အနော်ရထာမင်းကြီးက သူ့လက်အောက်ခံ ဖြစ်သွားတဲ့ ဒေသများကို ထေရဝါဒ ဗုဒ္ဓသာသနာ ဖြန့်ဝေပေးပြီး သာသနာပြုခဲ့ရပါတယ်။ အဲ့ဒိနောက် အေဒီ ၁၂ - ၁၃ ရာစုခန့်မှာ ခမာမင်းတွေ တိုက်ထုတ်လို့ မွန်တွေ မြန်မာပြည်အောက်ပိုင်းကို စစ်ဘေးရှောင် ဝင်ရောက်လာခဲ့ကြရပါတယ်။ ဒါကို ဒေါက်တာနိုင်ပန်းလှက ဟရိဘုဉ္စခေါ် လန်ဖုန်းကနေ ဝမ်းရောဂါ ရှောင်တိမ်းရန်အတွက် မြန်မာပြည်ကို ဝင်ရောက်လာတာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒွါရဝတီဘက်က မွန်တွေဟာ အများအားဖြင့် မဟာယာနနဲ့ ဟိန္ဒူအယူရှိကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ကိုးကွယ်ရာကို "ကျာက်" လို့ ခေါ်ဝေါ်ကြပါတယ်။ "ကျာက် ဆိုတာ မဟာအတ္တကြီး၊ မဟာဝိဉာဏ်တော်ကြီး သို့မဟုတ် မဟာဗြာဟ္မာကြီး သို့မဟုတ် ဖန်ဆင်းရှင်ကို ရည်ညွှန်ခြင်းဖြစ်ပါတယ်။ ထိုမွန်တွေဟာ မြန်မာပြည်ကိုရောက်လာတဲ့အခါ ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြပြီး ဗုဒ္ဓ ဘုရားရှင်ကို "ကျာက် ဟူ၍ ရှေးက ကိုးကွယ်မှု အခေါ်အဝေါ်အတိုင်း ခေါ်ဆိုကြပါတယ်။ ထိုသို့ သုံးစွဲခြင်းကို ပုဂံခေတ် ရှေးမွန်ကျောက်စာနဲ့ အုတ်ခွက်ဘုရားများမှာ တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် လင်းဇင်ခေါ် လာအို၊ ချင်းမိုင်၊ လော့ဘူရီ နဲ့ ဒွါရဝတီ အစရှိတဲ့ အရပ်ဒေသတွေဟာ အနော်ရထာမင်းကြီးကျေးဇူးကြောင့် ထေရဝါဒဗုဒ္ဓသာသနာ ကိုးကွယ်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ အနော်ရထာမင်းကြီးကသာ ဘာသာ သာသနာနှင့် စာပေ ယဉ်ကျေးမှုများ ဖြန့်ဝေပေးခဲ့ရတာ ဖြစ်ပါတယ်။

      💢 ဒါကြောင့်လည်း "သမိုင်းပညာရှင် Quaritch Wales (ကွာရစ်ချ် ဝေးလ်စ်) က ဟရိဘုဉ္စနိုင်ငံမှ ဝင်ရောက်လာသော မွန်တို့ကြောင့် သထုံသို့ ထေရဝါဒ ဗုဒ္ဓဘာသာ ရောက်ရှိပြန့်ပွါးခြင်းမဟုတ်။ ယင်း မွန်တို့ယူဆောင်လာသည်မှာ မဟာယာနနှင့် ဟိန္ဒူ အယူအဆများသာ ဖြစ်သည် လို့ ဆိုပါတယ်။

     (ဒေါက်တာထင်အောင် - ပုဂံမပျက်မီ မြန်မာ့သမိုင်း)

