ကျန်စစ်သား မှတ်စု (၁)
- ကျန်စစ်သားရဲ့ မွေးရပ်မြေ
- ဗုဒ္ဓဂယာရောက် ကျန်စစ်မင်း (လင်းဇော်ကျော်)
- ဘုန်းတင့်ကျော်၏ "ပရိမ္မ ဇာတိ ဗြဟ္မာ ဗမာကျန်စစ်သားမင်းကြီးကို ကျောက်ဆည်မွန်ဟု လုစ် လုပ်ဇာတ်ထွင်ခဲ့ခြင်း" ကို ကိုးကားရေးထားခြင်း ဖြစ်ပါတယ်။ (သမိုင်းမှတ်စု ထဲမှာ မှတ်စုတင်ထားပါတယ်။)
- လုစ်ဟာ အေဒီ ၈ ရာစုနဲ့ ၉ ရာစုမှာ ကျောက်ဆည်ဒေသကြီးကို မွန်ဒေသလို့ ယူဆကြောင်း၊ ကျန်စစ်သားဟာ ကျောက်ဆည်မွန်အုပ်စုရဲ့ ခေါင်းဆောင်လို့ ယူဆကြောင်း သူ့ရဲ့ "မြန်မာအစ ကျောက်ဆည်က" စာတမ်းမှာ ဆိုခဲ့တယ်။ သက္ကရာဇ်မပါတဲ့ မွန်ကျောက်စာတစ်ခုကို ကိုးကားပြီး ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ လုစ်ကို ချစ်ခင်လေးစားတဲ့ ဆရာနိုင်ပန်းလှက ကျောက်ဆည်မှာ တွေ့ရတဲ့ မွန်ကျောက်စာဟာ ၈ ရာစု၊ ၉ ရာစု မွန်ကျောက်စာလို့ လက်မခံဘဲ ကျောက်စာမှာပါတဲ့ အက္ခရာပုံသဏ္ဍာန်အရ ပုဂံခေတ်လည် ၁၂ ရာစုခန့်က ကျောက်စာသာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ အဲဒီ မွန်ကျောက်စာမှာ ကျောက်ဆည်ဒေသကြီးကို ခုနှစ်သက္ကရာဇ် မပါသလို ကျန်စစ်သားမင်းအကြောင်းလည်း တလုံးတပါဒမှ ဖော်ပြထားတာ မရှိဘူး။ ကျောက်ဆည်နယ်က မွန်သံဃာတစ်ပါးက ပုဂံသာသနာပိုင်ထံ သိမ်ဆောက်ခွင့်ပြုဖို့ ခွင့်တောင်းပြီး သိမ်တည်ဆောက်တဲ့အကြောင်း၊ အလှူပြုတဲ့အကြောင်းအရာသာတွေ မှတ်တမ်းတင်ထားတာပါ။
- လုစ်ဟာ ကျန်စစ်သားမင်းကြီးထက် ၁၇၈ နှစ်ခန့် နောက်ကျနေတဲ့ မြန်မာသက္ကရာဇ် ၅၅၂ ထိုး ထီးလိုင်မင်းသမီး ခင်အုန် အိငြိမ်းသင် ကျောက်စာ (ရှေးဟောင်းသုတေသန ဦးစီးဌာနထုတ် ရှေးဟောင်းမြန်မာ ကျောက်စာများ ပဌမတွဲ မှာ အမှတ်စဉ် ၃၀) ကို ကိုးကားပြီး ထီးလိုင်ဟာ ကျောက်ဆည်နယ်ထဲမှာရှိပြီး ထိလိုင်ရှင် ကျန်စစ်သားဟာ ကျောက်ဆည်နယ် မွန်လူမျိုးတို့ရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။ မွန်လူမျိုးဖြစ်တဲ့အတွက် ဗမာဘုရင်တွေဖြစ်တဲ့ အနော်ရထာ၊ စောလူးမင်းတို့နဲ့ ပြဿနာဖြစ်ပြီး နန်းတော်ကနေ ထွက်ပြေးရခြင်းဖြစ်ကြောင်း ရေးသားပါတယ်။
- လုစ်က ကျန်စစ်သားမင်းကြီးဟာ မွန်ဖြစ်ပြီး မြေးဖြစ်သူ အလောင်းစည်သူဟာ မွန်မြန်မာကပြား ဖြစ်တယ်လို့ ဆိုပါတယ်။
