တရုတ် - မြန်မာ စစ်ပွဲများ
ကောင်းတာလုပ်လျင် အကောင်းမြင်ပေးပါမည် —
အကြောင်းတရားများရှိ၍ အကျိုးဆက် ဖြစ်ရသည် —
တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး ရှေးပဝေသဏီထဲက အကူးအလူးအဆက်အဆံတွေရှိခဲ့ကြတာဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်း သုတေသီ မှတ်တမ်းမှတ်ရာတွေအရ Paleolithic Era ခေါ် ကျောက်ခေတ်ဦး ကာလ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ လောက်ကတည်းက တရုတ်နိုင်ငံ ဖြစ်လာမယ့် ယူနန် ဒေသနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တွေဟာ ဆက်သွယ်ဆက်ဆံခဲ့ကြပါတယ်။ သာဓကက ဒေသနှစ်ခုစလုံးမှာ တူးဖော်တွေ့ရှိကြရတဲ့ ကျောက်လက်နက်တွေ၊ ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ လူသုံးပစ္စည်းတွေ ပါ။
ကြေးခေတ် Bronze Age ( ဘီစီ ၁၅၀၀ – ဘီစီ ၅၀၀) ကိုရောက်တော့ မြန်မာနိုင်ငံအထက်ပိုင်းက ပျူ မျိုးနွယ်တွေနဲ့ ယူနန် ဒေသကြီးအတွင်းက Dian ယဥ်ကျေးမှု ( ကျင့် နိုင်ငံ ဖြစ်မည်ဟုယူဆရ / တရုတ်တို့က မြန်မာနိုင်ငံကို Mian Dian မြန်ကျင့် ဟု ခေါ်ဝေါ်သုံးနှုန်း) မြို့ပြနိုင်ငံတွေအကြား ကူးလူးဆက်ဆံကြကြောင်း ဒေသကြီး ၂ ခုစလုံးမှာတွေ့ရတဲ့ ကြေးနဲ့ ပြုလုပ်ထားတဲ့ လှံအသွားတွေ၊ ကြေး စည်ပိုင်းတွေ က ညွှန်ပြနေခဲ့ပါတယ်။
ပျူ မျိုးနွယ်စုတွေရဲ့ မြို့ပြနိုင်ငံတွေ ထွန်းကားခဲ့တဲ့ အေဒီ ၁ ရာစုကနေ အေဒီ ၉ ရာစု ကို ရောက်တဲ့အခါ ဧရာဝတီမြစ်ဝှမ်းတလျောက် က ပျူ မြို့ပြနိုင်ငံတွေနဲ့ ယူနန် ဒေသကြီး တို့အကြား ကုန်သွယ်ရေးထွန်းကားနေပါပြီ။ ဧရာဝတီ မြစ်ကမ်းပေါ်မှာရှိတဲ့ ဗန်းမော်ကနေ ယူနန် နယ်အတွင်းရှိ ထိန်ချူံး Tengchong ကို ဖြတ်ပြီး ကူမင်း/ ခွန်မင် Kunming မြို့တော်အထိ ( အဓိက ကုန်သွယ်ရေးလမ်းကြောင်းကြီး Trade Route) ၊ ကျိုင်းတုံကနေ ရှမ်းကုန်းမြေမြင့်အရှေ့ပိုင်းကို ဖြတ်ပြီး ယူနန်ဒေသ မြို့ရွာတွေဆီက တလမ်း၊ မိုင်းမော ကနေ ဒါလီ Dali အထိ တလမ်း စသည်ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းတွေထွန်းကားခဲ့ပါတယ်။ ဒါလီ မြို့ဆိုတာ ကူမင်းမြို့ အနောက်မြောက်ဖက်မိုင် ၁၆၀ အကွာမှာ ရှိပါတယ်။
ဒါက တရုတ် – မြန်မာ ခေတ်ဦးဆက်ဆံရေးပါ။
■ ပထမ ကျုးကျော်စစ်ပွဲ ( အေဒီ ၁၂၇၇ – ၁၂၈၇ )
အေဒီ ၁၃ ရာစု အစပိုင်းမှာ မွန်ဂို တို့ တန်ခိုးထွားလာကြပါတယ်။ မွန်ဂို Mongol ဆိုတာ အာရှတိုက်အလယ်ပိုင်းတလျောက် ရေကြည်ရာမြက်နုရာ လှယ့်လယ်သွားလာနေကြတဲ့ မျိုးနွယ်စုတခုဖြစ်ပါတယ်။ အေဒီ ၁၂၀၆ ခုနှစ်ရောက်တော့
မွန်ဂိုအကြီးအကဲ ဂျင်ဂစ်ခန် Genghis Khan က တကွဲတပြားစီဖြစ်နေတဲ့ မွန်ဂိုနဲ့ တူရကီ ( တာတာ ဟု ခေါ်) မျိုးနွယ်စုတွေကို စုစည်းပြီး မွန်ဂို အင်ပိုင်ယာကို တည်ထောင်ခဲ့ပါတယ်။ မွန်ဂိုစစ်သည်တွေဟာ တိုက်ရည်ခိုက်ရည်ကောင်းတဲ့အတွက် ယူရေးရှား Eurasia ခေါ် အာရှနဲ့ ဥရောပ ကုန်းမြေမကြီးတလျောက် တစတစ နယ်ပယ်များစွာချဲ့ထွင်လာရာ အနောက်ဖက်မှာ ပိုလန် အရှေ့ဖက် နယ်စပ်အထိရောက်ရှိခဲ့ကြပြီး ပါရှား ( အီရန်) အင်ပိုင်ယာကိုတောင် သိမ်းယူနိုင်ခဲ့တဲ့အထိ တန်ခိုးထွားခဲ့ကြပါတယ်။
ဂျင်ဂစ်ခန်ကွယ်လွန်ပြီးတဲ့အခါ မွန်ဂို အင်ပိုင်ယာကြီးဟာ နိုင်ငံများအဖြစ် ကွဲထွက်သွားကြရာမှာ တရုတ်နိုင်ငံ ယွန် မင်းဆက် Yuan Dynasty ရဲ့ နိုင်ငံလည်းတခု အပါအဝင်ပါ။ ဂျင်ဂစ်ခန် ရဲ့ မြေးတော် ကူဘလိုင်ခန် Kublai Khan ( အေဒီ ၁၂၁၅ – ၁၂၉၈) လက်ထက်ရောက်တော့ မွန်ဂိုအဆက် အနွယ်တွေဟာ အနောက်ဖက်နဲ့ တောင်ဖက်ကို နယ်ချဲ့ ရင်း ရှေးခေတ် မြန်မာ နိုင်ငံ / ပုဂံ အင်ပိုင်ယာ နဲ့ ထိစပ်ပတ်သက်လာကြပါတော့တယ်။
အေဒီ ၁၂၆၀ မှာ ကူဘလိုင်ခန်ဟာ မွန်ဂို တရုတ် အင်ပိုင်ယာရဲ့ ထီးနန်းကို ရယူပါတယ်။ အဲဒီနောက် ကူဘလိုင်ခန်ဟာ အင်ပိုင်ယာကို ချဲ့ထွင်ဖို့ စတင် လုပ်ဆောင်ပါတယ်။ နှစ်ပေါင်းရာနဲ့ချီ ကာ တထီးတနန်း နေလာခဲ့တဲ့ ယူနန် ဒေသကြီးကို အေဒီ ၁၂၇၆ ခုနှစ်မှာ အပြီးတိုင်သိမ်းပိုက်ခဲ့အပြီး ကူဘလိုင်ခန်ဟာ မြန်မာနိုင်ငံ/ ပုဂံအင်ပိုင်ယာဖက်ဆီ စစ်ဦး လှည့်လာပါတယ်။
ပုဂံနေပြည်တော်မှာအဲဒီအချိန်က နရသီဟပတေ့ဘုရင် ( နန်းသက် အေဒီ ၁၂၅၆ – အေဒီ ၁၂၈၇) စိုးစံနေတာ ဖြစ်ပါတယ်။ ကူဘလိုင်ခန်ဟာ အေဒီ ၁၂၇၁ ခုနှစ်ကတည်းက ပဒေသရာဇ် ခေတ် အင်ပိုင်ယာရှင်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ပုဂံနေပြည်တော်ဆီကို သံတမွန်တွေ စေလွှတ်ပြီး မွန်ဂို အင်ပိုင်ယာဆီ ပုံမှန် လက်ဆောင်ပဏ္ဍာ ဆက်သပြီး သစ္စာတော်ခံ/ လက်အောက်ခံနိုင်ငံအဖြစ် နေဖို့ စည်းရုံးပါတယ်။
မြန်မာတို့က လက်မခံပါ။
ကူဘလိုင်ခန်က အမျက်ထွက်ပေမယ့် ယူနန် နယ်ကြီးကို အပြီးတိုင်မသိမ်းပိုက်ရသေးတဲ့အတွက် အချိုသတ်ပြီး နေလိုက်ပါတယ်။ အေဒီ ၁၂၇၃ ခုနှစ်ကနေ အေဒီ ၁၂၇၅ ခုနှစ်တွေအကြား မွန်ဂိုသံတမန်တွေ ပုဂံနေပြည်တော်ဆီ အကြိမ်ကြိမ်လာရောက်ဖျောင်းဖြခဲ့ကြပေမယ့် မြန်မာတွေက လက်မခံခဲ့ကြပါ။ အခြေအနေတွေ ဘယ်လောက် အထိ ဆိုးသလည်းဆိုရင် ပုဂံရောက် အချို့ မွန်ဂိုသံတမန်တွေ ထောင်သွင်း အကျဥ်းချခံရ၊ အကွပ်မျက်ခံကြရတဲ့အထိပါ။
