ပျူခေတ် နိုင်ငံအမည်နှင့် အကျယ်အဝန်း

 ဘုန်းတင့်ကျော်

"ပထမ မြန်မာ နိုင်ငံတော် သရေခေတ္တရာ ၏ထင်ရှားသော အမည်များ၊  သက်တမ်း နှင့် အကျယ်အဝန်း"

  ( ဂုဏ်ယူဖွယ်  နှစ်နှစ်ထောင်ကျော် သရေခေတ္တရာ ဗြဟ္မာဗမာ ခေါ် ပျူ ခေါ်  မြန်မာ သမိုင်း ) 

နိဒါန်း 

ရှေးမြန်မာ ရာဇဝင်မှတ်တမ်းတို့သည် ဗမာ မြန်မာလူမျိုး၏ မူလ အမည်ရင်းမှာ ဗြဟ္မာ ဖြစ်ကြောင်းဖော်ပြကြသည်၊၊ ကာလ ကြာရှည်လတ်သော်  ဗြဟ္မာ အမည်မှ ဗရမ္မာ၊ ဗရမာ၊ ဗမာ ဟု၎င်း၊  ဗြဟ္မာ ဗရမ္မာ  မရမ္မာ မရမာ မြန်မာ ဟု၎င်း၊  ဗြဟ္မာ  ဗရမ္မာ ဗရမာ ပရမ္မာ ပရမာ ပရမ ပရိမ်မ  ဟု၎င်း၊  ဗြဟ္မာ ဗြုံမ်မာ ပြုံမ်မှာပြုမှာ  ပြု ပျူဟု၎င်း  အမည်ပွားများ ဖြစ်ပေါ်  ခေါ်ဝေါ် ခဲ့ကြကြောင်း  မှတ်တမ်းတင် ဖော်ပြကြပါသည်၊၊   

အဆိုပါ မြန်မာရာဇဝင် သမိုင်းဆိုင်ရာ စာပေများ၊ လူမျိုးသမိုင်းများ၊  ရာဇဝင်စာများမှာ  တကောင်းခေတ် ပြိုင်စာ၊ သရေခေတ္တရာ ခေတ်ပြိုင်စာ၊ ပုဂံခေတ်ပြိုင်စာများမဟုတ်ကြပဲ နောက်ကျသော အင်းဝခေတ်၊ တောင်ငူ - ညောင်ရမ်းခေတ်၊  ကုန်းဘောင်ခေတ်တို့ကျမှ ရှေးခေတ် ရာဇဝင် မှတ်တမ်း ပေစာ ကျောက်စာများကို  ကိုးကားကာ   ပြုစုရေးသားသောစာများဖြစ်၍ သမိုင်းပညာက သက်ဆိုင်ရာခေတ်၏ ခေတ်ကာလအတွင်း ခေတ်ပြိုင်ရေးခဲ့သော ရာဇဝင်မှတ်တမ်းများမဟုတ် နောက်ရေးရာဇဝင်စာများဟု သတ်မှတ်သော မှတ်တမ်းစာများဖြစ်ကြပါသည်၊၊  

သို့သော်  နောက်ရေး မှတ်တမ်းများတွင်   ရေးသားဖော်ပြချက်တို့သည်    တကောင်း သရေခေတ္တရာ ပုဂံ ခေတ် တို့က ကြွင်းရစ်သော   ခေတ်ပြိုင်ကျောက်စာ  အထောက်အထားများ၊  ပြည်တွင်းပြည်ပ ခေတ်ပြိုင် မှတ်တမ်းအထောက်အထားများနှင့် ကိုက်ညီမှန်ကန်မှု ရှိလျှင်  ယင်းသို့ ကိုက်ညီသော  နောက်ရေး ရာဇဝင်တို့ပါ  မှတ်တမ်းတင်ချက်မျိုးကို  မှန်ကန်သော သမိုင်း အချက်အဖြစ် သမိုင်းပညာက  လက်ခံပါသည်၊၊ 

ရှေးမြန်မာသမိုင်းရာဇဝင်မှတ်တမ်းတို့တွင်ဖော်ပြသော   ဗြဟ္မာ အမည်မှ  ဗရမ္မာ ဗရမာ မရမ္မာ မြမ်မာ မြန်မာ၊  ပရမ္မာ ပရမာ ပရမ ၊  ဗြဟ္မာ ဗြုံမ်မာ ပြုံမ်မှာ ပြုမှာ ပြု ဟူသောအမည်ပွားများကို  ပုဂံခေတ် မြန်မာ ကျောက်စာများတွင် ရေးထိုးဖော်ပြချက်များ၊ ရှေးတရုတ်မှတ်တမ်းများတွင် ရေးသားမှတ်တမ်းတင်ဖော်ပြချက်မျာ၊ ရှေးအိန္ဒိယ ရှေးဘင်္ဂလားမှတ်တမ်းများတွင်  မှတ်တမ်းတင် ဖော်ပြချက်များ နှင့်  ကိုကိညီမှန်ကန်ကြောင်း  မြန်မာသမိုင်းပြုစုရေးအဖွဲ့ စာတမ်းဖတ်ပွဲတွင်  အဆိုပါ ခေတ်ပြိုင် အထောက်အထားပေါင်းစုံ အစုစုဖြင့်  ပျူစစ်လျှင် မြန်မာ ဟူသော ရှေးဆိုရိုးစကား  မှန်ကန်မှု ရှိကြောင်း  တွေ့ရှိချက်ကို   သုတေသနစာတမ်းပြုစုထားခြင်းကို   ကျွန်တော် အစစ်ဆေးခံ တင်သွင်းဖတ်ကြားခဲ့ပါသည်၊၊

