အနော်ရထာအရင်က မြန်မာစာ

ဗုဒ္ဓဂယာ မဟာဗောဓိစေတီတွေ့  မြန်မာ(ဗမာ)ဘာသာထိုး ကမ္ဗည်းစာများပါ သက္ကရာဇ်များကို ဆုံးဖြတ်ခြင်း

ကျော်သွင် (modernist)

(လုံးဝ ကူးယူခွင့် မပြုပါ)












အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အတွင်းက ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မှာ မြန်မာဘာသာထိုး ကမ္ဗည်းမှတ်တမ်းနှစ်ခုကို တဆယ့်ကိုးရာစု အစောပိုင်းတွင် တွေ့ရှိခဲ့ရပါတယ်။ ဒီကမ္ဗည်းစာတွေကို ပုဂံပြည်က စေလွှတ်တဲ့ သာသနာပြုသုံးဖွဲ့က မှတ်တမ်းတင် ချန်ထားခဲ့တာ ဖြစ်ပါတယ်(Aung Thwin , pp 186-7) 

ပထမဆုံး သာသနာပြုအဖွဲ့က ကြေးသတ္ထုနဲ့ ပြုလုပ်ပူဇော်ထားတဲ့ ထီးတော်အရွက်မှာ မှတ်တမ်း ရေးထိုးထားခဲ့ပါတယ်။ ဒီ ကြေးပြားထီးရွက်ကို အခုခေတ် မြေပြင်ရဲ့အောက် ရှစ်ပေအနက်က တူးဖော် ရရှိခဲ့တာပါ။ ဒီကြေးပြားထီးရွက်မှာ ရှေးမြန်မာဘာသာ Old Burmese နဲ့ စာကြောင်းတကြောင်း ပါတယ်။ ဒီထီးရွက်ကြေးပြားစာ တရွက်ထည်းမှာပဲ ရှေးမြန်မာဘာသာ Old Burmese စာတန်းအောက်မှာ ထင်ရှားတဲ့ အိန္ဒိိယ ရှေးသုပညာရှင် ကျောက်စာပညာရှင် ဆာအလက်ဇန္ဒား ကန်နင်ဂန်၏ အဆုံးအဖြတ်အရ အလယ်ခေတ်သုံး နာဂရီလို့ သတ်မှတ်တဲ့ အက္ခရာနဲ့ ထိုးထားတဲ့ စာကြောင်းနှစ်ကြောင်း ပါသေးတယ်။ 

ရှေးမြန်မာဘာသာထိုးက တကြောင်း၊ အလယ်ခေတ် နာဂရီထိုးက နှစ်ကြောင်း စုစုပေါင်း စာကြောင်း သုံးကြောင်း ပါပါတယ်။ ဒီ ဆာ အလက်ဇန္ဒား ကန်နင်ဂန်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ ဗြိတိသျှ စစ်ဗိုလ်ချုပ်၊ အင်ဂျင်နီယာ၊ ရှေးဟောင်းသုတေသနပညာရှင်ကြီး ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်ကြီးရဲ့ ကိုယ်ရေးရာဇဝင်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ ဒီလင့်မှာ ဖတ်ရှုနိုင်ပါတယ်။ https://m.facebook.com/story.php?story_fbid=3484793311575259&id=100001338737094


ဒီရှေးမြန်မာဘာသာထိုး ကြေးပြားစာရဲ့ အရေးအကြီးဆုံး ပထမဆုံး ဂဏန်းတလုံးဟာ ပျက်စီးနေပြီး မထင်မရှား ဖြစ်နေပါတယ်။ ရှေးမြန်မာဘာသာထိုး စာကြောင်းမှာ "သီရိဓမ္မရာဇဂုရု Sri Dharma Raja Guru" ဆိုတာကို အသေအချာ ဖတ်လို့ရပါတယ်။ ဒါပေမဲ့ နာဂရီအက္ခရာထိုး စာကြောင်းမှာတော့ သက္ကရာဇ်အထောက်အထားက မပျက်မစီး ထင်ရှားလို့ နေပါသေးတယ်။ ဆာ ကန်နင်ဂန်က နာဂရီအက္ခရာစာကြောင်းက သက္ကရာဇ်ကို "သံ ၃၉၇" လို့ ဖတ်ထားပြီး မြန်မာသက္ကရာဇ် ၃၉၇ခု ခရစ်သက္ကရာဇ် အနေနဲ့ ခု ၁၀၃၅ လို့ အဆုံးအဖြတ် ပေးထားပါတယ်။ ဒီစာကြောင်းရဲ့ အဖွင့်မှာ " သံ ၃၉၇ သီရိဓမ္မရာဇဂုရု" ဟု အစချီထားပါတယ်။ 