     💢 ထို့ပြင် "မွန်စပါယ်ရှယ်လစ် မွန်သမိုင်းပညာရှင် ပြင်သစ်ဆရာကြီး ဂီယွန် (Gion) ကလည်း အောက်မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများသို့ ဒွါရဝတီယဉ်ကျေးမှု ရောက်ရှိကြောင်း အထောက်အထားမတွေ့ရှိရပါလို့ ဆိုပါတယ်။ အမှန်တကယ်လည်း ပုဂံဗိသုကာ စေတီလိုဏ်ဘုရား၊ သိမ် တို့၏ ရှေ့ပြေး ဗိသုကာ၏ ဆရာဟုပြောရန် အောက်မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများဖြစ်ကြတဲ့ ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ သထုံ၊ မုတ္တမ၊ သံဖြူဇရပ် အစရှိသည့် ဒေသများမှာ ဒွါရဝတီ မွန် ဗိသုကာဟန် စေတီလိုဏ်ဘုရား၊ သိမ်၊ ကျောင်း တစ်ခုမှ ပြနိုင်စရာမရှိပါ။ အထောက်အထားမတွေ့ရပါ။

     (ဘုန်းတင့်ကျော် - နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း)

🇨🇳  ထို့ပြင် တရုတ်နန်းတွင်း ပညာရှင်များ ဖြစ်ကြတဲ့ Ouyang Xiu နှင့် Song Qi တို့ပြုစုပြီး AD 1060 မှာ အပြီးသပ်ခဲ့တဲ့ ထန်မင်းဆက်ရာဇဝင်သစ်မှာ - 

      ပျူနိုင်ငံရဲ့ သံအဖွဲ့ဟာ ယူနန်မှတဆင့် ထန်မင်းနေပြည်တော်ကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အနော်ရထာမင်းကြီးနဲ့ သူ့ရဲ့ သံအဖွဲ့ ယူနန်နယ်ကိုရောက်ခဲ့ကြောင်း အထောက်အထားလည်းဖြစ်ပါတယ်။ ထို ပျူနိုင်ငံတော်ရဲ့ သံအဖွဲ့ဟာ ထန်မင်းနေပြည်တော်ကနေ ပြန်လာပြီး ယူနန်မှတဆင့် ပျူနိုင်ငံကို ဖြတ်ပြီး အိန္ဒိယဘက်ကို ဆက်သွားခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ အာသံမဏိပူရ ဘက်ကို ဆက်သွားခဲ့ခြင်းကို ရည်ညွှန်းတာဖြစ်ပြီး ထိုမှ တဆင့် အောက်ဘက်ကို ဆင်းလာပြီးလျှင် ရခိုင်ကို အနော်ရထာမင်းကြီးနှင့်အဖွဲ့ ရောက်ရှိခဲ့ပါတယ်။ အင်းစောက်ရာဇဝင်ဖော်ပြချက်အရ အနော်ရထာမင်းကြီးက ရခိုင်မှာ "သိမ်အသစ်ပြုတည်ဆောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အနော်ရထာမင်းကြီးက ရခိုင်ကို ထေရဝါဒ ဗုဒ္ဓသာသနာ ပြုပေးခဲ့ခြင်း ဖြစ်ပါတယ်။

✴ အာနန္ဒစန္ဒြားမင်းကျောက်စာအရ ဝေသာလီမှာ  စန္ဒြားမင်း ၃ အုပ်စု အုပ်ချုပ်ခဲ့ပါတယ်။ (1)  ဒေဝံစန္ဒြား ဗဟုဗလီ ဗလ ဒေဝ ဘူမိ နီတိစန္ဒြားအုပ်စု၊ (2) အာနန္ဒစန္ဒြားမင်း မြေး အဖိုး အုပ်စု နဲ့ (3) မဟာတိုင်းစန္ဒြား၊ သံဃစန္ဒြား၊ စူဠစန္ဒြား အုပ်စု။ ထို စန္ဒြားမင်းတွေဟာ ဗြာဟ္မာဏ၊ မဟာယာနဲ့ ဟိန္ဒူအယူ ရောနှော ကိုးကွယ်သူတွေသာ ဖြစ်ပါတယ်။ ဒါကြောင့်ရခိုင်ကို အနော်ရထာမင်းကြီးက ထေရဝါဒဗုဒ္ဓသာသနာ ပြန်ပြုပေးခဲ့ရတယ်ဆိုတာ ငြင်းမရပါဘူး။