- ကျောက်ဆည်လွင်ပြင်ဟာ ပျူမြန်မာတွေရဲ့ ဒေသဖြစ်ကြောင်း ၁၉၈၀ ဝန်းကျင်ကတည်းက ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ သစ်တောမင်းကြီး ဦးမြင့်အောင်၊ ဆရာကြီးဦးမောင်မောင်တင် စတဲ့ ပညာရှင်ကြီးတွေရဲ့ ကျေးဇူးနဲ့ ပင်လယ် (မိုင်းမော) ပြူမြို့ဟောင်းကို ရှာဖွေ တွေ့ရှိခဲ့တယ်။ နောက်ပိုင်းမှာ မြနဒီကျောက်စာ၊ မြစ်သားက စောလူးမင်းကျောက်စာတို့ကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
- ကျန်စစ်သားရဲ့ မွေးရပ်မြေဟာ မြောင်နယ်က ပရိမ္မအရပ်ဖြစ်ကြောင်း ပရိမ္မမြန်မာကျောက်စာအရ သိနိုင်ပါတယ်။ ပရိမ္မကျောက်စာဟာ လက်ရှိအချိန်မှာ မန္တလေးနန်းတွင်းကျောက်စာရုံအတွင်းမှာ ရှိပါတယ်။ မူလထိုးကျောက်စာဖြစ်ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနက ပုံနှိပ်ထုတ်ဝေတဲ့ "မန္တလေးနန်းတွင်း ကျောက်စာ အတွဲ (၁) မှာ ဖော်ပြထားပါတယ်။ လုစ်က ပရိမ္မကျောက်စာဟာ ပုဂံခေတ်ထိုး ကျောက်စာမဟုတ်ဘဲ အင်းဝခေတ်ထိုး ဖြစ်နိုင်ကြောင်း ပြောပြီး ဆင့်ထိုးကျောက်စာအဖြစ် ရေးသားခဲ့ပါတယ်။ ဆင့်ထိုးကျောက်စာ ဖြစ်ခဲ့ရင်တောင် ဆင့်ထိုးကျောက်စာများဟာ မူလထိုးကျောက်စာရှိလို့သာ ပြန်လည် ရေးကူးထားခဲ့ခြင်း ဖြစ်ပါတယ်။ ဆင့်ထိုးကျောက်စာတွေဟာ မူလထိုးကျောက်စာတွေလို သမိုင်းတန်ဘိုးရှိပြီး အထောက်အထားအဖြစ် သုံးသင့်ကြောင်း ဆရာကြီး ဒေါက်တာသန်းထွန်း ၊ ဆရာမကြီးဒေါက်တာရီရီ၊ ဆရာကြီး ဦးအောင်သော် (ညွှန်ကြားရေးဝန်၊ ရှေးဟောင်းသုတေသနဦးစီးဌာန) တို့က သုတေသနပြု စစ်ဆေးကာ သုံးသပ်ပြောဆိုထားကြပါတယ်။
- ဘုရားထောင်ဘုရားကျောက်စာမှာ ကျန်စစ်သားဟာ အနော်ရထာမင်းကြီးရဲ့သားဖြစ်ကြောင်း၊ ဖြစ်တော်မူသောကျန်စစ်သားနဲ့ ကျန်စစ်သားမင်းကြီးရဲ့ မြေးချစ် ဖြစ်တော်မူသော အလောင်းစည်သူမင်းလို့ အတိအလင်း ဖော်ပြထားတဲ့ အလောင်းစည်သူမင်း ရေးထိုးခဲ့တဲ့ လှည်းထောင်ဘုရား မြန်မာ ကျောက်စာကို ဖယ်ချန်ထားခဲ့ ခြင်း။
ထိလိုင်မင်း ၏ အုတ်ခွက်ဘုရား စာ
ဆရာ Maung Maung Than
----------------
အုတ်ခွက်ဘုရားတွင် ဘုရားဆင်းတု ၅၀ ပါသည်။ ဘုရားဆင်းတုများအထက်တွင် ထီးသုံးလက်ယှဥ်လျှက် ဝဲယာ၌ စေတီတစ်ဆူစီပါသည်။ အောက်ဘက်ဘောင်တွင် ပါဠိစာ ၃ကြောင်းပါသည်။
