ကျန်စစ်သား ၏ ဇာတိမြေ
ဘုန်းတင့်ကျော်
"ပရိမ္မ ဇာတိ ဗြဟ္မာ ဗမာကျန်စစ်သားမင်းကြီးကို
ကျောက်ဆည်မွန်ဟု လုစ် လုပ်ဇာတ်ထွင်ခဲ့ခြင်း"
အညာ ပရိမ္မ သား ဗြဟ္မာမျိုး ကျန်စစ်သားကို ကျောက်ဆည် မွန်လူမျိုးလို့ လုစ်က လိုရာဆွဲ လုပ်ကြံ ရေးသားပြောဆိုထားခဲ့ပါတယ်။
လုစ်ရဲ့ ဗမာအစ ကျောက်ဆည် အယူအဆ ဆိုတာဟာ အမှန်သမိုင်းမဟုတ်ပဲ လံကြုတ် လုပ်ဇာတ် ဖြစ်ကြောင်း၊ ခေတ်ပြိုင် အထောက်အထားများနဲ့ မကိုက်ညီပဲ ကွဲလွဲ မှားယွင်းတဲ့ အယူအဆ ဖြစ်ကြောင်းကို မြန်မာသမိုင်းပြုစုရေးအဖွဲ့ (မြန်မာသမိုင်းကော်မရှင်အဖွဲ့) သုတေသနစာတမ်းဖတ်ပွဲမှာ ၂၀၀၃ ခုနှစ်က ကျွန်တော် အထောက်အထားများနဲ့ တင်ပြ ဖတ်ကြားခဲ့ပြီး သမိုင်းပါမောက္ခလုစ် ရဲ့ ဗမာအစ ကျောက်ဆည် အယူအဆဟာ ကျွန်တော် ဖော်ထုတ် တင်ပြ ဖတ်ကြားတဲ့ အထောက်အထားများအရ မှားယွင်းကြောင်းတွေ့ရလို့ သမိုင်းပညာ လုပ်ထုံးလုပ်နည်းအရ ပယ်ကြောင်း စာတမ်းဖတ်ပွဲ သဘာပတိ ဆရာကြီး ဒေါက်တာ သန်းထွန်းက သဘာပတိ စကားပြောကြားကာ ပယ်ခဲ့ပြီး ဖြစ်ပါတယ်။
လုစ်ဟာ ဗမာသမိုင်းရော၊ တိုင်းရင်းသားများသမိုင်းတွေရောနဲ့ ပတ်သက်ပြီး စိတ်ပျက်စရာကောင်းလှတဲ့ အမှားတွေ၊ အိပ်ယာဝင်ပုံပြင် လက်သစ်သမိုင်းလုပ်ဇာတ် သမိုင်းအတုတွေ အများကြီး ရေးသားဖြန့်ချိခဲ့ပါတယ်။
ကျောက်ဆည်ဒေသကြီးကို မွန်ဒေသလို့ ယူဆကြောင်း လုစ် ပြောတာဟာ ခေတ်ပြိုင် အထောက်အထားများနဲ့ မညီညွတ်ပဲ မှားယွင်းနေသလို ကျန်စစ်သားကို ကျောက်ဆည် မွန်အုပ်စုရဲ့ ခေါင်းဆောင်လို့ ယူဆပြောဆိုခြင်းဟာလည်း အထောက်အထားမရှိပဲ မှားယွင်းတဲ့ စိတ်ကူးယဉ် တီထွင်ချက်မျှသာ ဖြစ်ပါတယ်။
အေဒီ ၈ ရာစု ၉ရာစု ကျောက်ဆည်ဒေသကြီးကို မွန်ဒေသလို့ လုစ် ယူဆပြောဆိုရာမှာ သူတင်ပြတဲ့ မွန်ကျောက်စာဆိုတာက သက္ကရစ် လုံးဝမပါပါဘူး။
အဲဒီ ကျောက်ဆည်ဒေသတွေ့ မွန်ကျောက်စာကို ရေးထိုးထားတဲ့ အက္ခရာ ပုံသွင်တွေဟာ အေဒီ ၈-၉ ရာစု အက္ခရာပုံသွင်မျိုးတွေ မဟုတ်ပဲ အေဒီ ၁၁ရာစု - အေဒီ ၁၂ရာစု ဆန်း အက္ခရာပုံသွင်များသာ ဖြစ်နေပါတယ်။ ဆရာဦးနိုင်ပန်းလှဟာ သူ အတော် ချစ်ခင်လေးစာတဲ့ လုစ် ကျမ်းကိုးပြတဲ့ ကျောက်ဆည် မွန်ကျောက်စာ ကို အေဒီ ၈ရာစု - ၉ရာစု မွန်ကျောက်စာလို့ သဘောတူခြင်းမရှိပဲ အဲဒီကျောက်စာပါ အက္ခရာပုံသွင်များအရ ( စတုတ္ထ) ပုဂံ ခေတ်လယ်ခန့် အေဒီ ၁၂ရာစုခန့် မွန်ကျောက်စာသာဖြစ် နိုင်ခြေရှိကြောင်း ရေးသားခဲ့ပါတယ်။