အဆိုပါစာတမ်းဖတ်ပွဲသို့ တက်ရောက်ကြားနာ  စစ်ဆေးသော သမိုင်းပညာရှင်ရှင်များ တဦးမှ ကန့်ကွက် ပယ်ရှားနိုင်ခြင်း မရှိခဲ့ပဲ စာတမ်းဖတ်ပွဲ သဘာပတိ ဆရာကြီး ဒေါက်တာသန်းထွန်းက ပျူစစ်လျှင် မြန်မာဆိုသည်ကို  လက်ခံ အတည်ပြုခဲ့ပါသည်၊၊ ဆရာကြီးဒေါက်တာသန်းထွန်းက  ပညာရှင် သမာဓိရှိစွာဖြင့်  တင်ပြသော အထောက်အထားများအရ ပျူသည်မြန်မာဖြစ်ကြောင်း၊  ပျောက်ဆုံးနေသော ပျူလူမျိုးကို ပြန်ရှာတွေ့ပြီ ဖြစ်ကြောင်း ပြောကြား အတည်ပြုခဲ့ပါသည်၊၊  ၂၀၀၄ခုနှစ် မတ်လက ဖြစ်ပါသည်၊၊

ရှေးဟန်လင်း တကောင်း သရေခေတ္တရာ ပုဂံသားတို့သည်  ဗြဟ္မာ ခေါ်  ပျူခေါ်  မြန်မာ ဗမာများဖြစ်ကြောင်း ခေတ်ပြိုင် အဖောက်အထားပေါင်းစုံဖြင့်   ခိုင်မာထင်ရှားစွာ   ပေါ်ပေါက်ခဲ့ပါသည်၊၊  ယနေ့တိုင်ရှိနေသော ခေတ်ပြိုင် အထောက်အထားပေါင်းစုံတို့ကို   ထိန်ချန်ပြီး  ပျူသည် မြန်မာ မဟုတ် ဟု  ပြောဆိုခဲ့သော ဗလက်ဒင်နှင့် လုစ်တို့၏ ရေးသားပြောဆိုချက်များ မှားယွင်းကြောင်းသည်လည်း  ဖုံးကွယ် မရတော့ပဲ ပေါ် ပေါက်ခဲ့ပါသည်၊၊

သရေခေတ္တရာလူမျိုးနှင့်  နိုင်ငံသည် အိန္ဒိယ ဘင်္ဂလား အထောက်အထားများအရ  ဗြဟ္မာ လူမျိုး ဗြဟ္မာ နိုင်ငံဖြစ်ပါသည်၊၊ ရှေးတရုတ်မှတ်တမ်း အထောက်အထားများအရ  သရေခေတ္တရာပျူ နှင့် ပုဂံ ပျူဟူသည်မှာ  ဗြဟ္မာလည်းခေါ် မြန်မာလည်း ခေါ်သော လူမျိုးတမျိုးတည်းသာ ဖြစ်သကဲ့သို့ ပျူနိုင်ငံဟူသည်မှာ ဗြဟ္မာနိုင်ငံ မြန်မာနိုင်ငံ  ဖြစ်ပါသည်၊၊

ဘီစီ ၉ ရာစု -  ၆ ရာစု တကောင်းသမိုင်း၊ ဘီစီ ၅ ရာစု - အေဒီ ၁ -ရာစု သရေခေတ္တရာသမိုင်းနှင့် အေဒီ ၂ ရာစု  -  ၁၃ ရာစု ပုဂံသမိုင်းတို့သည်  ဗြဟ္မ ဗမာ ခေါ်  မြန်မာတို့၏ မျိုးရိုးစဥ်ဆက် မမေ့အပ်သော ဂုဏ်ယူဖွယ်ရာ   မြန်မာ သမိုင်းကြီးများဖြစ်ကြပါသည်၊၊

၁၊၊  နှစ်နှစ်ထောင်ကျော် အခါက  သရေခေတ္တရာနိုင်ငံကြီး၏ ထင်ရှားသော အမည်များ

ယခုအထိ တွေ့ရှိထားပြီးဖြစ်တဲ့  ခေတ်ပြိုင်အထောက်အထားများအရ ပထမ မြန်မာ အင်ပါယာနိုင်ငံတော်ဟာ သရေခေတ္တရာခေတ် ဗြဟ္မာ ဗမာ ပျူ ခေါ်  မြန်မာနိုင်ငံ ဖြစ်ကြောင်း ကောင်းစွာ ထင်ရှား ပေါ်ပေါက်လျက် ရှိပါတယ်။