"သိရိတြိဘုဝနာဒိတျဓမ္မရာဇေန အတ္တေနော ဟတ္ထေန ဗုဒ္ဓဘါဝါ အဂိတာ ပတိမာ ဣမံ"
အတ္တေနော = မိမိအလို၊ ဟတ္ထေန = လက်ဖြင့်၊ ဗုဒ္ဓဘါဝါ = ဘုရားဖြစ်စေခြင်း အကြောင်း၊ အဂိတာ = မီးဖြင့်ဖုတ်၊ ပတိမာ= ဆင်းတုတော်၊ ဣမာ = ဤ
"သိရိတြိဘုဝနာဒိတျဓမ္မရာဇာမည်သော မိမိသည် ဤဆင်းတုတော်များအား ဘုရားဖြစ်စေခြင်းအကြောင်းအတွက် (မိမိ၏) လက်ဖြင့် ပြုလုပ် မီးဖြင့်ဖုတ်ပါ၏"
ဤအုတ်ခွက်စာများသည် အနော်ရထာမင်း၏ အုတ်ခွက်စာများနှင့်အတူ အစောဆုံး မြန်မာစာများဖြစ်သည်ဟု သတ်မှတ်လိုပါသည်။
အုတ်ခွက်ဓါတ်ပုံကို ဆရာဦးအောင်ကြိုင်၏ ရှေးဟောင်းအုတ်ခွက်ရုပ်ပွါးဆင်းတုတော်များ စာအုပ်မှ ကူးယူပါသည်။ ကျနော်၏ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ယခင်က ဆရာကြီးများ အဓိပ္ပါယ်ဖွင့်ဆိုချက်များ နှိုင်းယှဥ်ကြည့်နိုင်ရန်လည်း ပူးတွဲဓါတ်ပုံဖော်ပြထားပါသည်။
- မူရင်းလင့် = https://www.facebook.com/groups/1047828759932520/posts/1602322197816504/
---------------------------------------
၂။ ဗုဒ္ဓဂယာရောက် ကျန်စစ်မင်း
လင်းဇော်ကျော်
====================
AD 1106 မှာ ကျန်စစ်မင်းရဲ့ သံတမန်တွေ ပီကင်းကို ရောက်ခဲ့ကြတယ်လို့ ဟာဗေးက တရုတ်မှတ်တမ်းတစ်ခုကို ကိုးကားပြီး ရေးသားထားပါတယ်။ ရောက်ရှိတဲ့ ကိစ္စကတော့ သာသနာရေးဆိုင်ရာ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။နိုင်ငံတော်အဆင့် သာသနာရေးဆိုင်ရာ ပွဲလမ်းသဘင် အခမ်းအနားတစ်ခုဖိတ်ကြားဖို့လို့ ဆိုတာပါ။ မည်သည့် အခမ်းအနားဖြစ်တယ်ဆိုတာတော့ မဖော်ပြထားပါဘူး။ အဲဒီကာလဟာ ကျန်စစ်မင်း နတ်ရွာစံဖို့ ၅ နှစ်အလိုမှာပါ။
ဟာဗေးဟာ အနော်ရထာရဲ့ စွယ်တော်တောင်းခရီးကို ယုံကြည်ပုံရပါတယ်။ ဒါပေမယ့် သူက တာ့လီပဲ ရောက်တယ်လို့ ဆိုပါတယ်။ အနော်ရထာ တရုပ်ပြည်သွားခဲ့တာ မှန်ရင် တာ့လီလောက်တော့ မဖြစ်နိုင်ပါဘူး။ အဲဒီကာလ Zong မင်းဆက် ထီးနန်းစိုက်တာက ပီကင်းမှာ ဖြစ်ပြီး စွယ်တော်ဟာလည်း အဲဒီ အနောက်က လုရှီတောင်တန်းမှာ သီတင်းသုံးနေတာကြာင့် ဟာဗေးယုံကြည်သလို အနော်ရထာ စွယ်တော်တောင်း သွားရင် တာ့လီ လောက်နဲ့ ရပ်နေမှာ မဟုတ်လောက်ပါဘူး။ ပီကင်း အထိရောက်တယ်လို့ သုံးသပ်ရမှာပါ။ (ဒီ အကြောင်း ယူဆ သုံးသပ်ချက်ကို ရှေ့မှာ ရေးခဲ့ပြီးပါပြီ)