၁၂၇၇ ခုနှစ်ရောက်တော့ သစ္စာတော်မခံတဲ့ ပုဂံအင်ပိုင်ယာကို ပညာပေးမယ် လို့ဆိုကာ ယူနန် စစ်သူကြီး နာဆာ အယ်လ် ဒင် Nasr Al Din ဦးစီးတဲ့ အင်အား ၁၂,၀၀၀ ပါတဲ့ မွန်ဂိုတပ်ဖွဲ့ကြီးဟာ မြန်မာ့နယ်မြေထဲကို ဝင်ရောက်လာကြပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း တောင်ဖက်ကို ဆင်းဖို့ ကြိုးစားကြပါတယ်။ မြန်မာတပ်တွေက ခံတပ်မြို့တွေဖြစ်တဲ့ ဗန်းမော်နဲ့ ကောင်စင် မှာ အခြေပြု ခုခံဖို့ ပြင်ဆင်ကြပါတယ်။ မြန်မာတပ်တွေဟာ အင်အား ၆၀,၀၀၀ ခန့်ရှိပြီး မြင်း ၁၀,၀၀၀ ၊ စစ်ဆင် ၁၅၀၀ ကျော်ပါဝင်တယ်လို့ ဆိုကြပါတယ်။
●● ( မာကိုပိုလို ရဲ့ မှတ်တမ်းတွေကို ကိုးကားဖော်ပြထားတဲ့အတွက် မြန်မာတပ်ဖွဲ့အင်အားကို ပိုပြီးဖော်ပြထားနိုင်ပါတယ်) ●●
၁၂၇၇ ခုနှစ် ဧပြီလ ထဲ မှာ နှစ်ဖက်တပ်တွေ ငဆောင်ချမ်းအရပ် ( ယနေ့တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်ဖက် ယင်ကျန်း Yingjiang ) မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ကြရာမှာ မွန်ဂိုတွေရဲ့ မြင်းစီး လေးသည်တော်တွေ ကြောင့် မြန်မာတို့ တပ်ပျက်ပြီး ကသောင်းကနင်းနဲ့ ဆုတ်ခွာ ကြရပါတယ်။
မွန်ဂိုတပ်တွေဟာ ဧရာဝတီမြစ်ရိုးအတိုင်းဆင်းလာကြပြီး ကင်းစခန်းတွေ တည်ထားကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပါတယ်။ ဒါက ပထမအကြိမ် တရုတ် – မြန်မာ စစ်ပွဲပါ။
၁၂၇၇ စစ်ပွဲအပြီးမှာ မွန်ဂိုတွေဟာ ပုဂံ အင်ပိုင်ယာပိုင် ရှမ်းနယ် မြေ ( ယနေ့ ရှမ်း မြောက် ဒေသ) ကို ဆက်ပြီး လက်နက် အင်အားပြကာ သစ္စာတော်ခံခိုင်းပါတယ်။ မိုင်းမောနဲ့ ကောင်းစင် ခံတပ်တွေကိုသိမ်းယူပါတယ်။ ရှမ်း မြောက်ဒေသကြီးမှာ မွန်ဂို တပ်မြို့တွေ အခိုင်အမာတည်ဆောက်ပါတယ်။
၁၂၈၅ ခုနှစ်မှာ မွန်ဂိုတွေဟာ ဒုတိယအကြိမ် မြန်မာနိုင်ငံထဲကို စစ်ချီလာပါတယ်။ ယူနန်နယ်ရဲ့ အနောက်ဖက် ဗန်းမော် ခံတပ်မြို့ကိုသိမ်းယူပြီး ဧရာဝတီ မြစ်ကြောင်းအတိုင်း ချီတက်လာတဲ့ မွန်ဂိုတပ်ဖွဲ့ဟာ အင်အား ၁၂,၀၀၀ ကနေ ၁၅,၀၀၀ ကျော်အထိ ရှိပြီး တကောင်းခံတပ်မြို့ကို သိမ်းယူပြီးတဲ့နောက် ရာသီဥတု ပြင်းထန်မှုနဲ့ ရောဂါဘယ ထူပြောမှုတွေကြောင့် ရှေ့ကို ဆက်ပြီးမချီတက်ကြတော့ပါ။ မြန်မာတပ်တွေကတော့ ဆုတ်ပြီးရင်းဆုတ်ခွာနေကြရပါတယ်။
၁၂၈၇ ခုနှစ်ရောက်တော့ မွန်ဂို တို့ တကောင်းကနေ တောင်ဖက်ကို ဧရာဝတီမြစ်ရိုးအတိုင်းဆင်းလာတဲ့အခါ ပုဂံဘူရင် နရသီဟပတေ့ဟာ မြို့တော်ကို စွန့်ခွာပြီး တောင်ဖက်ကို စုန်ဆင်းကာ မွန်ဂိုတွေ လက်လှမ်းမမှီနိုင်ဘူးလို့ ယူဆရတဲ့ တွံတေး / ဒလ ဖက်မှာ ခိုလှူံ ခဲ့ရပါတယ်။
မွန်ဂိုတပ်ဖွဲ့တချို့ ပုဂံနေပြည်တော်အထိ ချီတက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ သူတို့ကို ပုဂံကနေ ပြန်ဆုတ်ခွာပြီး နှစ်နိုင်ငံအကြား စစ်ပြေငြိမ်း / စစ်ရပ်စဲဖို့ ရှင်ဒိသာပါမောက်/ ပါမောက္ခ ဦးဆောင်တဲ့ မြန်မာ သံအဖွဲ့ဟာ မိုင်ပေါင်း ၂၀၀၀ နီးပါး ကွာဝေးတဲ့ ကူဘလိုင်ခန် ရဲ့ နေပြည်တော် ဒါဒူး Dadu / ယနေ့ Beijing ဘေဂျင်း မြို့တော်ဆီ လပေါင်းများစွာ ခရီးပြင်းနှင်ပြီး စေ့စပ်ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာတွေဖက်က ကူဘလိုင်ခန်ကို လက်ဆောင်ပဏ္ဍာ ပုံမှန်ဆက်သဖို့ သဘောတူခဲ့ကြပြီး စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။
.■■ ဒုတိယကျုးကျော်စစ် ( အေဒီ ၁၃၀၁ – ၁၃၀၂) —
နရသီဟပတေ့ ဘုရင် ပုဂံကို စွန့်ခွာ သွားအပြီး နှစ်ပေါင်း ၂၅၀ နီးပါး တည်တံ့ခဲ့တဲ့ ပုဂံအင်ပိုင်ယာကြီး ပြိုကွဲသွားပါတယ်။ အဲဒီအထဲမှာ ကျောက်ဆည် ဒေသက မြင်စိုင်း ညီနောင် ၃ ဦး — အသင်္ခယာ၊ ရာဇသင်္ကြန် နဲ့ သီဟသူ — တို့ဟာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံသူတွေအဖြစ် ကျော်ကြားလာပါတယ်။ ၁၂၉၇ ခုနှစ်ရောက်တော့ ဒီ မြင်စိုင်းညီနောင် ၃ ဦးဟာ မွန်ဂိုတရုတ်တွေကို သစ္စာတော်ခံတဲ့ ပုဂံဘုရင် ကျော်စွာ ( နရသီဟပတေ့ရဲ့ သားတော်) ကို ဥပါယ်တမျဥ်နဲ့ နန်းချပြီး မြင်စိုင်း ဘုရင့် နိုင်ငံကို တည်ထောင်ပါတယ်။
သူတို့သစ္စာတော်ခံ ကျော်စွာဘုရင် နန်းချခံရတာကို မွန်ဟ။ဂိုတွေက ၁၂၉၈ ခုနှစ်ရောက်မှသိကြပါတယ်။ အဲဒီအချိန်မှာပဲ ကူဘလိုင်ခန် ကွယ်လွန်သွားတာမို့ မွန်ဂိုတို့ နန်းတွင်းရေးတွေ ရှုပ်ထွေးနေပြီး မြန်မာဖက် အာရုံမစိုက်နိုင်ပါ။ ဒါကြောင့် ၁၃၀၃ ခုနှစ်ရောက်မှ ကျော်စွာဘုရင်ရဲ့ အရိုက်အရာဆက်ခံမယ့်သူကို မွန်ဂိုတို့ ဆုံးဖြတ်ကြေညာနိုင်ပါတယ်။ သို့သော် မွန်ဂိုတို့ နောက် ကျသွားပါပြီ။
အေဒီ ၁၃၀၀ ပြည့်နှစ်မှာ အသင်္ခယာစောယွန်း ဦးစီးတဲ့ မြင်စိုင်း ရှမ်း- မြန်မာတပ်တွေဟာ ယနေ့ မန္တလေး မြို့မြောက်ဖက် ငစဥ့်ကူးနဲ့ မလေး က မွန်ဂို တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ကြပါတော့တယ်။
မွန်ဂိုတွေကလည်း မြင်စိုင်းတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ တပ်ဖွဲ့ကြီးတွေ စေလွှတ်ပါတယ်။ ဒီ မွန်ဂိုတပ်ဖွဲ့ကြီးဟာ ၁၃၀၁ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းရောက်တော့ မြင်စိုင်းကို ဝိုင်းရံပိတ်ဆို့ထားနိုင်တဲ့အထိ ခရီးပေါက်ခဲ့ ပါတယ်။ ဒါပေမယ့် လိမ္မာပါး နပ်တဲ့ မြင်စိုင်းညီနောင် ၃ ဦးက မွန်ဂို တပ်မှုးတွေကို လာ့ဘ်ထိုးတာကြောင့် ၄ လအကြာ ဧပြီလဆန်းမှာ မွန်ဂိုတပ်တွေ မြင်စိုင်းကနေ ဆုတ်ခွာသွားကြပါတယ်။ လာ့ဘ်ယူတဲ့ မွန်ဂိုတပ်မှူးကို မွန်ဂိုတွေက ကွပ်မျက်ပြီး နောက်ထပ် မွန်ဂိုတပ်ဖွဲ့တွေ မြန်မာနိုင်ငံအတွင်းကို စေလွှတ်ခဲ့ကြပေမယ့် မြင်စိုင်းကို မအောင်နိုင်ခဲ့ ၊ မသိမ်းပိုက်နိုင်ခဲ့ကြပါ။