အဲဒီ မွန်ကျောက်စာမှာ ကျောက်ဆည် ဒေသကြီးကို အေဒီ ၈- ၉ ရာစု မွန်ဒေသလို့ ဖော်ပြခြင်း တလုံး တပါဒမျှ မပါရှိသလို ကျန်စစ်သား မင်း အကြောင်းလည်း တလုံးမှ မပါပဲ ကျောက်ဆည် က မွန်သံဃာ တစ်ပါးကနေ ပုဂံ သာသနာပိုင်ထံ သိမ်ဆောက် ခွင့် ပြုဘို့ ခွင့်တောင်းပြီး သိမ်တည်တဲ့ အကြောင်းအရာ၊ အလှူ ပြုတဲ့ အကြောင်း အရာသာဖြစ်ပါတယ်။
အဲဒီကာလ ကျောက်ဆည်နယ်တွင်းက ဗုဒ္ဓဘာသာ မွန်သံဃာဟာ ပုဂံ နိုင်ငံ သာသနာပိုင်ရဲ့ ဦးဆောင်မှုအောက် မှာရှိကြောင်း၊ သိမ်ဆောက်ဖို့ ပုဂံသာသနာပိုင် ဆရာတော်ကြီးထံ တင်ပြ ခွင့်တောင်းခံရကြောင်း အထောက်အထားသာ ဖြစ်ပါတယ်။ လုစ်အကိုးပြတဲ့ မွန်ကျောက်စာဟာ ကျောက်ဆည်နယ်ကြီးကို အေဒီ ၈ရာစု မွန်နယ် လို့ပြောစရာ အထောက်အထား မဟုတ်ပါဘူး။
ပုဂံ ကျန်စစ်သားမင်းကြီးကို ပရိမ္မသား ဗြဟ္မာ ဗမာ မဟုတ် ကျောက်ဆည်သား မွန်ပါလို့ ပြော ဘို့ရာ လည်း တလုံးမှ အဲဒီ ကျောက်ဆည် တွေ့ မွန်ကျောက်စာမှာ မပါပါဘူး။
အေဒီ ၈ရာစုထက် နှစ် ၃၀၀ခန့် နောက်ကျတဲ့ အေဒီ ၁၁ရာစု - အေဒီ ၁၂ ရာစု ဆန်းစ အတွင်းရေးထိုးတဲ့ ကျောက်စာကို အေဒီ ၈ရာစု - ၉ရာစု သမိုင်းအတွက် အထောက် အထားအဖြစ် လုစ် သုံးခြင်းဟာ သမိုင်းပညာစံ မဝင် ပဲ သမိုင်းပညာစံန့ဲ လွဲချော်နေတ့ဲ အမှားတခုသာ ဖြစ်ပါတယ်။
သမိုင်းဆရာတစ်ဦးဟာ သူပြောနေတ့ဲ အေဒီ ၈ရာစု - ၉ရာစု အကြောင်းချင်းတ အတွက် အေဒီ ၈ရာစု - ၉ ရာစု ခေတ်ပြိုင် အထောက်အထား ပေးတင်ပြမှ ပညာရပ်စံဝင် ဘောင်ဝင် ပါတယ်။ အေဒီ ၈ ရာစု - ၉ ရာစု အကြောင်းကို သူပြောနေရင် သူပြောတာ မှန်ကြောင်းအတွက် အေဒီ ၈ရာစု - ၉ရာစု ကျောက်စာမျိုးကို ခေတ်ပြိုင် အထောက်အထားအဖြစ် တင်ပြမှသာ သမိုင်းပညာ စံဝင် စံမီ ဖြစ် ပါတယ်။ အဲဒီလို မဟုတ် ရင် သမိုင်းပညာစံမမီစာမျိုးသာ ဖြစိပါတယ်။
အခု လုစ် လုပ် ပုံက ကျောက်ဆည် ဒေသကြီးကို အေဒီ ၈ရာစု - ၉ရာစု မွန်ဒေသလို့ သူထင်မြင် ယူဆကြောင်း စကားပြောပြီး အဲဒီ စကားအတွက် ကျောက်ဆည်နယ် အေဒီ ၈ရာစု- ၉ ရာစု ခေတ်ပြိုင် မွန် ကျောက်စာ ရယ်လို့ တစ်ချပ်မှ ဖော် ပြနိုင်ခြင်း လုံးဝ မရှိပဲ နှစ် ၃၀၀ ခန့်နောက်ကျတဲ့ အေဒီ ၁၁ ရာစု - အေဒီ ၁၂ ရာစုဆန်းစခန့် မွန်ကျောက်စာကို သူပြောနေတ့ဲ အေဒီ ၈ - ၉ ရာစု သမိုင်းဆိုင်ရာ အယူအဆ အတွက် အထောက် အထားပါလို့ တင်ပြခြင်းဟာ သမိုင်းပညာ စံ န့ဲ အင်မတန်မှကို လွဲချော်ပြီး မှားယွင်းနေပါတယ်။ ဒါကြောင့် လုစ်ရ့ဲ ဒီရေးသားချက်ဟာ ယုံကြည် လက်ခံ စရာမရှိပဲ ပယ်စာရင်းဝင် စာ မျိုးသာဖြစ်ပါတယ်။