ကျန်စစ်မင်းရဲ့သံတမန်တွေတောင် ပီကင်း ရောက်သေးရင် အနော်ရထာ ပီကင်း မရောက်စရာ အကြောင်း မမြင်ပါဘူး။ ကျန်စစ်မင်းရဲ့ သံတမန်တွေ ပီကင်းရောက်တဲ့ ကိစ္စမှာ အပြည့်အစုံ မရေးသားခဲ့ပေမယ့် ကျန်စစ်မင်း ဗုဒ္ဓဂယာ ရောက်ကြောင်းနဲ့ Chola (ခိုလာ/ကိုလာ) မင်းကို ဗုဒ္ဓသာသနာကို ကိုးကွယ် ယုံကြည်စေခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။ ဟာဗေးအလိုအရ ကျန်စစ်မင်းဟာ ဗုဒ္ဓဂယာကို ပထမဆုံး ထိန်းသိမ်းပြုပြင်တဲ့ မြန်မာမင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ကျန်စစ်မင်းဟာ အထူးထူးသော ရတနာအမျိုးမျိုးကို သင်္ဘောနဲ့တင်ပြီး ရဟန်းတွေနဲ့ တည်ဆောက်သူ ပညာရှင်တွေကို ဗုဒ္ဓဂယာကို လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့ဟာ သင်္ဘောနဲ့ သွားကြတာဖြစ်တာကြောင့် သီရိလင်္ကာကနေတဆင့် အိန္ဒိယမြောက်ပိုင်းကို ကုန်းလမ်းခရီးနှင်ကြရမှာပါ။ ဘာကြောင့် အာသံ မဏိပူရဘက်ကနေ ကုန်းလမ်းခရီး မသွားသလဲဆိုရင်တော့ ဝန်စည်စလှယ်တွေ များပြားလွန်းလို့ ဖြစ်မှာပါပဲ။
အဲဒီ အဖွဲ့ ဗုဒ္ဓဂယာ ရောက်တော့ ပျက်စီး ယိုယွင်းနေတဲ့ အဆောက်အအုံတွေကို အသစ်တည်ဆောက်ကြတာ ရှေ့က မဟာအသောက မင်းကြီးရဲ့ ကောင်းမှုတော်တွေထက်တောင် ကောင်းမွန် ခမ်းနား ထည်ဝါသေးတယ် ဆိုပါတယ်။ ကျန်စစ်မင်းဟာ ဗုဒ္ဓဂယာက အသောကမင်းကြီးရဲ့ ကောင်းမှုတော်တွေ အိုမင်း ယိုယွင်း ပျက်စီးနေတာတွေကို အသစ် ပြန်လည် တည်ဆောက်တာ ဖြစ်ပါတယ်။
အဆောက်အအုံ စေတီ ဂူ ပုထိုး ကျောင်း ဇရပ်တွေ ပြီးချိန်မှာ ကျန်စစ်မင်း ဗုဒ္ဓဂယာကို ရောက်လာပြီး ရေစက်ချပါတယ်။ ဗုဒ္ဓဂယာမှာ သီတင်းသုံးမယ့် ပုဂံက ပင့်ဆောင်လာတဲ့ ရဟန်းသံဃာတွေအတွက် ကျောင်းဆောက်လုပ်လှူဒါန်းပြီး သံဃာတွေကို ပစ္စည်းလေးပါး အထောက်အပံ့ လှူဒါန်းတယ် ဆိုပါတယ်။
အဲဒီနောက် အဲဒီဒေသက လူတွေဟာ ကျန်စစ်မင်းဆီကို လာရောက် ဂါရဝပြုကြရာမှာ Chola မင်းလည်း ပါဝင်ခဲ့ပြီး ကျန်စစ်မင်းက Chola မင်းကို ရွှေပြားမှာ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃဂုဏ်တော်တွေကို ဆေးနီနဲ့ ကိုယ်တိုင်ရေးပေးပြီး၊ Chola မင်းကို ဗုဒ္ဓရဲ့ ဓမ္မတွေ ဟောကြားရှင်းလင်းပြတယ်ဆိုပါတယ်။ အဲဒီနောက် Chola မင်းနဲ့ နောက်လိုက်နောက်ပါတွေဟာ သူတို့ရဲ့ မှားယွင်းတဲ့ အယူကို စွန့်လွှတ်ပြီး ဗုဒ္ဓသာသနာဝင်တွေ ဖြစ်သွားကြတယ် ဆိုပါတယ်။