အေဒီ ၁၃၀၃ ခုနှစ်ရောက်တော့ မွန်ဂို တပ်တွေ မြန်မာ့မြေပေါ်က အပြီးတိုင် ဆုတ်ခွာသွားခဲ့ကြပါတယ်။
■ တတိယ ကျူးကျော်စစ်ပွဲ ( အေဒီ ၁၄၁၂ –၁၄၁၇ ) —
အဒီ ၁၄၁၂ ခုနှစ်မှာ တရုတ် မင် မင်းဆက် Ming Dynasty အင်ပိုင်ယာ ရဲ့တပ်ဖွဲ့တွေ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကို ကျုးကျော်တိုက်ခိုက်ကြပါသေးတယ်။
အင်းဝဘုရင် ပထမမင်းခေါင် လက်ထက်မှာ တရုတ်တို့က မွန်ဂိုတွေဆီက အမွေဆက်ခံထားပြီး သူတို့ ပိုင်တယ်လို့ ယူဆထားတဲ့ ရှမ်း ဒေသ မြောက်ပိုင်းက နယ်မြေတွေထဲ မြန်မာတပ်တွေ ဝင်ရောက်လာတာကို လက်တုန့်ပြန်တဲ့ အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေဆီကို တရုတ်တပ်ဖွဲ့တွေ အကြိမ်ကြိမ်စေလွှတ်ခဲ့ပါတယ်။
ဒီတကြိမ်မှာတော့ နယ်စပ်စစ်ပွဲ/ တိုက်ခိုက်မှုအဆင့်မှာသာ ရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းပိုင်း – စစ်ကိုင်း၊ မန္တလေး – အထိ တရုတ်တပ်ဖွဲ့တွေ ရောက်မလာခဲ့ကြပါ။
■ စတုတ္ထ ကျုးကျော် စစ် ( အေဒီ ၁၅၈၂ – ၁၅၈၄) —
တောင်ငူ အင်ပိုင်ယာ ( အေဒီ ၁၅၁၀ – ၁၅၉၉) ကြီးဟာ ဘုရင့်နောင် လက်ထက်မှာ ယနေ့ လာအိုနိုင်ငံထဲက လန်ချန်း Lan Xang ၊ ထိုင်းနိုင်ငံမြောက်ပိုင်းက လန်နား Lanna အထိ၊ မြောက်ဖက်မှာ တရုတ်ပိုင် ယူနန် ဒေသ နယ်စပ်အထိ ကျယ်ပြန့်လာခဲဲ့ပါတယ်။
အေဒီ ၁၅၈၁ ခုနှစ်မှာ ဘုရင့်နောင် ကွယ်လွန်ခဲ့ရာ သားတော် နန္ဒမင်းသားက ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ ထုံးစံအတိုင်း ဘုရင်အသစ်ကလေးကို အားစမ်းကြတာမှာ တရုတ် ယူနန်နယ်စပ်က ရှမ်းစော်ဘွားတွေလည်း ပါဝင်ပါတယ်။ တရုတ််နယ်စပ်က ရှမ်းစော်ဘွားတွေဟာ နန္ဒဘုရင်ကို ပုန်ကန်ကြပြီး တရူတ် မင် မင်းဆက် ကို အကူအညီတောင်းပါတယ်။ "မြန်ကျင့်" တွေကို မျက်စေ့စပါးမွှေးစူးနေတဲ့ တရုတ် ဘုရင်က သူ့ရဲ့ တပ်ဖွဲ့ကြီးတွေကို အေဒီ ၁၅၈၂ ခုနှစ်မှာ ယူနန်ကနေ မြန်မာနိုင်ငံဆီ စေလွှတ်ရာကနေ စစ်ပွဲနောက်တကြိမ်ထပ်ဖြစ်ရပြန်ပါရော။
တရုတ်တပ်ဖွဲ့တွေဟာ ယူနန် နယ်သားတွေကို အဓိက ထားဖွဲ့စည်းထားတာဖြစ်ပြီး အင်အား ၁၅,၀၀၀ ရှိပါတယ်။ သူတို့ကို သစ္စာခံတဲ့ ရှမ်းတပ်တွေက အင်အား ၅,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ တရုတ်တို့ရဲ့ ဗျုဟာက ယူနန်ကနေ ရှမ်းနယ်မြေ အတွင်း ချီတက်ကြတာဖြစ်ပါတယ်။ တောင်ငူနေပြည်တော်ကို တိုက်ဖို့ထက် ရှမ်း နယ်မြေတွေကို ရသလောက် သိမ်းသွင်းချဲ့ထွင်ဖို့ ဖြစ်ပါတယ်။
နန္ဒဘုရင်ရဲ့ တပ်ဖွဲ့တွေဟာ အင်အား ၁၂,၀၀၀ ရှိပြီး သူတို့ကိုအင်အား ၄,၀၀၀ ရှိတဲ့ မဟာမိတ် ရှမ်းတပ်ဖွဲ့ တွေက လက်တွဲကူညီတိုက်ခိုက်ပေးကြပါတယ်။ မြန်မာတပ်ဖွဲ့မှာ တိုက် ဆင် ၁၀၀ နီးပါး လည်းပါတယ်လို့ ဆိုကြပါတယ်။ မြန်မာနဲ့ ရှမ်း မဟာမိတ်တပ်ဖွဲ့တွေက တရုတ်တပ်ဖွဲ့တွေကို ရှမ်းမြောက်နဲ့ ရှမ်းအရှေ့ ပိုင်းဒေသတွေမှာ — မိုင်းမော၊ ကျိူင်းတုံနဲ့ သံလွင် မြစ်အထက်ပိိုင်းဒေသများ — ရင်ဆိုင်တိုက်ခိုက်ကြပါတယ်၊ အေဒီ ၁၅၈၄ ခုနှစ် ရောက်တော့တရုတ်တပ်တွေ စစ်ပန်းလာတာရယ်၊ တပ်ဖွဲ့ဝင်တွေအကြား ရောဂါဘယထူပြောလာတာရယ်၊ မြန်မာတပ်တွေက ကွန်မန်ဒိုပုံစံ ပြောက်ကျားစစ် ဆင်နွှဲနေတာရယ် စတာတွေကြောင့် တရုတ်တပ်တွေ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြပါတယ်။
■ ပဥ္စမ ကျုးကျော်စစ် ( အေဒီ ၁၅၉၃ ) —
အေဒီ ၁၅၉၃ ခုနှစ်မှာ တရုတ်–မြန်မာ နောက်တကြိမ် စစ်ထပ်ဖြစ်ကြပါတယ်။ ဒီကာလမှာ နန္ဒဘုရင်ရဲ့ တောင်ငူအင်ပိုင်ယာဟာ အင်အားချိနဲ့စပြုနေပါပြီ။ အယုဒ္ဓယ ( ထိုင်း) က ၁၅၈၄ ခုနှစ်မှာ ကိုယ်ပိုင်နိုင်ငံပြန်လည်ထူထောင်ခဲ့ပြီးပါပြီ။ ၁၅၉၀ ပြည့်လွန်ဆယ်စုနှစ်ကာလ အစောပိုင်းရောက်တော့ တရုတ်နယ်စပ်က ရှမ်းစော်ဘွားတချို့ ထပ်မံပုန်ကန်ကြပြန်ပါတယ်။ ထုံးစံအတိုင်း တရုတ် မင် အင်ပိုင်ယာကို အကူအညီတောင်းကြပြန်ပါတယ်။
အဲဒီအချိိန်ဟာ တရုတ် မင် မင်းဆက်၊ ဝမ်လီဘုရင် Wan Li လက်ထက်ပါ။ ဝမ်လီက ရှမ်းစော်ဘွားတွေရဲ့ အကူအညီကို လက်ခံလိုက်ပါတယ်။ ဝမ်လီရဲ့ ဗျုဟာက ရှမ်းမြောက်ဒေသကို သိမ်းသွင်းပြီး ယူနန်နယ်နဲ့ မြန်မာနိုင်ငံအကြား ကြားခံဇုန် Buffer zone အဖြစ် ထားရှိဖို့ ဖြစ်ပါတယ်။
ဒါနဲ့ပဲ ၁၅၉၃ ခုနှစ်၊ ခြေခင်းလက်ခင်းသာတဲ့ ကာလမှာ တရုတ်တပ်ဖွဲ့တွေ ယူနန် ကနေ ရှမ်းမြောက် ဒေသကြီးထဲ ဝင်ရောက်လာခဲ့ကြပါတယ်။ တရုတ်တပ်ဖွဲ့တွေဟာ အင်အား ၁၈,၀၀၀ ရှိပြီး သူတို့ကို ကူညီတဲ့ ရှမ်းတပ်ဖွဲ့တွေက ၈,၀၀၀ — စုစုပေါင်း အင်အား ၂၆,၀၀၀ ရှိတာဖြစ်ပါတယ်။
မြန်မာတပ်တွေဟာ အင်အား ၉,၀၀၀ ပဲရှိပြီး မဟာမိတ် ရှမ်းတပ်ဖွဲ့တွေက အင်အား ၃,၀၀၀ ရှိပါတယ်။ မြန်မာတပ်တွေမှာ တိုက် ဆင် ၆၀ လည်း ပါတယ်လို့ ဆိုပါတယ်။ ဒီတခါတော့ တရုတ်တွေ "လည်" သွားပါပြီ၊ ယူနန် နောက်တန်းကနေ စစ်ကြောင်း ချီတက်ရာ လမ်းကြောင်းတလျောက် ထောက်/ ပို့စခန်းတွေ ၊ ကင်းစခန်းတွေ အသေအချာတည်ဆောက်ကြပါတယ်။