ရှေးကျောက်ဆည် နယ်ကြီးဟာ မွန်ဒေသ မဟုတ်ကြောင်း၊ ဗြဟ္မာခေါ် ပျူ ဒေသကြီး ဖြစ်ကြောင်း ဟာ ပညာရှင်တွေ ငြင်းမရတ့ဲ အထောက်အထားတွေ အရ ၁၉၈၀ ပြည့်နှစ် မတိုင်ခင် ကတည်းက ပေါ ် ပေါက် လာခ့ဲပြီးဖြစ်ပါတယ်။ ကျောက်ဆည် မြစ်သားနယ်မှာ ယာယီ အမည်ပေး မိုင်းမော ပျူ မြို့ဟောင်းခေါ ် ပင်လယ်ပျူ မြို့ဟောင်းကြီးကို ပျူယဉ်ကျေးမှု အထောက်အထားပစ္စည်းများ၊ ပျူစေတီကုန်းဟောင်းများ န့ဲ မြနဒီ ပျူကျောက်စာတွေန့ဲ တကွ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ဦးစီးဌာနက တူးဖော်လေ့လာ တွေ့ရှိပြီး ကမ္ဘာသိ ဖော်ထုတ် ခ့ဲ ပြီး ဖြစ်ပါတယ်။
ရှေးဟောင်း ကျောက်ဆည်ပျူနယ်ကြီးကို အထောက်အထားမရှိပဲ မွန်နယ်ကြီးလို့ ပြောခ့ဲတ့ဲ လုစ် စကားမှားကြောင်းဟာ အထက်ပါ ပျူ မြို့ဟောင်းကြီးန့ဲ မြနဒီ ပျူကျောက်စာ၊ ပျူယဉ်ကျေးမှု ပစ္စည်း အထောက် အထားများအရ ကောင်းစွာ ထင်ရှားပေါ ်ပေါက် ခ့ဲပြီးဖြစ်ပါတယ်။
နောက် ပြီးတော့လည်း ကျန်စစ်သားမင်းကြီးကို ကျောက်ဆည် ဇာတိ လို့ ပြုပြင် လုပ်ဇာတ် ခင်းပြောဘို့ အတွက် ကျန်စစ်သားမင်းကြီး ဇာတိ ဟာ အညာ ပရိမ္မ လို့ ဖော်ပြထားတ့ဲ ပရိမ္မ မြန်မာဘာသာ ကျောက်စာကို ပုဂံခေတ်ထိုး မဖြစ်လောက်၊ အင်းဝခေတ်ထိုးလို့ ယူဆရတယ် ဆိုတဲ့ မခိုင်မာတဲ့ ဆင်ခြေပေးပြီး (ဆိုလိုချင်တာက မူလထိုးကျောက်စာမဟုတ်ပဲ ဆင့်ထိုးကျောက်စာ လို့ ဆိုလိုကာ ) လုစ် ဖယ်ချန် ထားခဲ့ ပါတယ်။ မူလထိုး မဟုတ်ပဲ မူလထိုးကျောက်စာကို ပြန်ရေးကူးထိုးထားတဲ့ ဆင့်ထိုးကျောက်စာတွေဟာ သမိုင်းတန်ဘိုးရှိပြီး သုံးသင့်ကြောင်း ဆရာကြီး ဒေါက်တာသန်းထွန်း ၊ ဆရာမကြီးဒေါက်တာရီရီ၊ ဆရာကြီး ဦးအောင်သော် ( ညွှန်ကြားရေးဝန်၊ ရှေးဟောင်းသုတေသနဦးစီး ဌာန ) တို့က စစ်ဆေး သုံးသပ် ပြောဆိုထားတာ ရှိပါတယ်။
ကျန်စစ်သားမင်း ပရိမ်မ ကျောက်စာကို မူလထိုးကျောက်စာဖြစ်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနက ပုံနှိပ်ထုတ်ဝေတဲ့" မန္တလေး နန်းတွင်း ကျောက်စာ အတွဲ (၁) မှာ ဖော်ပြထားပါတယ်။