ယခုအခါ တွေ့ရှိထားတဲ့  ခေတ်ပြိုင် အထောက်အထားများအရ အရှေ့တောင်အာရှကုန်းမဒေသကြီးပေါ်မှာ   လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့   အရှေ့ တောင် အာရှ. ဒေသကြီးရဲ့  အစောဆုံး အင်ပါယာခေါ် ဧကရာဇ်နိုင်ငံတော်ကြီးဟာ အေဒီ ၂ရာစု မှ ပေါ်ပေါက် တဲ့ ပထမ က​မ္ဘောဒီးယားနိုင်ငံလည်းမဟုတ်၊  အေဒီ ၆ ရာစုမှာ ပေါ်ပေါက်တဲ့  ဒုတိယ ကမ္ဘောဒီးယားနိုင်ငံ ခေါ်  ခမာနိုင်ငံလည်း မဟုတ်၊   အေဒီ ၈ ရာစုအခါမှ ပေါ်ပေါက်တဲ့ ဒွါရာဝတီ တောင်ပိုင်းက ရာမညနိုင်ငံဆိုတာလည်း မဟုတ်၊  အေဒီ ၁၃ ရာစု အလယ် နားကျမှ ပေါ်ပေါက်တဲ့ ယိုးဒယားခေါ်  ထိုင်းနိုင်ငံလည်း မဟုတ်ကြပဲ ဗြဟ္မာ ဗမာလို့လည်းခေါ်  ပျူလို့လည်းခေါ်တွင်တဲ့ မြန်မာတို့ရဲ့  သရေခေတ္တရာ မင်းနေပြည်ခေတ် မြန်မာနိုင်ငံတော်ကြီး ဖြစ်ပါတယ်။

ပထမမြန်မာနိုင်ငံတော်ဆိုရာမှာ သရေခေတ္တရာမင်းနေပြည်ခေတ် ပထမမြန်မာဧကရာဇ်နိုင်ငံခေါ်   မြန်မာ အင်ပါယာ နိုင်ငံကို ဆိုလိုတာ ဖြစ်ပါတယ်။   ဧကရာဇ်နိုင်ငံအင်ပါယာနိုင်ငံ ဆိုတာဟာ မြို့ပြနိုင်ငံ city state အဆင့်ထက်   မနှိုင်းသာအောင် များစွာ ကျော်လွန် မြင့်မား သွားပြီ ဖြစ်ပါတယ်။  မြို့ပြနိုင်ငံဆိုတာက မြို့တစ်မြို့ကို မင်းတစ်မင်းနိုင်ငံတစ်ခုအဖြစ်  နေထိုင်ကြတဲ့  လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ဧကရာဇ် နိုင်ငံဖြစ်ဘို့ ဧက္ကရာဇ်မင်းကြီးတွေ ရှိရပါတယ်၊၊ ဧကရာဇ်မင်းကြီးဆိုတာက သြဇာခံ နယ်ကြီး နယ်ငယ်တွေ၊ မြိုကြီးမြို့ငယ်တွေ၊ နယ်ကြီးမြို့ကြီးကို အုပ်ချုပ် ကြီးကဲရတဲ့ ဘုရင်ခံခေါ်  နယ်စားကြီးတွေ၊  မြို့ကြီးမြို့ငယ် တမြို့စီကို အုပ်ချုပ်မင်းလုပ်တဲ့ မင်းကြီးတွေ မင်းငယ်တွေ မြို့သူကြီးတွေ၊ ရွာသူကြီးတွေ  အများရဲ့  အပေါ်ကနေ စိုးမိုးအုပ်ချုပ်ရတဲ့ အမြင့်ဆုံး ထိပ်ဆုံး အာဏာပိုင် မင်းကြီး ဖြစ်ပါတယ်။ မြန်မာရာဇဝင်တွေမှာ မင်းတကာ့ မင်းတို့အ‌ပေါ်က   အကြီးမြင့်ဆုံး အာဏာပိုင် မင်းကြီးကို ရာဇာဓိရာဇာ  ဧကရာဇ်မင်းကြီးလို့ ခေါ်ဆို ဖော်ပြကြလေ့ရှိပါတယ်။  

သရေခေတ္တရာ မင်းကြီးတွေရဲ့ သြဇာပိုင်စိုး ဗုဒ္ဓသာသနာပြုခဲ့တဲ့ တိုင်းပေါင်း ၁၀၀ ကျော် ရှိကြောင်း  သရေခေတ္တရာ အတိတြာမင်းကြီး ကျောက်အိုးစာ အထောက်အထားအရ သိရပါတယ်၊၊ တိုင်း၁၀၀ကျော် ဆိုတော့ သရေခေတ္တရာ ဧကရာဇ်မင်းကြီးတွေမှာ   လက်အောက်ခံ သြဇာခံ  ဘုရင်ခံ  မင်းကြီးမင်းငယ် ပေါင်း  ၁၀၀ ကျော် ရှိကြောင်းနဲ့  သရေခေတ္တရာမင်းကြီးတွေဟာ  မြို့ပြနိုင်ငံ မင်းအဆင့်ထက် များစွာ သာလွန်တဲ့  မင်းတကာ့မင်းဧကရာဇ်မင်းကြီးတွေ ဖြစ်ကြောင်းကို  အတိတြာမင်းကြီး ကျောက်အိုးစာက ပြညွှန်နေပါတယ်၊၊  ဗြဟ္မာ ဗမာနဲ့ မြန်မာနိုင်ငံသားတွေ အဘို့ ဂုဏ်ယူစရာ သမိုင်းဖြစ်ပါတယ်၊၊ ဒါကြောင့် ရှေးမြန်မာခေါ်  ရှေးဗြဟ္မာ ဗမာကြီးတွေက  "ဇာတိ ပုည ဂုဏ် မာန" ဆိုတဲ့ ဆိုရိုးစကားကို  လက်ဆင့်ကမ်းထားခဲ့ပါတယ်၊၊