ဒါပေမယ့် ဒီတကြိမ်မှာလည်း တရူတ်တို့ရဲ့ ရည်မှန်းချက်က တောင်ငူ အထိ ချီတက် တိုက်ခိုက်ဖို့ မဟုတ်ပဲ ( အထက်မှာ ဖော်ပြခဲ့ပြီးပါပြီ) ကြားခံနယ်မြေတည်ဆောက်ဖို့ပဲဆိုတော့ တရုတ်တပ်တွေဟာ မြန်မာနိုင်ငံအတွင်းပိုင်းအထိ ချီတက် မတိုက်ခိုက်ကြပါဘူး။ နှစ်ဖက်တပ်ဖွဲ့တွေဟာ ဗန်းမော်အပါအဝင် နယ်စပ်ဒေသ တလျောက်မှာပဲ ရင်ဆိုင်တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။
ဒီတချီမှာတော့ မြန်မာတပ်ဖွဲ့တေ့ရဲ့ စိတ်ဓါတ်ရေးရာပိုင်း အားနည်းနေတာကြောင့် တရုတ်တပ်တွေ အသာစီးရထဲ့ပါတယ်။ ရည်မှန်းချက်တွေအတိုင်း ရှမ်းမြောက်က နယ်မြေ အများစုကို သစ္စာတော်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့ပါတယ်။
■ ဆဋ္ဌမ တရုတ် –မြန်မာ စစ် ( အေဒီ ၁၆၆၁ –၁၆၆၂ ) —
ဒီတကြိမ် တရုတ် - မြန်မာစစ်ကတော့ မြန်မာတွေ အနေအထိုင်မတတ်တာလို့ပြောချင်ပါတယ်။ အေဒီ ၁၆၄၄ ခုနှစ်ရောက်တော့ တရုတ် မင် မင်းဆက် ပျက်သုဥ်းသွားပြီး မန်ချုးတို့ရဲ့ ချင် မင်းဆက် Qing Dynasty တက်လာပါတယ်။ မင် မင်းဆက်ရဲ့ မင်းသားတပါးဖြစ်ပြီး တောင်ပိုင်းဒေသတွေကို အုပ်ချုပ်ရတဲ့ မင်းသား ယုန်လီ Yong Li နဲ့ နောက်လိုက်နောက်ပါတွေဟာ မန်ချုးတို့ကို ရှောင်တိမ်းရင်း တရုတိနိုင်ငံတောင်ပိုင်း၊ နောက်တော့ တောတောင်ထူထပ်ရာ ယူနန်ဒေသကြီး၊ အဲဒီကမှတဆင့် မြန်မာနိုင်ငံထဲကို ၁၆၅၉ ခုနှစ်မှာ ဝင်ရောက်လာခဲ့ကြပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံမှာ အင်းဝမင်းဆက် ပင်းတလဲမင်း စိုးစံနေတဲ့ကာလပါ။ ပင်းတလဲမင်းက ယုန်လီတို့ လူစုကို ခိုလှုံခွင့်ပေးပြီး အင်းဝနဲ့ မလှမ်းမကမ်း ၊ ဧရာဝတီမြစ် တဖက်ကမ်းက စစ်ကိုင်းမှာ နေရာချထားပေးပါတယ်။ ယုန်လီရဲ့ နောက် လိုက်နောက်ပါတွေက ရမ်းကားတာကြောင့် ဒေသခံတွေနဲ့ မကြာခဏပဋိပက္ခတွေ ဖြစ်ပွားကြရပါတယ်။
တရုတ်ရဲ့ ချင်မင်းဆက်အသစ်ကလည်း အရင် မင် မင်းတက်နဲ့ ပတ်သက်တာမှန်သမျှကို ကျုပင်ခုတ်ကျုငုတ်မကျန်အောင် ရှင်းပစ်မယ်လို့ သံဓိဌာန်ချထားတဲ့အတိုင်း ယုန်လီမင်းသား မြန်မာနိုင်ငံရောက်နေတယ်ဆိုတာ ကြားသိတော့ သံ အဖွဲ့တွေစေလွှတ်ပြီး ယုန်လီကို ပြန်အပ်ဖို့ တောင်းဆိုပါတယ်။မြန်မာတို့ဖက်က ယုန်လီကို ပြန်အပ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် မန်ချူးတရုတ်တပ်ဖွဲ့တွေ ယုန်လီကို ပြန်ခေါ်ဖို့ မြန်မာနိုင်ငံထဲ ဝင်ရောက်လာပြီး အင်းဝဆီ ချီတက်လာကြပါတော့တယ်။
မန်ချူးတရုတ်တပ်ဖွဲ့တွေကို ယူနန် ဘုရင်ခံ Wu Sangui ဝူဆန်ဂွီ က ကွပ်ကဲပြီး အင်အား ၉,၀၀၀ နဲ့ ၁၀,၀၀၀ အကြားရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ တရုတ်တပ်တွေဟာ မြန်မာတွေထက် တပ်ဖွဲ့စည်းပုံ စနစ်ကျပြီး လက်နက်အရည်အသွေးအရလည်း ပိုမို သာလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။အမြှောက်လက်နက်တွေ တပ်ဖွဲ့အဆင့် တပ်ဆင်အသုံးပြုမှုမှာ မြန်မာတို့ထက်များစွာသာလွန်တယ်လို့ဆိုပါတယ်၊
တရုတ်တပ်ကို ရင်ဆိုင်မယ့် မြန်မာတပ်ဖွဲ့တွေဟာ အင်အား ၈,၀၀၀ ကျော်ရှိပြီး တရုတ်တပ်တွေကို နိုင်ငံအရှေ့မြောက်နဲ့ ရှမ်းကုန်းမြေမြင့်ဒေသတွေကနေ ဆီးကြို ရင်ဆိုင်ကြပါတယ်။ ဒါပေမယ့်ပိုပြီး စနစ်တကျ လေ့ကျင့်ထားတဲ့ မန်ချုးတပ်တွေကို မြန်မာတပ်တွေ မယှဥ်နိုင်ပါ။
ရေရှည်စစ်ပွဲဆင်နွဲရင် နိုင်ငံနစ်နာဖို့သာရှိတယ်လို့ သဘောပေါက်လာတဲ့ အတွက် မြန်မာတို့ဟာ တရုတ်တို့နဲ့ စစ်ပြေငြိမ်းဖို့လုပ်ဆောင်ပါတယ်။ မင်းသားယုန်လီကို မန်ချူးတို့လက်ထဲ ပြန်အပ်ဖို့ သဘောတူလိုက်တဲ့အတွက် မန်ချူးတပ်တွေဟာ ယုန်လီကို ခေါ်ပြီး ၁၆၆၂ ခုနှစ်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြပါတယ်။
မြန်မာတို့အဖို့ ဒီ စစ်ပွဲကြောင့် နစ်နာရပါတယ်။ မိမိထံအားကိုးတကြီး ခိုလှုံလာတဲ့ ဧည့်သည်ကို အကာအကွယ်မပေးနိုင်တာကြောင့် သိက္ခာကျရတဲ့ အပြင် မန်ချုး တရုတ်တို့ဟာ ယူနန်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခွင့်ရသွားကြပါတယ်။ ဒါ့အပြင် နောက် နှစ်ပေါင်း ၁၀၀ ကျော် မြန်မာတို့ရဲ့ ကုန်းဘောင်မင်းဆက်မှာ ဖြစ်ပွားမယ့် ပိုပြီး ကြီးမားပြင်းထန်တဲ့ တရုတ်–မြန်မာ စစ်ပွဲကြီးများ အတွက် ကြိုတင်ပြီးလမ်းခင်းပေးသလိုဖြစ်ခဲ့ရပါတယ်။
■■ ကုန်းဘောင်ခေတ် တရုတ် ကျုးကျော်စစ်များ ( အေဒီ ၁၇၆၅ –၁၇၆၉ ) —
၁၇၅၂ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်ပါတယ်။ ကုန်းဘောင်မင်းဆက် ပထမပိုင်းကာလတွေမှာ မြန်မာနိုင်ငံဟာ အနောက်ဖက်မှာ မဏိပူရနဲ့ ရခိုင်၊ အရှေ့ဖက်မှာ ယနေ့ရှမ်းပြည်နယ်တခုလုံးနီးပါးကို မြန်မာပိုင်အဖြစ် သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ရှမ်းပြည်ကို မြန်မာတို့ သိမ်းသွင်း လိုက်နိုင်တဲ့အတွက် နှစ်ပေါင်းများစွာ တရုတ် အင်ပိုင်ယာဆီ လက်ဆောင် ပဏ္ဍာ ပုံမှန်ဆက်သပြီး သစ္စာတော်ခံခဲ့ကြတဲ့ ရှမ်း စော်ဘွား နယ်မြေတွေ မြန်မာတို့ဆီ ရောက်ကုန်တာကို တရုတ်တို့က သူတို့ သြဇာစက်ဝန်းကို ထိပါးနှောက်ယှက်လာတယ်လို့ မြင်ကြပါတယ်။ နယ်စပ်တလျောက် နှစ်ဖက် တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားရတာကနေ နောက်ဆုံးမှာ စစ်ပွဲကြီးဖြစ်တဲ့ အထိ ဖြစ်ခဲ့ရပါတော့တယ်။
.