ကျန်စစ်သားမင်းကြီးကို ကျောက်ဆည်နယ် မွန်အုပ်စုကလို့ ပြောဘို့အတွက် ကျန်စစ်သားမင်းကြီးထက် အနည်းဆုံး နှစ် ၁၇၈နှစ် ခန့် နောက်ကျတဲ့ ပုဂံခေတ် မြန်မာကျောက်စာ တစ်ချပ်ကိုလည်း ထပ်မံ ကိုးကားပြခ့ပြန်ပါတယ်။ သကရစ် ၅၅၂ထိုး မြန်မာဘာသာ ကျောက်စာ ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသန ဦးစီးဌာနထုတ် ရှေးဟောင်းမြန်မာ ကျောက်စာများ ပဌမတွဲ မှာ အမှတ်စဉ် ၃၀ - ထီးလိုင်မင်းသမီး ခင်အုန် အိငြိမ်းသင် ကျောက်စာ လို့ အမည် တပ် ပေးထားပါတယ်။
လုစ် နဲ့ ဦးဖေမောင်တင် တည်းဖြတ် ပုံနှိပ် ထုတ်ဝေတဲ့ တိုင်းရင်းပုံထုပ် ကျောက်စာများ စတုတ္ထတွဲ မှာ အမှတ်စဉ် တိုင်းရင်း - စ - ၃၆၅/ခ တပ် ကျောက်စာ ဖြစ်ပါတယ်။
အဲဒီ မြန်မာ( ဒုတိယ အကြိမ် ဖြိုကြွင်း) သကရစ် ၅၅၂ ခုနှစ် လို့ ဖော်ပြ ရေးထိုးတဲ့ ကျောက်စာထဲမှာ အလှူရှင် အမည်ထဲမှာ ထီးလိုင်မင်းသမီး ခင်ဥိန်လို့ ရေးထိုးပါရှိပါတယ်။ ဒီ ကျောက်စာပါ အမည် ထီးလိုင်မင်းသမီး ခင်ဥိန်ကို ထောက်ပြပြီး ထီးလှိုင် အရပ်ဟာ အညာပရိမ္မမှာ မဟုတ်ဘူး၊ ကျောက်ဆည် နယ် ထဲ က ဖြစ်တယ် ဆိုပုံဟာလည်း မခိုင်မာပါဘူး။ ယုံကြည် စရာ မရှိပဲ လိုရာဆွဲ ပြော ပုံ မျိုးသာ ဖြစ်နေပြန်ပါတယ်။
ကျောက်ဆည်နယ်ထဲက ကျောက်စာမှာ ထီးလှိုင် မင်းသမီး ခင်ဥိန် ပါရုံနဲ့ ထီးလှိုင် အရပ် ကို ကျောက်ဆည် နယ်က လို့ ပြောလို့မရပါဘူး။ စစ်ကိုင်းတိုင်းထဲက ထီးလှိုင် အရပ်ကို အပိုင်စားရတဲ့ ထီးလှိုင် မင်းသမီး ဟာ ကျောက်ဆည်နယ် မှာ အလှူ လာလုပ်တယ်လို့သာပဲ ပြောစရာရှိပါတယ်။
ဥပမာ ဆိုရရင် အနော်ရထာမင်း အမည် ပါတ့ဲ အုတ်ခွက်ဘုရားကို မိုးမိတ်နယ် နွားတလည် ရွာ ဘုရားမှာ တွေ့ရတာန့ဲ အနော်ရထာမင်းကြီးကို မိူမိတ် နွားတလည် ဇာတိသားလို့ ပြောရင် အကြီးအကျယ် လွဲ မှားမှာဖြစ်သလို အနော် ရထာမင်းအမည်ပါ အုတ်ခွက် ဘုရားကြီးတွေကို တွံတေး ကံဘ့ဲ မောင် တီး အရပ်က ဘုရားစေတီ မှာတွေ့ ရလို့ အနော်ရထာ မင်းကြီးကို တွံတေး သားလို့ ပြောရင်လည်း မှားမှာသာ ဖြစ်ပါတယ်။
စည်သူမင်းကြီးဟာ မပင်စရ အရပ်က ဆည် ကြီးကို ပြန်လည် ဆည် ဖို့ ပြုပြင်တည်ဆောက်ကြောင်း ကျောက်စာ ထဲမှာ ပါတ့ဲ စည်သူမင်းကြီး အမည်ကို ပြပြီး စည်သူမင်းကြီးကို မင်းဘူး ၆ခရိုင် နယ်ကြီးထဲ က မပင်စရ အရပ်ဇာတိ သားလို့ ပြောရင်လည်း မှန်မှာ မဟုတ်ပါဘူး။ အခြားသေ ာ ပုဂံခေတ် မြန်မာ ကျောက်စာတွေလည်း ရှိပါသေးတယ်၊ မိမိ အကြောင်းညီညွတ်လို့ စေတီ သိမ် ဘုရား တခုခု ကောင်းမှု ပြုတ့ဲ အရပ်ဒေသက တခု၊ ကောင်းမှုရှင် ရ့ဲ ဇာတိ အရပ် က အခြားတနယ် ဆိုတာ သိသာထင်ရှားတ့ဲ ပုဂံခေတ် မြန်မာ ကျောက်စာ တွေ ရှိပါတယ်။