ဒီ ၃၉၇ ကို ဆာ ကန်နင်ဂန်က "ထင်ထင်ရှားရှား ရေးနှိပ်ထားတဲ့ ဒီခုနှစ် (သက္ကရာဇ်) ဟာ အေဒီ ၆၃၈ ကနေစတဲ့ မြန်မာသက္ကရာဇ် (ကောဇာသက္ကရာဇ်ကို ဆိုလိုသည်) တခုတည်းကိုသာ ရည်ညွှန်း ညွှန်ပြနိုင်ပြီး သီရိဓမ္မရာဇဂုရု (ဗုဒ္ဓဂယာကို)  ကြွလာတဲ့ ကာလကို သတ်မှတ်ရရင် ၆၃၈+၃၉၇= အေဒီ ၁၀၃၅ ဖြစ်ပါတယ်" လို့ ဆုံးဖြတ်ခဲ့ပါတယ်။

 "Sam 397, Sri Dharma Raja Guru."

Here the date, which is very clearly carved, can only be referred to the Burmese common era of A.D. 638, which fixes the period of Dharma Raja Guru's visit to 638 + 397 = A.D. 1035.(Sir Cunningham ; Mahabodhi စာမျက်နှာ ၂၇) 

ဆာကန်နင်ဂန်ရဲ့ ဆိုလိုရင်းက ထီးရွက်ကြေးပြားပေါ်က သက္ကရာဇ်ဟာ မြန်မာကောဇာသက္ကရာဇ်၊ သီရိဓမ္မရာဇဂုရု ဗုဒ္ဓဂယာကို ကြွလာတဲ့ခုနှစ်ဟာ မြန်မာသက္ကရာဇ် ၃၉၇ ခုနှစ်၊ ခရစ်သက္ကရာဇ်နဲ့တွက်ရင် အေဒီ ၁၀၃၅ ခုနှစ် ဖြစ်တယ်။ ဒါပါပဲ။ မူရင်းအထောက်အထားကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်စစ်ဆေးခဲ့တဲ့ အိန္ဒိယအက္ခရာကျွမ်းကျင်တဲ့ ပညာရှင်ရဲ့ အဆုံးအဖြတ် ဖြစ်ပါတယ်။

ဒီမှာ ရှင်းစရာတခုရှိတာက * သံ ၃၉၇ * "သံ"ဆိုတဲ့ အသုံးဟာ ဘာလဲ။ ဒီပြဿနာကို ပါမောက္ခ မိုက်အောင်သွင်က အဖတ်မှားပြီး "သက်" ကို "သံ" လို့ ဖတ်မိဟန်တူကြောင်း ပြဆိုပါတယ်။ "သက်" ဆိုတာကတော့ ပုဂံခေတ် မြန်ဘာသာထိုးကျောက်စာများမှာ ရေးထိုးကြတဲ့ "သက္ကရာဇ်" ရဲ့အတိုကောက်ဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