■ သတ္တမ ကျုးကျော်စစ် ( အေဒီ ၁၇၆၅ ) —
ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းမင်းတရား အေဒီ ၁၇၆၀ မှာ ရုတ်တရက် နတ်ရွာစံခဲ့အပြီး သားတော် ဆင်ဖြူရှင် လက်ထက် အေဒီ ၁၇၆၅ ခုနှစ်မှာ မန်ချူး တရုတ်တို့ကျုးကျော်လာခဲ့ပါတယ်။
တရုတ်တပ်ဖွဲ့ကို ယူနန် နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ အဓိကထား ဖွဲ့စည်းထားပြီးတပ်ဖွဲ့ဝင် ၅,၀၀၀ ပါဝင်တယ်လို့ဆိုကြပါတယ်။ ဒီတပ်ဖွဲ့တွေဟာ အမြှောက်လက်နက်ကြီးတွေ မပါရှိပဲ မတ်စကပ် musket သေနတ်တွေကိုပဲ တပ်ဆင်ထားကြတာပါ။ တရုတ်တို့ရဲ့ ရည်မှန်းချက်က ရှမ်းစော်ဘွားနယ်မြေတွေကို တရုတ်ပိုင်နက်အဖြစ် သိမ်းသွင်းရန်၊ မြန်မာတို့အား တရုတ်တို့လက်အောက်ခံဖြစ်စေရန်/ နှစ်စဥ်လက်ဆောင်ပဏ္ဍာ ဆက်သစေရန်နဲ့ တရုတ်ပိုင် ယူနန်နယ်မြေကြီးအရေးကိစ္စတွေမှာ မြန်မာတွေ ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်စေရန် စတာတွေဖြစ်ပါတယ်။
မြန်မာတပ်ဖွဲ့အင်အားက ၇၅၀၀ ကျော်ဖြစ်ပြီး မတ်စကတ် သေနတ်ကိုင်စစ်သည်တွေ၊ လှံပျံတပ်ဖွဲ့တွေ၊ တိုက်ဆင်တပ်ဖွဲ့ တွေ ၊ မဟာမိတ် ရှမ်းတပ်ဖွဲ့တွေ စသည်ဖြင့် ပါဝင်ပါတယ်။
မြန်မာတို့က အရေးပါတဲ့ ဒေသတွေမှာ ခံတပ်မြို့တွေ အခိုင်အခန့်ဆောက်လုပ်ပြီး တပ်စွဲထားကြပါတယ်။ အဓိက ခံတပ်မြို့တွေက ကျိုင်းတုံ၊ ဗန်းမော်နဲ့ တောင်ဖက် ကောင်းတုံ ပါ။
တရုတ်တပ်တွေဟာ တောင်ကြားလမ်းတွေကို အသုံးပြုပြီး ရှမ်းကုန်းမြေမြင့်ဖက်ဆီ ဆင်းလာကြတဲ့အခါ မြန်မာတို့က ပြောက်ကျား တပ်ဖွဲ့လေးတွေနဲ့ တရုတ်တပ်ဖွဲ့တွေကိုပြန်လည် တိုက်ခိုက်ကြပါတယ်။ တရုတ်တပ်ဖွဲ့တွေကို ထောက်/ ပို့ ပြုလုပ်ပေးနေတဲ့ အဖွဲ့တွေကို တိုက်ခိုက်ကြပြီး လက်နက်၊ ရိက္ခာပစ္စည်းတွေကို သိမ်းယူကြပါတယ်။ ဒါကြောင့် တရုတ်တပ်တွေဆီ ရိက္ခာ မှန်မှန် မရောက်နိုင်တော့ပါဘူး။
တောတောင်ထူထပ်တာရယ်၊ ရာသီဥတု ဆိုးရွားလို့ ရောဂါဘယ ထူပြောတာရယ် စတာတွေကြောင့်လည်း တရုတ်တပ်တွေ ရှေ့တိုးချီတက်ဖို့ ခက်ခဲနှေးကွေးလာပါတယ်။ တိုက်ပွဲတွေဟာ ခံတပ်မြို့တွေဖြစ်တဲ့ ကျိုင်းတုံ၊ ဗန်းမော်နဲ့ ကောင်းတုံ တဝိုက်မှာ ပြင်းထန်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကျိုင်းတုံ ခံတပ်မြို့ကို ၁၇၆၅ ခုနှစ်၊ ဒီဇင်ဘာလမှာ တရုတ်တပ်တွေ ဝိုင်းရံပိတ်ဆို့ပြီး သိမ်းပိုက်ဖို့ ကြိုးစားကြပေမယ့် မြန်မာ တပ်မှူး နေမျိုးသူရစည်သူဦးဆောင်တဲ့ မြန်မာတပ်တွေက မြို့ထဲကနေ ထွက်ပြီး တိုက်လိုက်တာ တရုတ်တို့တပ်လန်ပြီး ဆုတ်ခွာ ပြေးကြရပါတယ်။
တရုတ်ဗိုလ်ချုပ် လျူကျောင်း Liu Zao ဟာ ပထမတော့ ဒီရှူံးနိမ့်မှုကို ဘုရင်မသိအောင် ဖုံးကွယ်ထားခဲ့ပေမယ့် နောက်ဆုံးမှာ ဘုရင်ကြီး ရိပ်မိသွားပြီး စစ်မေးဖို့ လုပ်တဲ့အခါ သူ့ကိုယ်သူ ခဲတံချွန်တဲ့ဓါးနဲ့ အဆုံးစီရင်သွားခဲ့ပါတယ်။ ဘုရင်ကြီးလည်း ဒီ ဘာမဟုတ်တဲ့ မြန်မာလို နိုင်ငံမျိုးကို ရှုံးအောင် စစ်တိုက်ရမလားဆိုပြီး ဒေါသ အမျက်ထွက်ကာ ဗိုလ်ချုပ် ယန်ယင်ဂျု Yang Yingju ကို တပ်မှူးအသစ်အဖြစ် ခန့်အပ်လိုက်ပြီး မြန်မာကို ပညာကောင်းကောင်းပေးဖို့ အမိန့်တော်ပြန်ခဲ့ပါတယ်။
■ အဋ္ဌမ ကျုးကျော်စစ် ( အေဒီ ၁၇၆၆ –၁၇၆၇) —
ယန်ယင်ဂျုဟာ ယူနန် ကို ၁၇၆၆ ခုနှစ် နွေရာသီမှာ ရောက်ရှိလာပြီး မြန်မာကို စစ်ထိုးဖို့ ပြင်ဆင်ပါတယ်။ ယန်ယင်ဂျုက အရင်တနှစ်ကလို ကျိုင်းတုံ ခံတပ်မြို့ဖက် စစ်ဆင်မယ့်အစား မြန်မာပြည်အတွင်းပိုင်း အင်းဝနေပြည်တော်ဆီ ချီတက် တိုက်ခိုက်ဖို့စီစဥ်ပါတယ်။ အင်းဝကို သိမ်းပိုက်ပြီး မန်ချူးချင် မင်းဆက်ကို သစ္စာခံမယ့်သူတယောက်ယောက်ကို နန်းတင်ပေးခဲ့ဖို့ပါ စီစဥ်ထားပါတယ်။
တရုတ်တပ်ဖွဲ့ဟာ အင်အား ၂၇,၅၀၀ ကျော်ပါဝင်ပြီး အဲဒီအထဲမှာ မန်ချူးစစ်သည် ၁၄,၀၀၀ နဲ့ မြင်းစီးတပ်ဖွဲ့ဝင် ၂၅၀၀ တို့ပါဝင်ပြီး ကျန်တာက ရှမ်းတပ်တွေဖြစ်ပါတယ်။ တရုတ်တို့ရဲ့ ဗျုဟာက ဗန်းမော်မြို့ / ခံတပ် ကိုသိမ်းပြီး ဧရာဝတီ မြစ်ရိုးအတိုင်း ချီတက်ကာ အင်းဝမြို့တော်ကို သိမ်းပိုက်ဖို့ ဖြစ်ပါတယ်။
မြန်မာတွေဖက်မှာ တပ်ဖွဲ့ဝင် ၁၀,၀၀၀ စုစည်းထားပါတယ်။ အဲဒီ တပ်ဖွဲ့ဝင်တွေထဲမှာ ခြေလျင်စစ်သည် ၄,၅၀၀ ၊ မြင်းစီးတပ်ဖွဲ့ဝင် ၂၀၀၊ ရှမ်း လေးသည်တော် ၄၀၀ စသည်ဖြင့်ပါဝင်သလို ကောင်းတုံခံတပ်မှာ အခိုင်အမာ တပ်စွဲထားတဲ့ အင်အားစုတွေလည်း ပါပါတယ်။ ဆင်ဖြူရှင်ဘုရင်က တရုတ်တို့ရဲ့ စစ်ဆင်ရေးဗျုဟာကို ရိပ်စားမိပြီး ဗန်းမော်ကိုလက်လွှတ်ပြီး တောင်ဖက်က ကောင်းတုံခံတပ်မှာ အခိုင်အခန့် တပ်စွဲစေဖို့ စစ်သူကြီး ဗလမင်းထင်ကို အမိန့်ပေးပါတယ်။ ကောင်းတုံမှာ ၁၇၅၂ သံလျင်တိုက်ပွဲတုန်းက ဖမ်းဆီးရမိတဲ့ ပြင်သစ် ကြေးစား အမြှောက်တပ်ဖွဲ့လည်းရှိနေတညဖြစ်ပါတယ်။ ကောင်းတုံခံတပ်ကို အထောက်အကူဖြစ်စေဖို့ စစ်သူကြီး မဟာသီဟသူရ ဦးစီးတဲ့ တပ်ဖွဲ့တခုက ကျိုင်းဟုံး ( ယူနန်ပြည်နယ်ထဲက ကျင်းဟုန်း Jinghong ) မှာတပ်စွဲနေရာကနေ ရှမ်း မြောက် ဒေသကို ဖြတ်ပြီး ဗန်းမော်အနီးမှာ လာရောက် တပ်စွဲထားစေပါတယ်။