ဗမာဗြဟ္မာဆိုတာ သမိုင်းမရှိတဲ့ သူမျိုးမဟုတ် သမိုင်းနုတဲ့ သူမျိုးမဟုတ်ပဲ  လွန်ခဲ့တဲ့ နှစ် ၂၀၀၀ကျော်ကတည်းက   အရှေ့တောင်အာရှဒေသကြီးမှာ  ဗမာ ဗြဟ္မာ အင်ပါယာနိုင်ငံတော် ထူထောင် နေထိုင်လာခဲ့တဲ့ လူမျိုး၊  အိန္ဒိယဒေသနဲ့ စိနဒေသကြားမှာ ကိုယ့်မင်းကိုယ့်ချင်း ကိုယ်ပိုင်နိုင်ငံ ကိုယ်ပိုင် ယဥ်ကျေးမှုတွေနဲ့  ဘယ်သူ့ကျွန် ဘယ်သူ့ တပြည့်မှ မဖြစ်ခဲ့ပဲ ကိုယ်ပိုင်သမိုင်းကြောင်း မြင့်မားတဲ့ အရည်အချင်းရှိတဲ့  ထေရဝါဒဗုဒ္ဓဘာသာ ဗမာယဥ်ကျေးမှုကြီး (Buddhist  Brahmar Civilization) ကို ထူထောင်ပိုင်ဆိုင် နေထိုင် ထွန်းကားလာတဲ့ လူမျိုးဆိုတာ   နောင်လာနောင်သားတွေ သိစေဘို့ရာ  ရှေးဗမာကြီးတွေဟာ   သရေခေတ္တရာရာဇဝင် ၊  ပုဂံရာဇဝင် ခေါ်   ရှေးဗမာ သမိုင်းမှတ်တမ်းတွေကို  ရေးမှတ် လက်ဆင့်ကမ်းပေးခဲ့ကြပါတယ်၊၊

ဗမာ ဗြဟ္မာ သမိုင်း ဗမာ ဗြဟ္မာ တွေ  ကိုယ့်သမိုင်း ကိုယ်သိစေဘို့  နောင်လာနောင်သား  မြန်မာတွေအတွက် ခေတ်ပြိုင် အထောက်အထားတွေရှိတဲ့  ဟန်လင်း တကောင်း သရေခေတ္တရာ ပုဂံ သမိုင်းမှတ်တမ်းတွေကို  မြို့ဟောင်းကြီးများနဲ့အတူ ခေတ်ပြိုင် အထောက်အထားများနဲ့တကွ  ထိန်းသိမ်း လက်ဆင့်ကမ်း  အမွေ ပေးထားခဲ့ကြပါတယ်၊၊

ကိုယ့်နိုင်ငံ မပျောက်ပျက်ဘို့ရော၊  ကိုယ်ကိုးကွယ်တဲ့  ထေရဝါဒဗုဒ္ဓသာသနာ မပျောက်ပျက်ဘို့ရော၊ ကိုယ့်ဗုဒ္ဓ ဘာသာယဥ်ကျေးမှုကို တိုင်းတပါးက ယဥ်ကျေးမှုတွေ  ရောနှော ရောစပ် သရုပ်ပျက် လွှမ်းမိုး မခံရဘို့ မပျက် စီးစေဘို့ရော၊  ကိုယ့်သမိုင်းကိုယ် အမြဲ သိနေဘို့ရော ဗမာ ဗြဟ္မာ တိုင်းမှာ တာဝန်ရှိပါတယ်၊၊   ခေတ်တိုင်းမှာ ကိုယ့်နိုင်ငံတော် အတွက် ဗမာဗြဟ္မာတွေ  တာဝန်ရှိပါတယ်၊၊   ရှေးဗမာ ဗြဟ္မာကြီးတွေ တာဝန်ကြေခဲ့ကြပါတယ်၊၊ ဒီခေတ် ဗမာ ဗြဟ္မာ တွေ ကိုယ့်ခေတ်နဲ့ ကိုယ် တာဝန်ကြေဘို့ လိုအပ်ပါတယ်၊၊

သရေခေတ္တရာမင်းနေပြည်ခေတ် ပထမမြန်မာနိုင်တော်မှာ ထင်ရှားကျော်ကြားတဲ့ သမိုင်းဝင် နိုင်ငံအမည်တွေ ရှိခဲ့ပါတယ်၊၊   အဲဒီ အမည်တွေက -

၁၊၊ ဗြဟ္မာနိုင်ငံ ဗြဟ္မာဒေ့ရှ် ဗြဟ္မာဒေဒေသ

၂၊၊ ပျူနိုင်ငံ (ပြူနိုင်ငံ)

