ရခိုင် / ငဇင်ကာ

San Hla Gyi
2025/10/01


ရခိုင်ဖားပို့စ် တစ်ခုမှာ ဘိုးတော်ဦးဝိုင်းက ရခိုင်ကို တိုက်ပြီး မုနိလေးဆူ ပင့်သွားတဲ့အတွက် ဗမာတွေက တောင်းပန်ပြီး ပြန်ပေးရမယ်တဲ့။ ဒါနဲ့ ဟုတ်ကဲ့ တောင်းပန်ပါမယ်၊ ဒါပေမယ့် ရခိုင်ဘုရင် မင်းရာဇာကြီးက အရင်ဆုံး ဘုရင့်နောင် နန်းတော်ကြီးကို မီးတိုက်ပြီး ရွှေတွေ ခွာသွားတာ ပြန်ပေးရမယ်၊ မင်းသမီး ခင်မနှောင်းကို မယားပြုဖို့ ဖမ်းသွားတာ ပြန်ပေးရမယ်၊ နောက်ပြီး ရခိုင်-ပေါ်တူဂီ ကပြား ငဇင်ကာကို သံလျင်မှာ ထားခဲ့ပြီး ဘုရားဌာပနာတွေဖောက်၊ ခေါင်းလောင်းတွေ ဖြုတ်ပြီး အရည်ကျို၊ ဘိက္ခူနီ ရဟန်းမိန်းမတွေကို အတင်း မယားပြုပြီး ဘိက္ခူနီ သာသနာ ပျောက်ကွယ်စေခဲ့တဲ့အတွက် အရင် တောင်းပန်ရမယ်။ အဲဒါတွေ လုပ်ပေးရင် တောင်းပန်ပါမယ် ပြောလိုက်တာ တခါတည်း ဘလော့ပြီး ပြေးရော။ ဒုက္ခပဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွေ အရမ်းနဲ့ ထိခိုက်သွားပြီလား မသိဘူး။

------------------------


မနေ့က ရေးတဲ့ ဘုရင့်နောင် နန်းတော်ကြီး မီးရှို့ ခံရတဲ့ ဇာတ်လမ်းနဲ့ ပတ်သက်ပြီး စပ်ကုန်ကြလို့ လူသိနည်းတဲ့ အမှန်တရားလေးတွေ ထပ်ရေးပေးလိုက်တယ်။

ရခိုင်လူမျိုး တယောက်က ဆိုတယ်။ မြန်မာတွေက ပေါ်တူဂီ ငဇင်ကာလို့ သိထားတဲ့ ငဇင်ကာဟာ ဘိက္ခူနီမတွေ ဖျက်ဆီးခဲ့တာ မဟုတ်ပါဘူးဆိုတဲ့ အချက်။ မဖျက်ဆီးပဲ ဘယ်နေပါ့မလဲ။ ပဲခူးက ကိုးသိန်းကိုးသန်း ဘိက္ခူနီတိုက်က ဘိက္ခူနီမတွေကို သူ့တင်မက သူ့တပ်သားတွေကိုပါ မယားအဖြစ် အတင်းအကျပ် ယူစေသည်လို့ကို ပါပါတယ်။ ယုတ္တိဗေဒအရ စဉ်းစားရင်လည်း ဘုရားဌာပနာတွေဖောက်၊ ခေါင်းလောင်းတွေ အရည်ကြို အမြှောက်လုပ်ဝံ့တဲ့လူက ဘိက္ခူနီမတွေကို မယားအဖြစ်ယူဖို့ ဘယ်လိုလုပ် ကြောက်မှာလဲ။ သူ့စိတ်ထဲမှာ ဒီ မိစ္ဆာဒိဌိမတွေကို ဒီလို ချွတ်ပေးမှ ဖြစ်မယ်လို့တောင် ထင်နေဦးမယ်။

နောက်တချက်က ငဇင်ကာဟာ   ရခိုင်ဘုရင်ရဲ့ အမှုထမ်း ဖြစ်ပေမယ့် နောက်ပိုင်း အာဏာရလာတဲ့အခါ ရခိုင်ဘုရင်နဲ့ ရန်သူ ဖြစ်သွားပါတယ်တဲ့။ ဒါကို ထောက်ခြင်းအားဖြင့် ကန့်ကွက်ပါရစေတဲ့။ အဲဒီ ဇာတ်လမ်းက ဘုရင့်နောင်ရဲ့ နန်းတော်ကြီးကို မီးတိုက်ပြီးတော့ ရခိုင်ဘုရင် မင်းရာဇာကြီးက သံလျင်မှာ ငဇင်ကာကို မြို့စားခန့်ခဲ့တယ်။ ခန့်ခဲ့တာပေါ့။ 