စစ်ပွဲစတော့ ဆင်ဖြူရှင် တွက်ဆထားသလိုပဲ တရုတ်တပ်တွေက ဗန်းမော်ကို အလွယ်တကူ သိမ်းပိုက်လိုက်ကြပါတယ်။ တရုတ်တို့က ဗန်းမော်မှာ ထောက်/ ပို့ စခန်းကြီး ဖွင့်လိုက်ကြပြီး အနီးအနားက ကောင်းတုံခံတပ်ကို ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ကြပါတယ်။ ကောင်းတုံသာ ကျသွားရင် ဧရာဝတီ မြစ်ရ်ုးအတိုင်းစုန်ဆင်းပြီး အင်းဝကို တိုက်ခိုက်ကြဖို့ပါ။ ဒါပေမယ့် ဆင်ဖြူရှင် ကြိုတင်စီစဥ်ထားတဲ့အတိုင်း စစ်သူကြီး ဗလမင်းထင်က ကောင်းတုံကနေ မဆုတ်စတမ်းခုခံပါတယ်။ တရုတ်တပ်တွေ ကောင်းတုံကို မဲပြီး ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေကြတုန်း နောက်ထပ် မြန်မာတပ်ဖွဲ့ကြီး၂ ခုက တရုတ်တို့ကို ဝိုင်းရံပိတ်ဆို့ထားလိုက်ကြပါတယ်။ ယူနန်နယ် ကျိုင်းဟုံးကနေ ချီတက်လာတဲ့ မဟာသီဟသူရရဲ့ တပ်ဖွဲ့ကလည်း တရုတ်တို့ ဗန်းမော်ကနေ တရုတ်ပြည်ထဲ ဆုတ်လမ်းကို ပိတ်ထားလိုက်ပါတယ်။
ရာသီဥတု ဆိုးရွားတာကြောင့် အဝိုင်းခံ၊ ပိတ်ဆို့ခံနေရတဲ့ တရုတ်တပ်တွေမှာ ရောဂါဘယ ထူပြောလာပါတယ်။ တပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီပြီး နာမကျန်းဖြစ်ကာ သေဆုံးကြရတဲ့ အထိပါ။ တရုတ်တပ်မှူးတွေ ဘာလုပ်ရမှန်းမသိကြံရာမရ ဖြစ်နေကြတုန်း မြန်မာတပ်တွေက ဗန်းမော်ကို လျပ်တပြက် ဝင်သိမ်းလိုက်တော့ တရုတ်တပ်ဖွဲ့ကြီး ကောင်းတုံအနီးမှာ ရိက္ခာပြတ်ပြီး ပိတ်မိနေကာတော့တယ်။ တရုတ်တပ်ဖွဲ့ကြီးက ပိတ်ဆို့ဝိုင်းရံထားတာကို ဖောက်ထွက်ပြီး ယူနန်ဒေသထဲ ပြန်လည်ဆုတ်ခွာဖို့ ကြိုးစားတဲ့အခါ တပ်လုံးပြုတ် ချေမှုန်းခံလိုက်ရပါတော့တယ်။
အောင်ပွဲရ မြန်မာတပ်ဖွဲ့တွေဟာ ယူနန်ပြည်နယ်ထဲအထိ ချီတက်ပြီး တရုတ်တို့ လက်အောက်ရောက်နေတဲ့ ရှမ်းဒေသ ၈ ခုကို ပြန်လည် ရယူနိုင်ခဲ့ကြပါသေးတယ်။
ထုံးစံအတိုင်း တရုတ် စစ်သူကြီး ယန်ယင်ဂျုက အခြေအနေမှန်ကို လိမ်လည်ပြီး အစီရင်ခံဖို့ကြိုးစားပေမယ့် ဧကရာဇ်ဘုရင်က ရိပ်မိလို့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ အမိန့်ပေးခြင်း ခံခဲ့ရပါတယ်။
■ နဝမ ကျုးကျော်စစ် ( အေဒီ ၁၇၆၇ –၁၇၆၈) —
မြန်မာကို ကျုးကျော်တိုင်းရှူံးနိမ့်နေရတဲ့အပေါ် ချင် ဧကရာဇ်က အခဲမကျေပါ။ တရုတ်လို အင်ပိုင်ယာနိုင်ငံကြီးတခုကို ဘာမဟုတ်တဲ့ နိုင်ငံလေး ( တရုတ်နဲ့ ယှဥ်ရင်) တခုက မခန့်လေးစားပြုမူတယ်လို့ အမျက်ထွက်ပြီး နောက်တကြိမ် စစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်ပါတယ်။
ချင် ဧကရာဇ်က ဒီတကြိမ်မှာ အနောက်မြောက်ဒေသတွေမှာ အစွမ်းပြခဲ့တဲ့ စစ်သူကြီး မင်ယွီ Ming Rui ကို တပ်မှူးကြီးအဖြစ် ခန့်အပ်ပြီး တပ်ဖွဲ့ဝင် ၇၀,၀၀၀ ကျော်အထိ စုဆောင်းပါတယ်။ ယူနန်ပြည်နယ်နဲ့ အခြား ပြည်နယ်က တပ်သားတွေကို မင်းမိန့်နဲ့ စုဆောင်းပါတယ်။ တရုတ်တပ်ဖွဲ့ကြီးမှာ ခြေလျင်စစ်သည် ၄၂,၀၀၀ နဲ့ သစ္စာတော်ခံ ရှမ်း တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကျော်ပါဝင်ပါတယ်။
အရင် နှစ်ကြိမ်တုန်းက ရှူံးနိမ့်ခဲ့ရတာဟာ မြန်မာနိုင်ငံမြောက်ပိုင်းရဲ့ တောတောင်ထူထပ်ပြီး ရာသီဥတုဆိုးရွားမှုဟာ ရောဂါဘယတွေကို ထိန်းမနိုင် သိမ်းမရ ဖြစ်ပေါ်စေတယ်လို့ ချင်ဧကရာဇ်နဲ့ စစ်သူကြီး မင်ယွီက သုံးသပ်ပြီး ခြေခင်းလက်ခင်းသာတဲ့ ပွင့်လင်းရာသီ ရောက်မှ စစ်ဆင်တိုက်ခိုက်ဖို့ စီစဥ်ကြပါတယ်။
မြန်မာတွေဖက်မှာ ဒီတကြိမ်မှာတော့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတာ အားနည်းပါတယ်။ ဆင်ဖြူရှင်ဘုရင်ဟာ အယုဒ္ဓရကို သိမ်းပိုက်ဖို့သာ အာရုံကျနေတာက အဓိက အကြောင်းအချက်ပါ။ အယုဒ္ဓယကို ၁၇၆၇ ခုနှစ် ဧပြီ ၇ ရက်နေ့မှာ အပြီးတိုင်သိမ်းပိုက်ပြီးတော့ တပ်ဖွဲ့များစွာကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ မိုးရာသီအမှီ ထွန်ရေးငင် လယ်စိုက်ကြဖို့လည်း ဖြစ်ပါတယ်။
တရုတ်တပ်တွေ နောက်တကြိမ် ကျုးကျော်ဝင်ရောက် လာပြီဆိုတဲ့ သတင်း အင်းဝနေပြည်တော်ကို ရောက်လာတဲ့အခါ မြန်မာတွေက အရင်တကြိမ်ကလိုပဲ စစ်ဆင်ဖို့ပြင်ဆင်ကြပါတယ်။ မြန်မာတပ်တွေကို စစ်သူကြီး မဟာသီဟသူရက ကွပ်ကဲပြီး ကောင်းတုံခံတပ်ကို စစ်သူကြီး ဗလမင်းထင်က ကြီးကြပ်ပါတယ်။ အခြား မြန်မာတပ်ဖွဲ့ကြီး ၂ ခုလည်း ရှိပါသေးတယ်။ စုစုပေါင်းတပ်ဖွဲ့ဝင် ၃၂,၀၀၀ ပါရှိပြီး ခြေလျင် တပ်ဖွဲ့ဝင် ၃၀,၀၀၀ နဲ့ မြင်းတပ်ဖွဲ့က ၂,၀၀၀ ပါ။
၁၇၆၇ ခုနှစ်၊ နိုဝင်ဘာလမှာ တရုတ်စစ်သူကြီး မင်ယွီက စစ်ကြောင်းကြီး ၂ ကြောင်းနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းကို စတင်ထိုးစစ်ဆင်ပါတယ်။ အဓိက စစ်ကြောင်းကြီးကို မင်ယွီ ကိုယ်တိုင် ဦးဆောင်ပြီူ ယူနန်ကနေ ရှမ်းမြောက်ဒေသက လားရှိုး၊ သီပေါလမ်းကြောင်းကတဆင့် နမ္မတူမြစ်/ ဒုဌဝတီ/ မြစ်ငယ်မြစ်ကြောအတိုင်း အင်းဝမြို့တော်ဆီ ချီတက်တိုက်ခိုက်ပါတယ်။ နောက်စစ်ကြောင်းတခုက ဗန်းမော်ကို ဦးတည်ပြီး အဲဒီကနေမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အင်းဝဆီ စုန်ဆင်းလာဖို့ဖြစ်ပါတယ်။
မင်ယွီရဲ့ ပင်မစစ်ကြောင်းကြီးဟာ သီပေါနားက သိန္နီမှာ ပင်မ ထောက်/ ပို့စခန်းကြီးဖွင့်လှစ်ပြီး ဆက်လက်ချီတက်လာရာ ဒီဇင်ဘာလကုန်ရောက်တော့ ယနေ့အခေါ် ဂုတ်ထိပ်နားအရောက် မြန်မာတပ်တွေနဲ့ တွေ့ဆုံတိုက်ပွဲဖြစ်ပါတော့တယ်။ တရုတ်တွေက လူအင်အား ၂ဆ သာနေတာကြောင့် စစ်သူ ကြီး မဟာစည်သူရဲ့တပ်တွေရော၊ စစ်ကူလာတဲ့ တပ်တွေပါ ချေမှူန်းခံလိုက်ရပါတယ်။ မင်ယွီတို့လည်းဆက်လက်ချီတက်လာတာ အင်းဝမြောက်ဖက် မိုင် ၃၀ သာဝေးတဲ့ စဥ့်ကူးနေရာအထိ ရောက်လာပါတယ်။
ရန်သူတပ်ဖွဲ့ကြီး မြို့တော်နား နီးကပ်လာနေပေမယ့် ဆင်ဖြူရှင်ဘုရင်က တည်တည်ငြိမ်ငြိမ်ပါပဲ။ မြို့တော်ကနေထွက်မပြေးတဲ့အပြင် တပ်ဖွဲ့ကြီးတခုကို ဦးစီးပြီး စဥ့်ကူးနားမှာ စုဖွဲ့ထားပြီး တရုတ်တို့ကို စစ်ဆိုင်ထားပါတယ်။ အဲဒါအပြင် တိမ်ကြားမင်းခေါင်ရဲ့ ပြောက်ကျားစစ်ဆင်ရေးဗျုဟာနဲ့ တရုတ်တို့ရဲ့ ထောက်/ ပို့ လမ်းကြောင်းကို သိန္နီကနေ စဥ့်ကူးအထိ မိုင်ရာနဲ့ ချီ ရှည်လျားတဲ့ ခရီးအတွင်း ဖြတ်တောက်တိုက်ခိုက်ထားတာ အောင်မြင်မှုတွေရနေပါတယ်။