 ထို့အတူပါပဲ အနော်ရထာမင်းကြီးနှင့် ခေတ်ပြိုင် ပထမဝိဇယဗာဟုမင်း [အေဒီ ၁၀၅၈-၁၁၁၄] ၏ ကျောက်စာ နှင့် ဓမ္မကိတ္တိ မထေရ် ၏ အေဒီ ၁၃ ရာစုရေး စူဠ ဝံသကျမ်းပါ အရ သီဟိုဠ်မှာ စောဠကုလားများနှိပ်စက်ခြင်းကြောင့် ဗုဒ္ဓသာသနာ မှေးမှိန်ယုတ်လျော့နေခြင်းကို ပိဋကစာတတ် သံဃာတော် အရှင်သူမြတ်များစေလွှတ်ပေးခဲ့ပြီး သာသနာကို ပြန်လည် ထွန်းပစေခဲ့ရပါတယ်။ 

     💢 သီဟိုဠ် ဝိဇယဗာဟုမင်းကျောက်စာ မှာ Arumana အရုမနပြည့်ရှင် အနုရုဒ္ဓမင်းသားထံ ဘာသာရေးအကူအညီတောင်းခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

💢 အချုပ်အားဖြင့် ဆိုရလျှင် မြန်မာပြည်မှာ ရှေးကတည်းက သို့မဟုတ် ခေတ်ပြိုင်မှတ်တမ်းအနေနဲ့ အေဒီ ၇ ရာစုကတည်းက ထေရဝါဒသာသနာကို အခြေခံတဲ့ ဘကကျောင်းသင်ကြားရေးစနစ် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ မြန်မာတွေရဲ့ စာပေယဉ်ကျေးမှုဆိုတာ ဘယ်သူဆီကမှ ယူခဲ့တာမဟုတ်ပါဘူး။ ရှေးဘိုးဘတွေ ထံကနေသာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သင်ယူလာခဲ့ကြခြင်း ဖြစ်ပါတယ်။ အမှန်တကယ်အားဖြင့် ပုဂံခေတ် အနော်ရထာမင်းကြီးကသာ ဘာသာ သာသနာနှင့် စာပေယဉ်ကျေးမှုတို့ကို မြန်မာပြည် အလယ်ပိုင်းကနေပြီး မြောက်ဘက် ယူနန်နဲ့ ရှမ်းပြည်တလွှာ၊ အနောက်ဘက် ရခိုင်ပြည်၊ တောင်ဘက် အောက်မြန်မာပြည်နဲ့တကွ သီဟိုဠ် နှင့်အတူ အရှေ့ဘက် လင်ဇင်း၊ ဇင်းမယ်၊ လော့ဘူရီ၊ ဒွါရဝတီ၊ အစရှိတဲ့ အရပ်တွေကို ဖြန့်ဖြူး သာသနာပြုပေးခဲ့ခြင်းဖြစ်ပါတယ်။ ကိုလိုနီ သမိုင်းဆရာတွေ လုပ်ဇာတ်ခင်းသလို အနော်ရထာမင်းကြီးဟာ စာမတတ် ပေမတတ် သာသနာလုသူမဟုတ်ပါဘူး။ သာသနာပြု ဧကရာဇ်မင်းတစ်ပါးသာ ဖြစ်ပါတယ်။ ရွှေ့ပြောင်း ဒုက္ခသည်တွေဆီက စာပေနဲ့ ယဉ်ကျေးမှု ပြန်လည်သင်ယူရမယ့် သူ မဟုတ်ပါဘူး။ ပုဂံအင်ပါယာကနေသာ စာပေ ယဉ်ကျေးမှုများ ဖြန့်ဖြူးပေးခဲ့ရခြင်းသာ ဖြစ်ပါတယ်။

    ကျေးဇူးရှိသူကို ကျေးဇူးရှင်မှန်း သိနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ။

#Ko Tun Thike

(Sat, 2nd ,2021)ရေးသားသော သမိုင်းအမှန်မှ ကောက်နှုတ်တင်ပြပါသည်။

#သကျမျိုးဓမ္မပျိုးခင်း

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