ဒီကြေးပြားထီးရွက်ပေါ်က ရှေးမြန်မာဘာသာထိုးစာကြောင်းရဲ့ သက္ကရာဇ်ဂဏန်းများမှ ပထမဆုံးဂဏန်း ပျက်စီးနေတော့ ဆာကန်နင်ဂန်အနေနဲ့ အပြည့်အစုံကို အတိအကျ ဖတ်မပြနိုင်ပါဘူး။ ပထမဂဏန်းက ပျက်နေပြီဖြစ်လို့ ဖတ်မရတော့ဘူး။ ဆာကန်နင်ဂန်က ဒီထီးရွက်ကြေးပြားစာရဲ့ လက်ရေးကော်ပီနဲ့ ဓါတ်ပုံကို ပုံနှိပ်ထုတ်ဝေတဲ့ သူရဲ့စာအုပ်မှာ (Mahabodhi 1892) ဖော်ပြထားပါတယ်။ လက်ရေးကော်ပီဆိုတာလဲ စိတ်မှန်းနဲ့ ရေးဆွဲထားတာဖြစ်လို့ မူရင်းစာလုံးတွေကို ဖော်ပြရာမှာ အတိအကျဖြစ်ဖို့ မလွယ်ပါဘူး။

 ပါမောက္ခ ဂျီ အိတ်ချ် လုစ့်ကတော့ ဆာကန်နင်ဂန်ရဲ့ လက်ရေးကော်ပီမူကနေ ဒီကြေးပြားထီးရွက်ပေါ်က မြန်မာဘာသာထိုး စာကြောင်းရဲ့ သက္ကရာဇ်ကို သူ့ကိုယ်ပိုင် အယူအဆကို ဖော်ပြပါတယ်။ ဒီနေရာမှာ သူက အဆိုပြုသည် suggest လို့ သုံးပါတယ်။ သူအဆိုပြုတဲ့ အဆိုက " (သ)က္ကရာဇ် (၆)၅၅ခု ။ သီရိဓမ္မရာဇဂုရု....ကုသိ။ သ ၆၅၅ (၁၂၉၃-၁၂၉၄ အေဒီ) သီရိဓမ္မရာဇဂုရု၏... ကောင်းမှု(?) " လို့ ဆိုပါတယ်။ 

*To judge by the hand copy on his plate XXIX , I suggest the reading :

 (Sa)karaj (6)55 khu ။ siridhammarajakuru...(kusil)။ 655 s. [1293-1294 A.D.] The good work of(?) Siri Dhammarajkuru.* (G H Luce ; Sources of Early Burma History , စာမျက်နှာ ၃၉) 

ဒီတော့ ပညာရှင် ဂျီ အိတ်ချ် လု့စ်ဟာ မူရင်းအထောက်အထားကို ကိုယ်တိုင် မျက်မြင် စစ်ဆေးထားတာ မဟုတ်ကြောင်း ထင်ရှားပါတယ်။ ထီးရွက်ကြေးပြားစာရဲ့ ဖတ်လို့ရထင်ရှားတဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် ဂဏန်းနှစ်လုံးဟာ မူရင်းစာလုံးတွေကို ဖော်ပြရာမှာ ဆာကန်နင်ဂန်ရဲ့လက်ရေးကော်ပီမူမှာက သိပ်ပြီးမတိကျတော့ ပုဂံခေတ်ကျောက်ထိုးဆရာတွေ ရေးလေ့ရှိတဲ့ ၅၅ ရေးဟန်လို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့အတွက် ဂျီ အိတ်ချ် လု့စ်က (၆)၅၅ လို့ ဖတ်ခဲ့ဟန်တူပါတယ်။ မူရင်းဓါတ်ပုံအရ ဒီဂဏန်းနှစ်လုံးဟာ ၅၅ ဆိုတာထက် ၉၇ ပိုပြီးတူပါတယ်။ ဒါ့ပြင် ပါမောက္ခ လု့စ်ဟာ မြန်မာဘာသာထိုး မြန်မာအက္ခရာသုံး စာကြောင်းနဲ့တကွ အောက်ပိုင်းက ဒီထီးရွက်ကြေးပြားစာ တရွက်ထည်းမှာပဲပါတဲ့ နာဂရီအက္ခရာထိုးစားကြောင်းကိုတော့ တစုံတရာ မှတ်ချက်ပေးခြင်း မရှိခဲ့ပါ။ မြန်မာဘာသာထိုး စာတန်းက ဖတ်လို့ရတဲ့ ဂဏန်းနှစ်လုံးကို ၅၅ လို့ မှားယွင်းဖတ်ခဲ့တဲ့တိုင် ***မထင်ရှားတဲ့ ဂဏန်းစာလုံးကို (၆) လို့ဖတ်တာကတော့ အကျိုးအကြောင်း ခိုင်လုံခြင်း လုံးဝ လုံးဝ မရှိပါ။*** ဘာကြောင့်လဲဆိုတော့ အောက်က နာဂရီအက္ခရာထိုး စာကြောင်းမှာက ဂဏန်း သုံးလုံးစလုံးဟာ ထင်ရှားနေပြီး ပထမဆုံးသော ဂဏန်းသည် *၃* သာ ဖြစ်နေပါတယ်။ (Aung Thwin , pp 187