ပါမောက္ခလုစ်အနေန့ဲ ထီးလှိုင် ရှင် ခေါ် ကျန်စစ်သားရ့ဲ ဇာတိ ထီးလှိုင် အရပ်ဟာ ( မွန် ဒေသလို့ သူဘာသာ အထောက်အထားမရှိပဲ လိုရာဆွဲ လုပ်ဇာတ်ခင်းထားတဲ့) ကျောက်ဆည်နယ်ကြီးထဲ က ဖြစ်တယ်၊ ဒါကြောင့် ထီးလှိုင်ရှင် ကျန်စစ်သားဟာ ကျောက်ဆည်သားဖြစ်တယ်၊ ဒါကြောင့် ကျန်စစ်သားဟာ ဗမာ မဟုတ်ပဲ မွန်ဖြစ်တယ်၊ ကျောက်ဆည် မွန်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒါကြောင့် ဗမာမင်းကြီးတွေ ဖြစ်တ့ဲ အနော်ရထာတို့ စောလူးတို့န့ဲ မတည့်ပဲ ပြသာနာတွေ ဖြစ်တယ်၊ ပုဂံ နန်းတော်က နေ ထွက်ပြေး ရတယ် လို့ ပါမောက္ခ လုစ်ဟာ အထောက်အထားမဲ့ ဆန်းပြားတဲ့ လုပ်ဇာတ်အသစ်ကို အံံသြဖွယ်ရာ ကြံစည်တီထွင် ရေးသား ပြောဆိုခဲ့ပါတယ်။ လုစ် ဂိုဏ်းသားတွေက လုစ်ရဲ့ အမှားတွေကို ယနေ့အထိတိုင်အောင် ဘက်လိုက် ဖုံးကွယ် ပေးထားကြပါတယ်။
ဒါ့အပြင် ကျောက် ဆည် မွန်မျိုး ကျန်စစ်သားမင်းကြီးရ့ဲ မြေးတော် အလောင်းစည်သူမင်းဟာ ဗမာ စစ်စစ် မဟုတ်ပဲ မွန် ဗမာ ကပြားဖြစ်တယ် လို့ ဆက်လက်ပြီး လုပ်ဇာတ် ခင်းခဲ့ပါတယ်။ ကျန်စစ်သားမင်းကြီးဟာ မွန် ၊ သူ့မြေး အလောင်းစည်သူမင်းကြီးဟာ မွန်ဗမာ ကပြားဆိုတာ မျက်နှာဖြူ ဖိုးဖိုးကြီး လုစ် ပြောခဲ့တဲ့ ကလေးများအတွက် ထူးထူးဆန်းဆန်း အိပ်ယာဝင် ပုံပြင် တစ်ပုဒ်သာ ဖြစ်ပါတယ်။
ခေတ်ပြိုင် အထောက်အထားမရှိပဲ ရေးတဲ့ စာမျိုးကို သမိုင်းပညာက ပုံပြင်လို့ပဲ သတ်မှတ်ပါတယ်၊ အမှန်သမိုင်းအဖြစ် မယုံကြည် သလို လက်မခံ ပါဘူး။
မြန်မာ့သမိုင်းမှာ ဘုန်းကံကြီးမားပြီး တိုင်းပြု ပြည်ပြု ဗုဒ္ဓသာသနာပြု မင်းများအဖြစ် ကျော်ကြားထင်ရှားတဲ့ ဗြဟ္မာ မြန်မာမင်းကြီးများမှာ ပါဝင်တဲ့ ကျန်စစ်သားမင်းကြီးနဲ့ သူ့မြေးတော် အလောင်းစည်သူ မင်းကြီး ၂ပါးကို မြန်မာမဟုတ်ပဲ မွန်လို့ လုစ်လုပ်ဇာတ်ပုံပြင်ထွင် ရေးရာမှာ သမိုင်းပညာစံနှုန်းမဝင်စွာ ရေးသားခ့ဲပါတယ်။
ဆိုလိုတာက ကျန်စစ်သားနဲ့ အလောင်းစည်သူတို့ကို မွန်မျိုးနွယ်လို့ ပါမောက္ခလုစ် ရေးသားစာတွေ မှာ ခေတ်ပြိုင် ကျောက်စာအထောက်အထား၊ ခေတ်ပြိုင် မှတ်တမ်းတွေ ဘာတခုမှ မပြနိုင်ပဲ အထောက်အထားမဲ့ လိုရာဆွဲ စိတ်ကူးယဉ် ဇာတ်လမ်းဆင် ရေးသားတာ ဖြစ်လို့ သမိုင်းပညာစံ မဝင် ပါဘူး။ ယုံကြည် လို့မရ သလို အတည်ပြုလို့ လည်း မရတဲ့ ပယ်စာရင်းဝင် စိတ်ကူးယဉ်စာ အဆင့်သာရှိပါတယ်။