၃၊၊ သရေခေတ္တရာနိုင်ငံ

၄၊၊ ပုဂံနိုင်ငံဆိုတဲ့ အမည်တွေဖြစ်ပါတယ်၊၊

သရေခေတ္တရာ လူမျိုးနဲ့ နိုင်ငံကို ရှေးအိန္ဒိယသားတွေ၊ ရှေး ဘင်္ဂလားသားတွေက  ဗြဟ္မာလူမျိုး၊ ဗြဟ္မာနိုနိုင်ငံလို့ သိရှိ ခေါ်ဆိုခဲ့ကြကြောင်း  ဆရာကြီးတော်စိန်ခို (ရှေးဟောင်းသုတေသန ဌာနမှူး၊ ၁၈၉၀ - ၁၉၁၁ ) က သူ့ရဲ့ ဗမာ သမိုင်းကောက်ကြောင်း ( Burmese Sketches ) ပထမတွဲ စာမျက်နှာ ၁၉ - ၂၀ မှာ ကျမ်းကိုးအထောက်အထားပေးပြီး ဖော်ပြထားခဲ့ပါတယ်၊၊

ဘီစီ ၂ ရာစုကတည်းက တရုတ် ဧကရာဇ်မင်း ဝူတီမော်ဟာ အရှေ့တောင်အာရှ ဒေသကြီး အတွင်းက နိုင်ငံကြီးငယ်ပေါင်းစုံသို့  စပိုင်တပ်ဖွဲ့တွေ စေလွှတ်စုံစမ်းပြီး ဗြဟ္မာဒေ့ရှ် ဗြဟ္မာနိုင်ငံနဲ့ လူမျိုးကို ပျူနိုင်ငံ ပျူလူမျိုးဆိုတဲ့  အမည်ပွားနဲ့ သိရှိ မှတ်တမ်းတင်ခဲ့ပါတယ်၊၊ (လုစ်၊ Fu-kan-tu-lu )

ရှေးတရုတ် မှတ်တမ်းတချို့မှာ  သရေခေတ္တရာနိုင်ငံလို့  သိရှိခေါ် ဆိုကြောင်းလည်း တွေ့ရှိရပါတယ်၊၊ အဲဒီ ဘီစီ ၂ ရာစုမှာပဲ  ပျူနိုင်ငံကို  ရှေးတရုတ်မှတ်တမ်းတခုမှာ ပုဂံနိုင်ငံလို့လည်းသိရှိ ဖော်ပြမှတ်တမ်းတင်ထားပါတယ်၊၊ 

ပျူနိုင်ငံရဲ့ အနောက်ဘက်နိုင်ငံတွေကနေ ကမ်းရိုးတန်းအတိုင်းမသွားပဲ သမုဒ္ဒရာကို အလယ်ခေါင်က  ဖြတ်သန်းပီး  မလေးကျွန်းဆွယ်ကိုလာတဲ့ ကုန်သည်တွေဟာ မလေးကျွန်းဆွယ်တနေရာက ဆိပ်ကမ်းမြို့ တမြို့မှာ  ပျူနိုင်ငံသို့ သွားဘို့  သင်္ဘော ပြေားင်းစီးကြရပါတယ်၊၊ အဲဒီဆိပ်ကမ်းအမည်ဟာ ဖူကန်တူလူ ဖူကန်တွာရာ ပုဂံဒွါရာ ဖြစ်ကြောင်း  ဘီစီ ၂ရာစု တရုတ်မှတ်တမ်းက ဖော်ပြထားပါတယ်၊၊      

ပျူနိုင်ငံရဲ့ အရှေ့ဘက် တရုတ် ဗီယက်နမ်  အစရှိတဲ့ နိုင်ငံတွေကလာတဲ့ ကုန်သည်တွေဟာလည်း အဲဒီ ဖူကန်တွာရာ ပုဂံဒွါရာ ဆိပ်ကမ်းမြို့ မှာ ပျူနိုင်ငံသို့ သွားဘို့ သင်္ဘောပြောင်းစီးကြရပါတယ်၊၊ (လုစ်၊ Fu-kan-tu-lu )

ဒွါရာဆိုတာက ပါဠိ အမည်  မြန်မာလို တံခါးပေါက်၊ အဝင်ဝ၊ အဝင်နေရာ၊ အဝင်တံခါးဝလို့ အဓိပ္ပါယ် ရှိပါတယ်။ တရုတ် ရှေးမှတ်တမ်းပါ ဖူကန် ဆိုတဲ့ အမည် ဝေါဟာရဟာ ပုဂံဖြစ်ကြောင်း ပြင်သစ် ပညာရှင် Ferrand ဖော်ပြချက်ကို လုစ် ပြန်လည်ဖော်ပြ  စစ်ဆေးပြီး  ဖူကန် တူလူ  ဖူကန် တွာရာ အမည်ပါ ဖူကန် ဟာ  ပုဂံဖြစ်ကြောင်း၊ ပုဂံနိုင်ငံကို အေဒီ ၂ရာစုမှာတည်ထောင်တယ်ဆိုတဲ့ မြန်မာရာဇဝင် ဖော်ပြချက်ဟာ ယုတ္တိရှိကြောင်းကို   လုစ် သဘောတူ လက်ခံခဲ့ပါတယ်၊၊ (လုစ်စာတမ်း - Fu-kan-tu-lu )၊၊   