မင်ယွီကလည်း သူ့ပြသနာနဲ့သူပါ။ တရုတ်မြောက်ပိုင်းကနေခေါ်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ သူတို့နဲ့ အသားမကျသော အညာနွေရဲ့ ပူအိုက်လှတဲ့ ရာသီဥတုမှာ အစာငတ်၊ ရေငတ်နဲ့ ဝမ်းရောဂါအပါအဝင် ရောဂါဘယတွေ ထူပြောလာပါတယ်။ ရိက္ခာကလည်း တိမ်ကြားမင်းခေါင် ပြောက်ကျားတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ မင်ယွီတို့ဆီ မရောက်သလောက်ပါပဲ။
မင်ယွီ့အဖို့ မြောက်ပိုင်းကနေ ဗန်းမော်ကို သိမ်းပြီး ဧရာဝတီ မြစ်ကြောင်း အတိုင်း စုန်ဆင်းလာမယ့် မန်ချုး တပ်တွေကို စောင့်မျှော်ဖို့သာ ရှိပါတော့တယ်။ ဒါပေမယ့် အဲဒီတရုတ်တပ်ဖွဲ့ကြီးဟာလည်း ကောင်းတုံခံတပ်ကြီးကို တိုက်ခိုက်ရင်း အကျအဆုံးများလှတာကြောင့် မင်ယွီ့ဆီက အမိန့်ကို မစောင့်တော့ပဲ ယူနန်နယ်ထဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။
၁၇၆၈ ခုနှစ်နှစ်ဆန်းကိုရောက်တော့ အယုဒ္ဓယကနေ အပြင်းချီတက်လာတဲ့ မြန်မာတပ်ဖွဲ့တွေဟာ ရှိပြီးသား တပ်တွေနဲ့ ပေါင်းပြီး တရုတ်တပ်တွေကို အပြင်းအထန် ထိုးစစ်ဆင်ကြပါတော့တယ်။ မြန်မာတပ်တွေဟာတရုတ်တို့ရဲ့ ထောက်/ ပို့ စခန်း သိန္နီကို ဖေဖော်ဝါရီလထဲမှာ ပြန်လည်သိမ်းပိုက်လိုက်တဲ့အခါ မင်ယွီအဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။
မတ်လရောက်တော့ အညာနွေက သိသိသာသာ အစွမ်းပြလာပါပြီ။ တရုတ်တပ်သားတွေအကြား ငှက်ဖျား အပါအဝင် ရောဂါဘယ ထူပြောလာတာကြောင့်ရယ်၊ ထောက်/ ပို့စခန်းကြီး ပျက်သွားတာရယ်ကြောင့် မင်ယွီဟာ ပြန်လည်ဆုတ်ခွာဖို့ အမိန့်ပေးခဲ့ရပါတော့တယ်။
ဒါပေမယ့်မြန်မာတို့က မင်ယွီနဲ့ လက်ကျန် တရုတ်တပ်ဖွဲ့တွေကို ပြင်ဦးလွင် မှာ ဝိုင်းပတ်ပိတ်ဆို့ပြီး ချေမှူန်းနိုင်ခဲ့ကြပါတယ်။ တရုတ်တပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်ကျဆုံးသွားကြပြီး ၂,၅၀၀ လောက်ကိုပဲ သုံ့ပန်းအဖြစ် .လက်ရဖမ်းမိပါတယ်။
မင်ယွီကတော့ သူ့ရဲ့ ဆံပင်ကျစ်ဆံမြီးကို ဖြတ်ကာ ချင် ဧကရာဇ်ထံ ဆက်သားနဲ့ ပို့လွတ်ပြီး သူကိုယ်တိုင်ကတော့ ပြင်ဦးလွင်အနီးတနေရာမှာပဲ ကြိုးဆွဲချ အဆုံးစီရင်သွားပါတယ်။
■ ဒသမ ကျုးကျော်စစ် ( အေဒီ ၁၇၆၈ – ၁၇၆၉) —
မင်ယွီတို့ မရှုမလှ ရှူံးနိမ့်ရတာကို ချင်ဧကရာဇ်သိသွားတော့ ချက်ခြင်းပဲ နောက်တကြိမ် ကျုးကျော်စစ်ဆင်နွဲဖို့ ဆုံးဖြတ်လိုက်ပြီး ပြင်ဆင်ပါတော့တယ်။ ဒီလို မဆုံးဖြတ်လို့ကလည်း မဖြစ်ဘူးလေ၊ မန်ချူး ချင် အင်ပိုင်ယာကြီး တခုလုံးရဲ့ သိက္ခာနဲ့ သက်ဆိုင်လာနေပြီကိုး။
ဒီတခါ တပ်မှူးကြီးအဖြစ် ရွေးချယ်ခံရသူက ဖူဟေး Fuheng ဆိုသူ သစ္စာရှိ မန်ချုး တပ်မှူးကြီးပဲဖြစ်ပါတယ်။ ဒီတခါလည်း ချင် ဧကရာဇ်တို့ဖက်က သေသေချာချာ ပြင်ဆင်ကြပါတယ်။ လာအိုနဲ့ ထိုင်း နိုင်ငံတွေဆီ သံတမန်တွေစေလွတ်ပြီး တရုတ်တို့ရဲ့ ရည်ရွယ်ချက်တွေကို ရှင်းပြပြီး မဟာမိတ်ဖွဲ့ဖို့ကြိုးစားပါတယ်။
မန်ချူးနန်းတွင်းက ထိပ်တန်းမှုးမတ်တချို့က အင်းဝနေပြည်တော်ကိုလည်း သံအဖွဲ့တွေစေလွှတ်ပြီး နှစ်ပြည်ထောင် ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆေ့းနွေးကြဖို့ လုပ်ဆောင်ကြပါသေးတယ်။ ဒါပေမယ့် မန်ချုး ဧကရာဇ်နဲ့ စစ်သူကြီး ဖူဟေးတို့က လက်မခံပါ၊ မည်သည့်နည်းနှင့်မျှ မြန်မာနှင့် ပြေလည်အောင် မလုပ်ဆောင်ရလို့ အမိန့်ထုတ်လိုက်ပါတယ်။
၁၇၆၉ ခုနှစ် ဧပြီလမှာ စစ်သူကြီး ဖူဟေး ယူနန်ဒေသကြီးကို ရောက်လာပါတယ်။ သူရဲ့လက်အောက်မှာ တပ်ဖွဲ့ဝင် ၂၅၀,၀၀၀ ရှိနေပါပြီ။ ဒီအထဲမှာ တိုက်ရည်ခိုက်ရည်ကောင်းတယ်လို့ ကျော်ဇောတဲ့ မွန်ဂိုတပ်ဖွဲ့တွေ ၄၀,၀၀၀ ကျော် ပါဝင်ပါတယ်။ ဖူဟေးက မြန်မာကို စစ်ကြောင်းကြီး ၃ ခုနဲ့ တိုက်ခိုက်ဖို့ ဗျုဟာရေးဆွဲထားပါတယ်။ ပထမစစ်ကြောင်းက ဗန်းမော်နဲ့ ကောင်းတုံ ခံတပ်တွေကို ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်မှာဖြစ်ပြီး တချိန်တည်းမှာပဲ ပိုမို အင်အားကြီးမားတဲ့ စစ်ကြောင်းကြီး ၂ခုက ဧရာဝတီ မြစ်အတိုင်း အရှေ့ - အနောက် ကမ်းနှစ်ဖက်ကနေ အင်းဝမြို့တော်ဆီ စုန်ဆင်းတိုက်ခိုက်သိမ်းပိုက်ဖို့ စီစဥ်ထားပါတယ်။ ဒီ စစ်ကြောင်းကြီးနှစ်ခုကို မြစ်ကြောင်းကို အသုံးပြုပြီး ထောက်/ ပို့လုပ်ဖို့ပါ စီစဥ်ထားပြီး အဲဒီအတွက် လှေကြီးတွေကို ဦးစီးမောင်းနှင်ဖို့ တရုတ်ရေတပ်သား ထောင်နဲ့ချီပြီးတော့လည်း စုစည်းထားပါတယ်။
ဖူဟေးဟာ မင်ယွီ တို့ရဲ့ တပ်ဖွဲ့ကြီး မအောင်မြင်ခဲ့တာကို သင်ခန်းစာယူပြီး ရှမ်းကုန်းပြင်မြင့်ကနေ စစ်ဆင်တိုက်ခိုက်ဖို့ ငြင်းပယ်ခဲ့တဲ့အပြင် စစ်ကြောင်းကြီးတွေကိုလည်း ဖြေးဖြေးနဲ့ မှန်မှန် ချီတက်ပြီး အင်အားစုစည်းထားဖို့ ညွှန်ကြားပါတယ်။
ချီတက်ရာလမ်းကြောင်း တလျောက် ခံတပ်တွေ တည်ဆောက်ဖို့ကိုလည်းစီစဥ်ပါတယ်။
မြန်မာတို့ကလည်း အင်းဝနေပြည်တော်ကို လာရောက်ကြတဲ့ တရုတ်သံအဖွဲ့တွေ အဆင်မပြေကတည်းက နောက်တချီ စစ်ဖြစ်ဦးတော့မယ်ဆိုတာ ကြိုတင်တွက်ဆမိကြပြီး စစ်ပြင်ကြပါတယ်။ ထိုင်း/ အယုဒ္ဓယ ကနေ တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းပြီးပြီမို့ ဒီတကြိမ် မှာ မြန်မာတပ်ဖွဲ့တွေရဲ့ အင်အားက ၁၅၀,၀၀၀ အထိ ရှိလာပါတယ်။ ဒီတပ်မတော်ကြီးကို စစ်သူကြီး မဟာသီဟသူရက ဦးစီးပါတယ်။ တပ်ဖွဲ့ကြီး ၄ ခု ဖွဲ့စည်းပြီး တပ်ဖွဲ့ကြီး ၃ ခုက တရုတ်တပ်တွေကို ရင်ဆိုင်နေချိန်မှာ ကျန်တဲ့ တပ်ဖွဲ့ကြီးက ပြောက်ကျား စစ်ဆင်ရေးနဲ့ တရုတ် နောက်တန်းက ထောက်/ ပို့ လမ်းကြောင်းကြီးကို ဖြတ်တောက်ဖျက်ဆီးပစ်ဖို့ စီစဥ်ထားပါတယ်။ မြန်မာလှေတပ်ဖွဲ့တခုကိုလည်း ဖွဲ့စည်းပြီး မြစ်ကြောင်းအတိုင်းဆင်းလာမယ့် တရုတ်ရေတပ်ကို ရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားပါတယ်။