ဒီလို စိတ်ကူးယဉ်စာ ရေးသားရာမှာ လုစ်ဟာ အမှားအချို့ကို ပြုလုပ်ခဲ့ပါတယ် --
၁။ သက္ကရာဇ်မပါတဲ့၊ အက္ခရာ ပုံသွင် အရ အေဒီ ၁၁ - ရာစုထက် မစောကြောင်း ကောင်းစွာ သိသာထင်ရှားနေတဲ့ မွန်ကျောက်စာကို အေဒီ ၈ရာစု ကျောက်ဆည် နယ် မွန် အထောက်အထားအဖြစ် တလွဲသုံးစွဲခြင်း။
၂။ ကျန်စစ်သားမင်းကြီးထက် ၁၇၈ နှစ်ခန့် နောက်ကျနေတဲ့ မြန်မာ ၅၅၂ ခုနှစ် ကျောက်စာကို ကျန်စစ်သားမင်းနဲ့ ခေတ်ပြိုင်မဟုတ်ပဲ ကျန်စစ်သားသမိုင်းပြုစု ပြောဆိုရာမှာ တလွဲ သုံးစွဲခြင်း။
၃။ ကျန်စစ်သားမင်းကြီးဖွားရာ ဇာတိ ဟာ ပရိမ္မ ဖြစ်ကြောင်း ဖော်ပြ ရေးထိုးထားတ့ဲ ပရိမ္မ မြန်မာ ကျောက်စာကို ဖယ်ချန်ခဲ့ ခြင်း ။
၄။ အနော်ရထာမင်းကြီး၏ သားချစ် ဖြစ်တော်မူသောကျန်စစ်သားနဲ့ ကျန်စစ်သားမင်းကြီးရဲ့ မြေးချစ် ဖြစ်တော်မူသော အလောင်းစည်သူမင်းလို့ အတိအလင်း ဖော်ပြထားတဲ့ အလောင်းစည်သူမင်း ရေးထိုးခဲ့တဲ့ လှည်းထောင်ဘုရား မြန်မာ ကျောက်စာကို ဖယ်ချန်ထားခဲ့ ခြင်း။
၅။ ထီးလှိုင် ပရိမ္မအရပ် ဟာ စစ်ကိုင်းတိုင်းထဲ မှာ ကျန်စစ်သားမင်းကြီးရဲ့ ပရိမ္မကျောက်စာနဲ့ တကွ ရှိနေတာကိုချန်ရုံမျှမက ကျန်စစ်သားမင်းကြီးထက် နှစ် ၁၇၀ကျော်နောက်ကျတ့ဲ ၅၅၂ နှစ် မြန်မာ ကျောက်စာကို တလွဲသုံး ပြောဆိုခြင်း။
၆။ ကျန်စစ်သားဟာ ပရိမ္မကျောက်စာအရ အညာသားမြန်မာလို့ ထင်ရှားနေတာကို ဖယ်ချန်ပြီး အထောက်အထားမရှိပါပဲ ကျန်စစ်သားမင်းကြီးကို ကျောက်ဆည်နယ်သား မွန်လူမျိုးဟု လုပ်ဇာတ်ထွင်ခြင်း။
၇။ ခေတ်ပြိုင် အထောက်အထားမရှိပဲ အလောင်းစည်သူမင်းကြီးကို မွန်မြန်မာ ကပြား ဟု လုပ်ဇာတ်ထွင်ရေးသားခြင်း -
စတဲ့ အမှားတွေကို လုစ် လုပ်ဆောင် ခဲ့ပါတယ်။
သမိုင်းပညာဝါရင့် သမိုင်းသုတေသန ဝါရင့် ကမ္ဘာကျော် သမိုင်းပါမောက္ခ လုစ်ဟာ ဘာကြောင့် အထက်ပါ အမှားတွေကို ကျူးလွန် ခဲ့တာလဲ ။ အင်မတန် တော်ပါတယ် စေ့စပ် လှပါတယ်လို မျက်နှာဖြူချင်း ချီး မွမ်း ခန်းဖွင့်ကြတ့ဲ လုစ် တော်တာလား၊ ရှော်တာလား။ လုစ်ဟာ လူရှော်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ သမိုင်းပညာရှင် တဦးမှာ ရှိရမယ့် ပညာရှင် သမာဓိ ချွတ်ယွင်းသူ၊ အမှန်သမိုင်းကို ဖျက်ဆီးသူ ဖြစ် ပါတယ်။