လုစ်က  တူလူ ကို တွာရာ လို့လည်းအသံထွက်နိုင်တာကို ထည့်မဆွေးနွေးပဲ ချန်ထားပြီး တူလူ ကိုသာဖော်ပြခဲ့ပါတယ်၊၊   ဒါပေမဲ့ တူလူကို  ဘာမှန်း သူ သေချာ မသိခဲ့ပါဘူး၊၊ ပြင်သစ် ဆရာကြီး ပေါပဲလိရိုက ဖူကန် တူလူ အမည်ပါ  အဲဒိ တူလူဆိုတဲ့ ရှေးတရုတ် ဝေါဟာရ ဟာ တွာရာ လို့လည်း အသံထွက် နိုင်ကြောင်းဖော်ပြခဲ့ပါတယ်၊၊ 

ဦးရည်စိန် (အကြီးတန်းသုတေသနမှူး၊ သမိုင်းသုတေသနဦးစီးဌာန၊ ယခင် တရုတ်စာတော်ဖတ်၊ မြန်မာသမိုင်းကော်မရှင်) က  ဖူကန်တွာရာ ပုဂံဒွါရာလို့ ပြန်ဆို ဖော်ပြခဲ့ပါတယ်၊၊   ဦးရည်စိန်ဟာ  ဘီစီ ၂ ရာစု ( လွန်ခဲ့ နှစ်  ၂၂၀၀ ) က  တရုတ် အခေါ်  ဖူကန်တွာရာ အမည်ကို ပုဂံဒွါရာလို့  ပြန်ဆိုဖော်ပြပေမဲ့  ပုဂံဒွါရာ အဓိပ္ပါယ်ဟာ ပုဂံ အဝင်တံခါး ပုဂံနိုင်ငံ အဝင်တံခါး ဖြစ်ကြောင်း  ပြောရမှာကို  တည့်တည့် မပြောပဲ  ပျူနိုင်ငံ အဝင်တံခါးလို့ သာ  လှီးလွှဲ  ဘာသာပြန် ပြောခဲ့ပါတယ်၊၊  

လုစ်သြဇာကို ဦးရည်စိန် ဖေါက်မထွက်ရဲ တာလား၊ ပုဂံသမိုင်း မသိတာလား တခုခု လွဲသွားပါတယ်၊၊ လုစ်က    သရေခေတ္တရာမင်းနေပြည်ခေတ်က ပြည်ပနိုင်ငံတွေအထိ ကျော်ကြားလှတဲ့ စျေးမြို့ ပုဂံအကြောင်းကိုလည်း မပြော၊ အေဒီ၂ရာစု ပထမပုဂံမင်းနေပြည်တည်တဲ့အကြောင်းကိုလည်း မပြော၊  ဒုတိယ ပုဂံမင်းနေပြည်၊ တတိယ ပုဂံမင်းနေပြည်တွေ အထောက်အထားရှိတာကိုလည်း မပြောပဲ ထိန်ချန်ထားခဲ့ပါတယ်၊၊ ရှေ့ပိုင်း ပုဂံစျေးမြို့ကြီး နဲ့ ရှေ့ပိုင်း ပုဂံမင်းနေပြည် မြို့ ကြီး ၃ မြို့ အကြောင်းကို လုစ် သိပေမဲ့ ဗမာတွေရဲ့ ပုဂံသမိုင်း ရှေးကျလှတာကို   လုစ်ဟာ  လုံးဝ ထိန်ချန် ထားခဲ့ပါတယ်၊၊   

ဦးရည်စိန်ဟာ အေဒီ ၇ ရာစု - ၁၀ ရာစု တရုတ်  ထန်မင်းဆက်ခေတ် ကာလအတွင်းက အကြောင်းအရာ အဖြစ်အပျက်တွေကို  ထန်ခေတ် မှတ်တမ်းပေါင်းစုံ  အထောက်အထားတွေနဲ့   မှတ်တမ်းပြုစု ရေးသားထားတဲ့ ထန်မှတ်တမ်းသစ်ကျမ်းကြီးပါ ပျူနိုင်ငံ (အေဒီ ၃ရာစု -၄ရာစု - ၆ ရာစု  တရုတ်မှတ်တမ်းတွေမှာ ပျူနိုင်ငံဟာ ဗြဟ္မာနိုင်ငံ  ပျူမင်းကြီးဟာ ဗြဟ္မာမင်းကြီး ပျူလူမျိုးဟာ ဗြဟ္မာလူမျိုးလို့  သိရှိ မှတ်တမ်းတင်ထားကြတဲ့   ဗြဟ္မာ နိုင်ငံဖြစ်ကြောင်း ဖော်ပြထားတဲ့ ပျူနိုင်ငံက အင်အားတောင့်တင်းပြီး ကျော်ကြားထင်ရှားတဲ့ မြို့ကြီး ၃၂ မြို့ကို ဖော်ပြတဲ့ စာရင်းပါ "တမ်ပမြို့ကြီး " ဟာ  ပုဂံမြို့လို့ ဖော်ထုတ်ပြခဲ့သူပါ၊၊ ထန်မှတ်တမ်းဝင် ပျူ ၃၂ မြို့ စာရင်းပါ  တမ်ပ မြို့ကြီးဟာ ပုဂံမြို့ဖြစ်ကြောင်း ဆရာကြီး ဒေါက်တာ သန်းထွန်းလည်း ယူဆ သဘောတူပါတယ်၊၊ 