ဒါကြောင့်  မြန်မာဘာသာထိုး စာကြောင်းရဲ့ မထင်ရှားတဲ့ ပထမဂဏန်းကို ဆုံးဖြတ်ဖို့ တပြားထည်းမှာ အတူတကွ ရေးထိုးမှတ်တမ်းထင်ထားတဲ့ ဖတ်လို့ရထင်ရှားတဲ့ နာဂရီအက္ခရာထိုး စာကြောင်းရဲ့ ပထမဂဏန်း *၃* ကို အတည်ယူရပါမယ်။ လု့စ်အဆိုပြုသလို (၆) လို့ ယူလို့ မရပါ။ ဒီလိုယူတာ အထောက်အထားအရ မှန်ကန်မှုမရှိပါ။ ဒုတိယနဲ့ တတိယ ဂဏန်းနှစ်လုံးဟာလဲ မျက်မြင်အရရော ဓါတ်ပုံအရပါ ၅၅ မဟုတ်ပဲ ၉၇ သာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို စောဒကတက်ပြန်လျင်လဲ နာဂရီအက္ခရာထိုးပါ စာကြောင်းအရ သက္ကရာဇ် " ၃၉၇ " ခုနှစ်ဆိုတာကိုတော့ လုံးဝငြင်းမရတဲ့ အထောက်အထား ဖြစ်တယ်။ နောက်ထပ်သေချာတာတခုက ဒီထီးရွက်ကြေးပြားစာဟာ **မူလထိုး original" အထောက်အထား ဖြစ်တယ်။

ဒါကြောင့် ပညာရှင်လု့စ်ရဲ့ အဆုံးအဖြတ်ပဲပြောပြော အဆိုပြုမှုပဲပြောပြော ဘယ်လိုဖြစ်စေ (၆)၅၅ လို့ ဖတ်ခဲ့တာဟာ (၆) သည် ကျိုးကြောင်းမညီညွှတ် မခိုင်မာတဲ့အဆို ၅၅ သည် လက်ရေးကော်ပီမူကိုသာကြည့်ပြီး မှားဖတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဂယာ မဟာဗောဓိစေတီတွေ့ ရှေးမြန်မာအက္ခရာသုံး မြန်မာဘာသာထိုး ထီးရွက်ကြေးပြားစာရဲ့ ရေးထိုးတဲ့သက္ကရာဇ်ဟာ မြန်မာသက္ကရာဇ် ၃၉၇ခုနှစ် ဖြစ်ပြီး ခရစ်သက္ကရာဇ်နဲ့ ပြောရရင် ၁၀၃၅ ခုနှစ်လို့ ဆုံးဖြတ်ခြင်းဟာ အခိုင်မာဆုံး အမှန်ကန်ဆုံးသာဖြစ်ပါတယ်။

အနော်ရထာမင်းရဲ့ ပိဋိကတ်လု သထုံစစ်ပွဲဟာ သမိုင်းစံအရ ခေတ်ပြိုင်အထောက်အထား မရှိတာ ငြင်းမရပါဘူး။ အနော်ရထာမင်းကြီး သထုံကို တိုက်တယ်ဆိုတဲ့ ခုနှစ်သက္ကရာဇ်ဟာလဲ အေဒီ ၁၀၅၇ခုနှစ်ဆိုတော့  ဗုဒ္ဓဂယာ မဟာဗောဓိစေတီတွေ့ ထီးရွက်ကြေးပြားစာ ရေးထိုးတဲ့ အေဒီ ၁၀၃၅ ခုနှစ်က ၂၂နှစ်မျှ ပိုစောနေပါသေးတယ်။ 