လုစ်ဟာ တော်ရဲ့သားနဲ့ သမိုင်းပညာစံနှုန်းနဲ့ မကိုက်ညီတဲ့ အမှားတွေကို ဘာကြောင့် လက်ရဲဇက်ရဲ ကျူးလွန်ပြီး မြန်မာမျိုး ကျန်စစ်သားကို မွန် မဟုတ်ပဲ မွန်ဖြစ်အောင် လုပ်ဇာတ် တီထွင် ရေးသားခ့ဲတာလဲ။ လုစ်ရ့ဲ စိတ်စေတနာဟာ မြန်မာသမိုင်းကို အမှန်အတိုင်း ပေါ် ပေါက် စေချင်တာလား၊ မြန်မာသမိုင်းဖျက်ချင်တာ၊ ပုဂံ မြန်မာမင်းဆက် သမိုင်းဖျက် ချင်တာလား။ မြန်မာန့ဲ အခြးတိုင်းရင်းသားတွေကို စိတ်ဝမ်းကွဲ စေချင်တာလား။
သမိုင်းပညာစံနှုန်းတွေကို သူ ကိုယ်တိုင် သိရှိနားလည် ရုံမျှသာမက သူပါမောက္ခလုပ်နေတ့ဲ ရန်ကုန် တက္ကသိုလ်က မြန်မာနိုင်ငံသား လူမျိုးစုံ သမိုင်းကျောင်းသူကျောင်းသားတွေကို သမိုင်းပြုစုပုံ စံနှုန်းတွေကို သင်ပေးနေတ့ဲ ဝါရင့် သမ္ဘာရင့် သမိုင်းပါမောက္ခကြီး လုစ်ဟာ ကျန်စစ်သားသမိုင်း၊ အလောင်းစည်သူမင်း သမိုင်းတွေကို ရေးသားရာမှာ သမိုင်းပညာက လက်မခံ တ့ဲ ၊ သမိုင်းပညာစံ မမီတ့ဲ အမှားတွေကို ဘာကြောင့် ကျူးလွန် ပြီး စိတ်ကူးယဉ် လုပ်ဇာတ်ထွင် ဝံံ့တာလဲ ။
ဒီလုပ်ရပ် မျိုးဟာ သမိုင်းကျောင်းသူကျောင်းသားတွေ အတွက် စံပြ လုပ်ရပ်လား။
သမိုင်းပညာရပ်က အသိအမှတ်ပြုတ့ဲ ပညာရပ်စံနှုန်းန့ဲ မညီပဲ ရေးတ့ဲ စာဆိုရင် နာမည်ကျော် သမိုင်းပါမောက္ခကရေးလည်း သမိုင်းပညာက အသိအမှတ် မပြုပဲ ပယ်ပါတယ်။ သမိုင်းပညာက အမှန်သမိုငကိုပဲ လိုချင်တာပါ။ သမိုင်းပညာရှင်တွေ ဟာလည်း အမှန်းသမိုင်းကို သမာဓိရှိစွာ ခေတ်ပြိုင် အထောက်အထားများန့ဲ ဖော်ထုတ် ပြုစုဘို့ တာဝန် အကြီးဆုံး ရှိသူတွေပါ။
ကျန်စစ်သားမင်းကြီးကို မွန်၊ အလောင်းစည်သူ မင်းကြီးကို မွန် မြန်မာ ကပြားလို့ ပုဂံမြန်မာမင်းဆက် သမိုင်းဖျက် လုစ် လုပ်ဇာတ်ထွင် ရေးခ့ဲတ့ဲ သမိုင်းအတုကို ကိုင်ပြီး မြန်မာနိုင်ငံ အတွင်းက မြန်မာ မဟုတ်တ့ဲ သူအချို့ က ပြော လာတိုင်း အဲဒီလို သမိုင်းအတု လုပ်ဇာတ်ကိုင်စွဲ ပြောသူတွေ န့ဲ မြန်မာ တွေ အချင်းများကြရပါတယ်။ လုစ် လိုချင်တာ ဒါမျိုးလား။
သမိုင်းအမှန် သိလိုသော စာဖတ်သူများသို့
မေတ္တာရည်လျက်
ဘုန်းတင့်ကျော်
ကျမ်းကိုး။ ။
၁။ ရှေးဟောင်းမြန်မာကျောက်စာများပဌမတွဲ၊ အမှတ်စဉ် ၃၀၊ ထီးလှိုင် မင်းသမီး ခင်ဥန် အိငြိမ်းသင် ကျောက်စာ၊ သက္ကရာဇ် ၅၅၂ ခုနှစ်။
၂။ Inscriptions of Burma editted by Luce ,G.H. and Pe Maung Tin , Volumn 4 (တိုင်းရင်းပုံထုပ် စတုတ္ထတွဲ ၊ တိုင်းရင်း - ၃၆၅ /ခ ။ ၅၅၂ခုနှစ် မြန်မာ ကျောက်စာ