ပုဂံရာဇဝင်များအရ  တမ္ပ ပုဂံဟာ  တတိယမြောက် တည်တဲ့ ပုဂံမင်းနေပြည် အမည် ဖြစ်ပါတယ်၊၊  ဒါပေမဲ့   ရှေ့ပိုင်း ကြက်ပျံမကျ စည်ကားလှတဲ့  စျေးမြို့ ပုဂံကြီး နဲ့  ပုဂံမင်းနေပြည် မြို့ ၃မြို့ကို လုစ် သိလျက်နဲ့ မဖော်ပြပဲ  ထိန်ချန်ထားပြီး ပုဂံမင်းနေပြည်မြို့ကို အေဒီ  ၉ရာစု မှ တည်တာလို့  မမှန်မကန် ပြောခဲ့တဲ့  လုစ် စကားကို  ဦးရည်စိန်  မဆန့်ကျင်ရဲတာလား၊  မဆန့်ကျင်ချင်တာလား၊၊  လုစ်ဂိုဏ်းကို   ရွံ့တာလား၊၊  

အေဒီ ၉ရာစု တည်တဲ့ အရိမဒ္ဒနန  အမည်ပေး စတုတ္ထမြောက် ပုဂံမြို့ကြီးထက်‌စောတဲ့ တမ္ပ ပုဂံမြို့ ကြီးရှိခဲ့ကြောင်းကို  ဦးရည်စိန် အကျိုးသင့် အကြောင်းသင့် ထောက်မပြခဲ့ပါဘူး၊၊ သူငယ်စဥ်က  တရုတ်ကျောင်းပဲ တက်ခဲ့ဘူးပြီး  မြန်မာကျောင်းမတက်ခဲ့ရဘူးလား၊၊ တရုတ်ကျောင်းမှာ  မြန်မာသမိုင်း မြန်မာရာဇဝင် ပုဂံရာဇဝင်တွေကို မသင်ခဲ့ရတာကြောင့် ပုဂံရာဇဝင်မှတ်တမ်းကို အစုံအလင်မသိတာ၊ ဒုတိယ ပုဂံမင်းနေပြည် အမည်ကို ဖော်ပြတဲ့ ပုဂံခေတ် မြန်မာကျောက်စာ ၁၃ ချပ် ရှိတာတွေ မသိတာကြောင့်   ဦးရည်စိန်  သိပ်မပြောနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊၊

ဘယ်လိုပဲဖြစ်ဖြစ် ဘီစီ ၂ ရာစု တောင်သမုဒ္ဒရာ ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်း ကုန်သည်လောကမှာ   သရေခေတ္တာရာနိုင်ငံခေါ်  ဗြဟ္မာနိုင်ငံခေါ်  ပြူနိုင်ငံကို   ပုဂံနိုင်ငံလို့  ထင်ရှားကျော်ကြား လူသိများ ခေါ် ဆိုနေကြကြောင်း တွေ့ရှိရပါတယ်၊၊ 

ပထမမြန်မာနိုင်ငံရဲ့ ပြင်ပ အရှေတိုင်းနဲ့ အနောက်တိုင်းကနေ ကုန်သွယ်လာတဲ့  နိုင်ငံခြားသား ကုန်သည်တွေဟာ ပျူနိုင်ငံခေါ်  ဗြဟ္မာနိုင်ငံသို့ သွားဘို့  သင်္ဘောပြောင်းစီးရတဲ့  မလေးကျွန်းဆွယ်  စဲလန့် အငူ အနီးက ဆိပ်ကမ်းမြို့ကို ပျူအဝင်တံခါးလို့မခေါ် ဆိုကြပဲ ဖူကန်တွာရာ ပုဂံဒွါရာ ပုဂံအဝင်တံခါးလို့ ခေါ် ဆိုကြခြင်း အထောက်အထား အရ  ကောင်းစွာ ထင်ရှားနေပါတယ်၊၊   သရေခေတ္တရာ မင်းနေပြည်ခေတ် ကာလမှာ ဗြဟ္မာနိုင်ငံခေါ်  ပျူနိုင်ငံကို  ပြည်ပ နိုင်ငံတွေအထိ  ကျော်ကြားထင်ရှားတဲ့  ပုဂံစျေးမြို့ကြီးကို   အစွဲပြုပြီး   ပြည်ပ ကုန်သည်လောကမှာ   ပုဂံ နိုင်ငံလို့လည်း ခေါ် ဆိုနေကြကြောင်း  ကောင်းစွာ ထင်ရှားပေါ် ပေါက် နေပါတယ်၊၊

လွန်ခဲ့တဲ့ နှစ် ၂၂၀၀ (ဘီစီ ၂ ရာစု ) အခါက ဖူကန်တွာရာ ခေါ် ပုဂံနိုင်ငံ အဝင်တံခါးမြို့ အမည်ရ သင်္ဘောဆိပ်မြို့ဟာ  မလေးကျွန်းဆွယ် စဲလန့်အငူအနီး တနေရာမှာ တည်ရှိတဲ့  ဆိပ်ကမ်းမြို့ဟာ တကွာပမြို့  ဖြစ်မယ်လို့ ဆရာကြီးဒေါက်တာ သန်းထွန်းနဲ့ ဦးရည်စိန်တို့   ယူဆကြပါတယ်၊၊   သမိုင်းပညာရှင်   ဆရာစိုးထိုက်ခေါ်  ဆရာဦးနိုင်ဝင်းကတော့  ဖူကန်တွာရာ ပုဂံဒွါရာမြို့ဟာ တကွာပ မြို့လို့ သဘောမတူပဲ  စဲလန့်အငူအနီးမှာပဲ  တည်ရှိတဲ့  ကောင်းစန်ခဲအို မြို့လို့ ယူဆတာလည်း ရှိပါတယ်၊၊   