ဗန်းမော်နဲ့ ကောင်းတုံခံတပ်တွေကို စစ်သူကြီး ဗလမင်းထင်ကပဲ ဦးစီးကွပ်ကဲပါတယ်။ ပြင်သစ် အမြှောက်တပ်မှူး ပီယား မီလာ့ဒ်က အမြှောက်တပ်ကို တာဝန်ယူ ဦးစီးပါတယ်။
၁၇၆၈ ခုနှစ်၊ အောက်တိုဘာလထဲမှာ ဖူဟေးက တိုက်စစ်ကိုစတင်လိုက်ပါတယ်။ မိုးရာသီမကုန်ဆုံးတတ်သေးချိန်ဖြစ်ပေမယ့် မြန်မာတပ်တွေ အင်နဲ့ အားနဲ့ ရောက်မလာကြသေးခင် လက်ဦးမှု ရယူပြီး တိုက်ခိုက်တာပါ။
စစ်ပွဲစစချင်းမှာပဲ တရုတ်စစ်ကြောင်းကြီး ၃ ခု ပေါင်းပြီး ဗန်းမော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဗန်းမော်ကို ရပြီးတဲ့အခါ မူလက စီစဥ်ထားတဲ့အတိုင်း စစ်ကြောင်းကြီးတခုက ကောင်းတုံ ခံတပ်ကို ဝိုင်းပတ်ပိတ်ဆို့ထားလိုက်ပါတယ်။ ကောင်းတုံ အရှေ့ဖက် ၁၂ မိုင်အကွာက ရွှေညောင်ပင်မှာ ထောက်/ ပို့စခန်းကြီး တည်ဆောက်ပါတယ်။ ကျန်တဲ့ စစ်ကြောင်း၂ ခုက ဧရာဝတီ မြစ်အရှေ့ဖက်ကမ်းနဲ့ အနောက်ဖက်ကမ်း နှစ်ဖက်ညှပ်ပြီး ချီတက်တိုက်ခိုက်ကြပါတယ်။ ဒါပေမယ့် ပြသနာက ဒီမှာစတော့တာပါပဲ။
မြစ်အနောက်ဖက်ကမ်းချီ စစ်ကြောင်းရဲ့ မန်ချုး တပ်မှူးက ရှေ့တိုးချီတက်ဖို့ ငြင်းဆန်ပါတယ်။ တောင်ဖက်ကနေ တက်လာတဲ့ မြန်မာတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တဲ့ အခါ တရုတ်တပ်မှူးက မြစ်အရှေ့ဖက်ကမ်းဆီ ပြန်လည်ဆုတ်ခွာသွားပါတယ်။ မြစ်အရှေ့ဖက်ကမ်းက တရုတ်တပ်မှူးကလည်း သူ့ရဲ့ စစ်ကြောင်းကြီးကို ရှေ့တိုးချီတက်ဖို့ငြင်းဆန်ပါတယ်။
မြေပြင် စစ်ကြောင်းကြီး နှစ်ကြောင်းစလုံး ရပ်တန့်သွားတာကို မသိပဲ စစ်ဦး ကျွံထွက်လာတဲ့ တရုတ်ရေတပ်လှေတွေကို မြန်မာရေတပ်ဖွဲ့က ချေမှူန်းလိုက်တဲ့အတွက် ဖူဟေးရဲ့ ရေကြောင်း ထောက်/ ပို့ စီမံချက်ကြီး ပျက်သုဥ်းသွားပါတယ်။
ရှေ့မတိုးနိုင်မယ့်အတူတူ တရုတ်စစ်ကြောင်း ၃ ခုပေါင်းပြီး ကောင်းတုံခံတပ်ကို ဝိုင်းတိုက်ပါတယ်။ ဗလမင်းထင် ဦးစီးတဲ့ မြန်မာ ရဲမက် တွေကလည်း ရွတ်ရွတ်ချွံချွံ ခုခံပါတယ်။ မန်ချူးတပ်သားတွေက ခံတပ်မြို့ရိုးကို မရမက တွယ်တက်လာကြတဲ့အခါ ထွေးလုံးရစ်ပတ် ဘတပြန် ကျားတပြန် တိုက်ခိုက်မှုတွေအတွင်း နှစ်ဖက်တပ်တွေ အကျအဆုံး များပါတယ်။
ဒါပေမယ့် တရုတ်တွေက ပိုအထိနာတာပါ။ ရွှေညောင်ပင်က ထောက်/ပို့စခန်းကြီးကို မြန်မာတပ်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့အတွက် ရိက္ခာခဲယမ်း အခက်အခဲ ရှိလာပါတယ်။ မြန်မာတပ်တွေက ကောင်းတုံ ခံတပ်ကို ဝိုင်းရံထားတဲ့ တရုတ်တပ်တွေကို ထပ်မံဝိုင်းရံပိတ်ဆို့လိုက်ကြတဲ့ အတွက် တရုတ်တပ်တွေ ထွက်ပေါက်ပိတ်သွားပါတယ်။ ဒါ့အပြင် ယူနန် ထောက်/ ပို့လမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်ထားတော့ အစာပြတ် ရေငတ် ဖြစ်လာပါပြီ။ ပြီးတော့ ရာသီဥတုကြောင့် ရောဂါဘယတွေလည်း ဖြစ်လာပြန်ပါပြီ။
၁၇၆၉ ခုနှစ် နှစ်ဆန်းရောက်တော့ တရုတ်တပ်မှူးတွေက စစ်ရပ်စဲဖို့ အရေးဆိုလာပါတယ်။ တရုတ်တပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်လည်း ကျဆုံးပြီးပါပြီ။ မြန်မာတပ်မှူး တပ်သားတွေက တရုတ်တို့နဲ့ ပြေငြိမ်းဖို့ သဘောမတူ၊ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ဒါပေမယ့် စစ်သူကြီး မဟာသီဟသူရက တာဝန်ယူပြီး တရုတ်တို့နဲ့ စစ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။ စစ်သူကြီး မဟာသီဟသူရက ပိတ်မိနေတဲ့ တရုတ်တပ်တွေကို ချေမှုန်းပစ်လို့ရပေမယ့် အဲဒီလို ဖြစ်ခဲ့ရင် ချင်ဧကရာဇ်က နောက်ထပ်စစ်ပွဲတွေ တပွဲပြီးတပွဲဆင်နွှဲနေမှာသာဖြစ်ကြောင်း၊ နိုင်ငံမှာ တခြား အရေးကြီးတဲ့ လုပ်ကိုင်စရာတွေ ရှိနေသေးကြောင်း၊ ဒါကြောင့် စစ်တွေကို ရပ်စဲလိုက်ကြပြီး နှစ်နိုင်ငံပြည်သူတွေ ငြိမ်းချမ်းစွာ နေကြပါစို့ —စသည်ဖြင့်သူ့တပ်သားတွေ သဘောပေါက်အောင် ရှင်းပြခဲ့ပါတယ်။
၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလလယ်မှာ တရုတ်တပ်မှုးတွေနဲ့ မြန်မာတပ်မှူးတွေ စစ်ပြေငြိမ်းရေး၊ ချစ်ကြည်ရေး စာချုပ်ချုပ်ဆိုကြပါတယ်။ တရုတ်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားကြပေမယ့် လမ်းခရီးမှာ ရိက္ခာအလုံအလောက် ရှာမရလို့ ထောင်နဲ့ ချီပြီး သေဆုံးခဲ့ကြရပါတယ်။
ဒီ ငြိမ်းချမ်းရေး စာချုပ်ကို ဆင်ဖြူရှင်ကရော၊ ချင် ဧကရာဇ်ကရော သဘောမတူပါ။ ဆင်ဖြူရှင်ကဆိုရင် မဟာသီဟသူရကို ရှမ်းပြည်ဆီအထိ နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။
အေဒီ ၁၂၇၇ ခုနှစ်ကနေ အေဒီ ၁၇၆၉ ခုနှစ်အထိ နှစ်ပေါင်း ၅၀၀ နီးပါးအတွင်း တရုတ်တို့ဟာ ဆယ်ကြိမ်တိုင် မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။ ဒီ ဆယ်ကြိမ်ထဲမှာ တကြိမ် ( အေဒီ ၁၆၆၁ –၁၆၆၂) ကလွဲရင် တရုတ်တို့ မြန်မာကို စစ်ပြုရခြင်း ရည်ရွယ်ချက်တွေ က လုံးဝမကောင်းပါ။
အဖျဥ်းဆုံးပြောရရင် နောက်ဖေးပေါက်လုံအောင် buffer regions ကြားခံဒေသတွေ ထားဖို့ ကြိုးစားတာက အနိမ့်ဆုံးအဆင့်ပါ။ သမိုငိးစဥ်တလျောက် တရုတ်နိုင်ငံအင်အား ကြီးမားလာတာနဲ့အမျှ မြန်မာဖက်ကို တနည်းမဟုတ်တနည်းနဲ့ စိတ်ဝင်စားလာတာကို တွေ့ကြရမှာဖြစ်ပါတယ်။
☆•○■□○▪︎☆☆○○□■■■●●●■■
Credit .Si Thu Soe Moe
Comments
Post a Comment