၃။ မန္တလေးနန်းတွင်းကျောက်စာ အတွဲ (၁)၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန၊
ပထမ အကြိမ်၊ ၂၀၁၁ခုနှစ် စက်တင်ဘာလ၊ အမှတ်စဉ် ၂ ၊ လှည်းထောင်ဘုရားကျောက်စာ။ ကြောင်း- ၁၊ " ....မင်ကြိ နောရထာ သားချစ် တမူ လည်းဖ္လစ်ခသော၊ ထိလိုင် အသျှင် ကလန်စစ်သာ မ္လေချစ်တမူလ၊(ကြောင်း - ၂ ၊) ည် ဖ္လစ်ထသော ရွှေကူ တိကာ မအိုဝ် ချမ်သာ သတဝ်ရှည်သည် "
၄။ အထက်ပါစာအုပ် ၊ အမှတ်စဉ် ၄၊ ပရိမ္မ ထီးလှိုင်သျှင်ဘုရားကျောက်စာ။
" ကြောင်း - ၄၊ ....မိမိဖွာရာ ပရိမ်ပြည် နှိုက် ဓိလိုင်သျင် မင်ကြီ စေ ( ကြောင်း- ၅၊) တီ တည်၏.... "
၅။ နိုင်ပန်းလှ၊ ပါမောက္ခ ဒေါက်တာ၊ သုတေသန စာပေများ၊ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ လ၊ ပထမ အကြိမ်၊ အမှတ်စဉ် - ၂၀၊ ကျောက်ဆည် မွန်ကျောက်စာ၊ နှာ - ၈၃၊ ယာကော်လံ၊ အောက်ဆုံးပိုဒ်၊ နှာ - ၈၄၊ ဝဲကော်လံ ၊ ပထမ ပိုဒ်၊ " ယင်းကျောက်စာတွင် သက္ကရာဇ် မပါသော်လည်း စာလုံးပေါင်း အရေးအသား အသုံးအနှုန်းတို့ကို လေ့လာထောက်ရှု ခြင်းအားဖြင့် ကျန်စစ်သား နောက်ပိုင်း သို့မဟုတ် အလောင်းစည်သူခေတ် ထက် ရှေးကျပုံ မပေါ ် ချေ။ ထိုကြောင့် ယင်းကျောက်စာသည် .... .... " မြန်မာ အစ ကျောက်ဆည်က " ဆိုသော ဆောင်ပုဒ်ကို များစွာ ထောက်ခံသော ကျောက်စာဟု ယူဆဖွယ်ရာမရှိ။ ထိုမွန်များသည် အနော်ရထာခေတ်တွင် သထုံမှ ကျောက်ဆည်သို့ သု့ံပန်း အဖြစ် ရောက်ရှိ နေသည်ဟု ဆရာဦးဖိုးလတ် ယူဆသည်ကို ထောက်ခံသလို ဖြစ်နေပေသည်။ နိုင်ပန်းလှ။ "
၆။ချစ်သိန်း၊ ဦး၊ ရှေးဟောင်းသုတေသန ဝန်ထောက်၊ တည်းဖြတ် ဘာသာပြန်သူ၊ ရှေးဟောင်း မွန်ကျောက်စာ ပေါင်းချုပ်၊ ပြည်ထောင်စု ယဉ်ကျေးမှု ဌာန၊ ရှေးဟောင်း သုတေသန ဌာနခွဲ၊ ၁၉၆၅ခုနှစ် ။
အပိုင်း ၁ ၊ မွန်ကျောက်စာ ဖတ်ရှုချက်များ၊ နှာ - ၁၁၀၊ အမှတ်စဉ် ၅၈ - မွန်ဘာသာ ၊ ကျောက်ဆည် ကျောက်စာ။
အပိုင်း ၂၊ မွန်ကျောက်စာ မြန်မာဘာသာပြန်များ၊ နှာ - ၅၈၊ ။ အမှတ်စဉ် - ၅၈၊ ကျောက်ဆည် ကျောက်စာ ဘာသာပြန်။
၇။Luce, G.H., Kyanzittha'possible connectionwith Kyaukse, JBRS XLII, i,June 1959, page - 110 to 112.
- မူရင်းလင့် = https://www.facebook.com/permalink.php?story_fbid=pfbid0urQs8W5r9sSBpEa38vHHhYMiuaSTcEXFEeMmQpVuZ69MrAZWzHNBu2UmPvizWADpl&id=100057080305565






Comments
Post a Comment