ငဇင်ကာဟာ ရိုးရိုး မင်းမှုထမ်း မဟုတ်ပါဘူး။ ရခိုင်ဘုရင် မင်းဗာကြီးနဲ့ ပေါ်တူဂီ မိဖုရား ပန်ဆီလ်ဒါ (မြန်မာအခေါ် ပဲသီတာရဲ့) သား ဖြစ်နေလို့ပါ။ ရခိုင်မင်းသွေးတဝက် တိတိပါပါတယ်။ အထောက်အထားက ရခိုင်တွေ ရေးတဲ့ ဓညဝတီအရေးတော်ပုံကျမ်းနဲ့ သျှင်မြဝါအတ္ထုပ္ပတိမှာ ပါပါတယ်။ ရခိုင် လေသံနဲ့ ငအင်္ဂါလို့ ရေးပါတယ်။ ဒါပေမယ့် ငဇင်ကာ ခေါ် ငအင်္ဂါဟာ ဘာသာရေးကျတော့ အဖေလို ဗုဒ္ဓဘာသာ မဖြစ်ပဲ အမေဘက်က ဘာသာကို ယူသွားပါတယ်။ အံ့သြစရာက ရခိုင်ဘုရင် မင်းဗာကြီးဟာ ဘုန်းတန်းကြီးတယ်သာ ပြောတယ်၊ အိပ်ရာထဲက သူ့မယားနဲ့ သားကိုတောင် သြဇာမညောင်းတာ သေချာတယ်။ 

ရခိုင်ကပြား ငဇင်ကာဟာ အစတုန်းကတော့ ရခိုင်ဘုရင်ကို အခွန် မှန်မှန်ဆက်ပါတယ်။ နောက်ပိုင်းကျတော့ မဆက်တော့ပါဘူး။ သံလျင်ကိုလည်း မြို့ရိုး အခိုင်အခံ့လုပ်ပြီး လက်နက်အပြည့်အစုံ စုဆောင်းထားပြီးပါပြီ။ အဲဒီတော့မှ ရခိုင်ဘုရင် မျက်လုံးပြူးပြီး သားတော် မင်းခမောင်းကို စစ်သူကြီးခန့်ပြီး တိုက်ဖို့ လွှတ်ပါတယ်။ ရခိုင်ကပြား ငဇင်ကာက ရခိုင်ရေတပ်ကို တပ်လုံးပြုတ်အောင် တိုက်နိုင်တဲ့ အပြင် အိမ်ရှေ့မင်းသား မင်းခမောင်းကိုပါ အရှင်မိပါတယ်။ မင်းခမောင်း ကိုးလတိတိ အဖမ်းခံရပါတယ်။ ဓညဝတီအရေးတော်ပုံကျမ်းနဲ့ ပေါ်တူဂီမှတ်တမ်း ၂ ခုလုံး ပါပါတယ်။ နောက်ဆုံး ရခိုင်မင်းသားကို ငွေပေးပြီး ပြန်ရွေးရတဲ့အပြင် နောင် ဘယ်တော့မှ လာမတိုက်တော့ပါဘူး ဆိုတဲ့ ကတိပါ ပေးရပါတယ်။ ရခိုင်ရာဇဝင်မှာ ငွေပေးတယ်လို့ ပါတယ် ဘယ်လောက်ပေးရတယ် မပါပါဘူး ပေါ်တူဂီ မှတ်တမ်းကတော့ ပေါ်တူဂီငွေ ၅ သောင်းလို့ ဆိုပါတယ်။ 