ပိဋိကတ်လုဖို့ သထုံကို အနော်ရထာမင်းကြီး တိုက်ခိုက်သိမ်းယူပြီးမှ ပုဂံမြန်မာတွေဟာ စာရေးတတ်လာတယ်ဆိုတဲ့ အဆိုဟာ အချက်နှစ်ချက်နဲ့တင် မှားကြောင်း သက်သေပြနိုင်ပါတယ်။ တစ်အချက်က ပိဋိကတ်လု သထုံစစ်ပွဲ ဖြစ်ပွားခဲ့တယ်ဆိုတာကိုပြဖို့ ခေတ်ပြိုင်အထောက်အထားမရှိပါ။ ဒီလို ပိဋိကတ်လု သထုံစစ်ပွဲမှမရှိဘူးဆိုမှတော့ သထုံစစ်ပွဲပြီးမှ ပုဂံမြန်မာတွေ စာရေးစာဖတ် တတ်မြောက် လာရတယ်ဆိုတဲ့အဆိုဟာ baseless / groundless အခြေအမြစ် မရှိတော့ပါဘူး။ အလိုလို ပျက်ပြယ်ပါတယ်။ ဒုတိယအချက်က ဗုဒ္ဓဂယာ မဟာဗောဓိစေတီတွေ့ မြန်မာဘာသာထိုး ထီးရွက်ကြေးပြားစာကို ရေးထိုးမှတ်တမ်းတင်ခဲ့တဲ့ သက္ကရာဇ် အထောက်အထားဟာ သထုံစစ်ပွဲဖြစ်ပွားတယ်"ဆိုကြတဲ့" သက္ကရာဇ်ထက် နှစ်ပေါင်း ၂၂နှစ်မျှ ပိုစောပါတယ်။ အေဒီ ၁၀၃၅ခုနှစ်သည် မရှိသော ပိဋိကတ်လု သထုံစစ်ပွဲကို ဖန်တီးတယ်လို့ ယိုးစွပ်ကြတဲ့ အနော်ရထာမင်းကြီး နန်းတက်နှစ်ထက် "၉"နှစ် ပိုစောပါတယ်။ အနော်ရထာမင်း နန်းတက်နှစ်ဟာ အေဒီ ၁၀၄၄ ခုနှစ် ဖြစ်ပါတယ်။

 *** ဒါကြောင့် ၁၀၅၇ခုနှစ် ( အနော်ရထာမင်းရဲ့ ပိဋိကတ်လု သထုံစစ်ပွဲပြီးမှပဲ) နောက်မှ ပုဂံမြန်မာတွေ စာရေးစာဖတ် တတ်မြောက် လာရတယ်ဆိုတဲ့အဆိုဟာ လုံးဝ မှားယွင်းနေပါတယ်။ ***

နောက်ဆောင်းပါးမှာ ဗုဒ္ဓဂယာကျောက်စာနဲ့ ပတ်သက်တဲ့ သက္ကရာဇ်ပိုင်း အဆုံးအဖြတ်များကို ရေးသားပါမယ်။

ဆက်ရန်။

ကိုးကား။ ။ Cunningham, Sir Alexander ; MAHABODHI OR THE GREAT BUDDHIST TEMPLE UNDER THE BODHI TREE AT

BUDDHA-GAYA (1892)

Luce, G H ; Sources of Early Burma History (1974)

Aung Thwin , Michael ; The Mists of Ramañña , The Legend That Was Lower Burma (2005)

#KyawThwin_Modernist

#စစ်မှတ်တမါး

#MNJ

-----

-------------------------------


သံဝစ္ဆရ - နှစ်၊ ရိုမန်အက္ခရာနဲ့ဆိုရင် saṃvacchara ဖြစ်ပါတယ်။

saṃvacchara [saṃ+vacchara; cp. Vedic saṃvatsara] a year D II.327; A II.75; IV.139, 252 sq.; Dh 108; J II.80; Sdhp 239; nom. pl. saṃvaccharāni J II.128.


Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