ဘာကြောင့်လဲ ဆိုတော့ ပြင်သစ် ပညာရှင် ဆရာမကြီးတဦး ပါဝင်တဲ့ သုတေသနအဖွဲ့ တဖွဲ့ က စဲဘန့် အငူအနီးရှိ  ကောင်းစန်ခဲအို မြို့ဟောင်းကို  တူးဖော်လေ့လာရာမှာ  ဘီစီခေတ်သုံး ဗြဟ္မီ အက္ခရာ အထောက်အထားတွေနဲ့ ပျူ ယဥ်ကျေးမှု ပစ္စည်းဖြစ်တဲ့ ပျူ ပုတီးစေ့တွေကို တူးဖော် တွေ့ရှိတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်တာကို   ထင်ရှားတွေ့မြင် ရတာကြောင့် ဖြစ်ပါတယ်၊၊

ဘယ်လိုပဲဖြစ်ဖြစ်  တကွာပတိုင်းရော ပသျှူးတိုင်းရော  ၂တိုင်းလုံးဟာ သရေခေတ္တရာနိုင်ငံရဲ့ ဗုဒ္ဓသာသနာပြုခဲ့ရာ သြဇာခံ နယ်များဖြစ်ကြောင်းကို   အတိတြာမင်းကြီးကျောက်အိုးစာ အထောက်အထားအရ  သိရှိရပါတယ်၊၊ 

ဘီစီ ၂ ရာစု သရေခေတ္တရာ ဗြဟ္မာနိုင်ငံခေါ်  ပျူနိုင်ငံကြီးကို ပုဂံနိုင်ငံလို့လည်း ပြည်ပနိုင်ငံတွေက  နိုင်ငံခြားသား ကုန်သည်လောကက ကုန်သည်များက အထင်အရှား ခေါ် ဆိုခဲ့ကြပါတယ်၊၊

သရေခေတ္တရာ မင်းနေပြည်ခေတ်မြန်မာနိုင်ငံကို မြန်မာမဟုတ်သော ပျူခေတ်လို့ မြန်မာသမိုင်းပျက်အောင် ပြောခဲ့တဲ့  လုစ် စကား နားယောင်နေသူတွေမှအပ ကိုယ့်မြန်မာနိုင်ငံ ကိုယ်ချစ်တဲ့  မြန်မာနိုင်ငံသားတိုင်းအတွက်  ဂုဏ်ယူဖွယ်ရာ လွန်ခဲ့တဲ့ နှစ် ၂၂၀၀ အချိန်က  မြန််မာနိုင်ငံ သမိုင်း နဲ့ မြန််မာသမိုင်းကြီးဖြစ်ပါတယ်၊၊

                       မေတ္တာရည်လျက်

                           ဘုန်းတင့်ကျော်

ကျမ်းကိုး၊၊    ၊၊

၁၊၊ သန်းထွန်း ( Phd. London, ပါမောက္ခ ၊ သမိုင်းဌာန၊ မန္တလေး ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်၊ အဖွဲ့ဝင် ပညာရှင် ၊ မြန်မာ သမိုင်း ပြုစုရေးအဖွဲံ)၊  လူတွေရဲ့  အကျိုးကို ရှေးရှုပြီးရေးတဲ့ မြန်မာသမိုင်း၊ ၂၀၀၃ စာစု၊ နှာ- ၅၀၊ တမ်ပ ပုဂံ၊၊

၂၊၊ ရည်စိန်၊ဦး၊ အကြီးတန်းသုတေသနမှူး၊  တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊  ခရစ် နှစ် ၈၀၂ ခုနှစ် တရုတ်နိုင်ငံရောက် ပျူသံအဖွဲ့့၊ နိုင်ငံသမိုင်းသုတေသန စာစောင်  ၃၊၊ နှာ - ၅ ပျူဝတ်  ပျူနိုင်ငံ = ဗြဟ္မာဝတ် ဗြဟ္မာနိုင်ငံ ၊၊  နှာ - ၂၈၊ တမ်ဗ် = ပုဂံ

၃၊၊ မုံရွေးဇေတဝန် ဆရာတော်ကြီး၊  ရာဇဝင်ချုပ် ခေါ် စေတီယကထာ

၄၊၊ ကာဗျတ္တစန္ဒိကာကျမ်း

၅၊၊ပသင်္ဂဝိသောဓနီကျမ်း

  • မူရင်းလင့် = https://www.facebook.com/permalink.php?story_fbid=pfbid02rjnHRBcMkfhuWnqtA1v8Mqm3qdvk5xqwA5DM5EUE4SX7xgJo617SsGiKhrJgUF7zl&id=100057080305565

==========================================


Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