အဲဒီလို မနိုင်မနင်း ဖြစ်လာတော့မှ ဘုရင့်နောင်ရဲ့မြေး အနောက်ဘက်လွန်မင်းက သံလျင်ကို ဝင်တိုက်ပြီး ငဇင်ကာခေါ် ရခိုင်ကပြား ငအင်္ဂါကို မြို့လည်မှာ အားလုံးကြည့်ခိုင်းပြီး ကွပ်မျက်လိုက်ပါတယ်။ သံလျင်တိုက်ပွဲမှာ အနောက်ဘက်လွန်မင်းရဲ့ အညာသား စစ်သည်တွေ အလွန် ကျဆုံးပါတယ်တဲ့။ ဘာလို့လည်းဆိုတော့ မြို့ရိုးပေါ်က ရှေးဦး ပေါ်တူဂီ အမြှောက်တွေနဲ့ ပစ်လို့ပါ။ ငဇင်ကာကို သတ်ပေမယ့် သူ့နောက်လိုက် ပေါ်တူဂီတွေကိုတော့ မသတ်ပဲ ရွာတည်ပေးပြီး အမှုထမ်း ခန့်ခဲ့လို့ ခုထက်ထိ ရွှေဘိုဘက်မှာ အညာလေနဲ့ စကားပြောတဲ့ ပေါ်တူဂီတွေ ရှိပါသေးတယ်။

နောက်ဆုံး တချက်ကတော့ ရယ်ရပါတယ်။ မင်းရာဇာကြီးက ဘုရင့်နောင် နန်းတော်ကြီးကို မီးရှို့ရတာ ယိုးဒယားက ဗြနရာဇ် ခေါ် နရဲစွမ် နယ်ချဲ့မှာ ကြောက်လို့ပါတဲ့။ အရယ်ရဆုံး အချက် ဖြစ်ပါတယ်။ မီးရှို့တာတောင် ကိုယ်တွေက ကျေးဇူး ပြန်တင်ရမလို ဖြစ်နေပါတယ်။ မီးရှို့ရုံတင် မဟုတ်ပါဘူး။ ဘုရင့်နောင်ရဲ့ နန်းတော်က ကြေးရုပ်ထု ၃၀၊ ရွှေ၊ ငွေ၊ ဘုရင့်နောင်ရဲ့ မြေးတော် မင်းသမီး ခင်မနှောင့်နဲ့ ရံရွေတော် ၃၀၀၊ ဆင်ဖြူ ဆင်မည်း အများအပြား၊ အပြင် ပဲခူးက အိမ်ထောင်စုပေါင်း ၃ သောင်း ၃ ထောင်ကို တခါတည်း ဖမ်းသွားပါတယ်။ ဘယ်မှာ ပါသလဲ မမေးပါနဲ့ ရခိုင်ရာဇဝင်မှာကို ရေးထားတာပါ။ ပစ္စည်းတွေ ယူတာကတော့ ထားပါတော့။ အိမ်ထောင်စုပေါင်း ၃ သောင်း ၃ ထောင်က ဘာလို့ ဖမ်းသွားရတာလဲ သက်သက်မဲ့ ထမင်းကုန်အောင်လို့ မမေးပါနဲ့။ ကျွန်ဈေးမှာ သွားရောင်းမလို့ပါ ခင်ဗျာ။ ရခိုင်တွေက အစကတည်းက ပင်လယ်နဲ့ နီးတော့ ပေါ်တူဂီ၊ ဒတ်ချ်တွေနဲ့ ဆက်ဆံနေတော့ အဲဒီလူတွေ နိုင်တဲ့ဒေသက လူတွေကို ဖမ်းပြီး ကျွန်ဈေးမှာ သွားရောင်းတာကို အစကတည်းက အတုခိုးထားပါတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ ရခိုင်ဘုရင်တွေဟာ အင်အားကြီးလာရင် တချို့ဒေသတွေကို ဝင်တိုက်ပြီး လူတွေဖမ်း ကျွန်ဈေးမှာ သွားရောင်းတယ်လို့ ပါပါတယ်။ အင်ဒိုနီးရှားက သကြားစိုက်ခင်းတွေ အထိ သွားရောင်းကြပါသတဲ့။

အဲတော့ ကိုယ်လုပ်တုန်းကတော့ ရခိုင်တန်ဆောင်ခေတ် ဆိုပြီး ဝင့်ကြွားနေပြီး သူများ ပြန်လုပ်တော့မှ ကျူးကျော်တယ် ဆိုတော့ မခက်ပေဘူးလား။ သိရအောင် ရေးပြတာပါ။

----------


  • မူရင်းပို့စ် = https://www.facebook.com/sanhlagyi/posts/pfbid0kW4sj4CLbkMpefiVDSKSSasDoZBCzimaa9qAL9KxgWXWCbsgin3mKkx6PoaYGgCrl

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