Chola မင်းက ကျေနပ်ဝမ်းမြောက်လှလို့ ကျန်စစ်မင်းကို ရတနာအမျိုးမျိုးအပြင် သမီးတော်ကို ဆက်သလိုက်တယ် လို့ ဟာဗေးဟာ ရွှေဆံတော် တလိုင်း ကျောက်စာကို ကိုးကားပြီး ရေးသားခဲ့တာပါ။ (တလိုင်း အသုံးအနှုန်းသည် ဟာဗေး ၏ သုံးနှုန်းမှုအတိုင်း ဖြစ်သည်)
ဗုဒ္ဓဂယာ ကျောက်စာလို့ခေါ်တဲ့ ကျောက်စာမှာ ပျူ ၁သိန်းမင်းဆိုတာ ကျန်စစ်မင်း ကို ညွှန်းဆိုသလားလို့ ထင်မြင်ယူဆဖို့ရာ အလွန်ကောင်းပါတယ်။ ယခု ဖော်ပြပါ ကျန်စစ်မင်းရဲ့ သံတမန်တွေ ပီကင်းရောက်ကြောင်းနဲ့ ကျန်စစ်မင်းဗုဒ္ဓဂယာက အသောကမင်းကြီးရဲ့ ကောင်းမှုတော်တွေကို အသစ်ပြန်လည်တည်ဆောက်ကြောင်း၊ ဗုဒ္ဓဂယာကို ရောက်ပြီး Chola မင်းကို ဗုဒ္ဓသာသနာဝင်ဖြစ်အောင် တရားဟောပြီး အယူမှားတွေကို စွန့်လွှတ်စေခဲ့ကြောင်း စတဲ့ အကြောင်းအရာတွေဟာ မြန်မာသမိုင်းဆရာတွေ ချဲ့ကားရေးသား ထားတာ မဟုတ်ဘဲ G.E Harvey ရေးသားခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
ဒီ အထောက်အထားတွေက မြန်မာတွေရဲ့ ရေကြောင်းခရီးသွားလာမှု အရည်အချင်း၊ ဒေသကြီးအပေါ် နယ်မြေကျွမ်းကျင်မှုနဲ့ ကျန်စစ်မင်းရဲ့ ဘုန်းတန်ခိုးသြဇာအာဏာထက်မြက်ကြီးမား ကျယ်ပြန့်မှု၊ ဗုဒ္ဓသာသနာတော်ကို ကြည်ညို သဒ္ဓါမှု၊ ပုဂံအင်ပါယာ မြန်မာနိုင်ငံတော်ကြီးရဲ့ ခမ်းနားထည်ဝါမှု တွေဟာကျွန်ုပ်တို့ ထင်မြင် တွေးဆ သိရှိထားတာထက် အဆပေါင်းများစွာ သာလွန်နေတာဖြစ်တယ်လို့ သိမြင် လာစေမှာလည်း ဖြစ်ပါတယ်။
ကိုး -
History of Burma.
(G.E Harvey)
အပြည့်အစုံ သိချင်ရင်တော့ ၎င်း စာအုပ်ရဲ့ကျန်စစ်မင်း အခန်းမှာ ဖတ်ရှုနိုင်တာ ဖြစ်ပါတယ်။
စာကြွင်း - Chola ကို အချို့က "ချိုလာ" လို့ ရေးသားနေပေမယ့် Chola ဟာ သက္ကတ အသံထွက်အရ ခိုလာ(သို့မဟုတ်)ကိုလာ လို့ အသံထွက်တယ်လို့ ဆိုပါတယ်။ အိန္ဒိယတောင်ပိုင်းဒေသမှာ ရှိခဲ့တာပါ။ သက္ကတလို Chola ဆိုတာ "မည်းသော" လို့ အနက်ထွက်တယ် ဆိုပါတယ်။ အိန္ဒိယတောင်ပိုင်း ကမ်းရိုးတန်းဘက်က အသားမည်း ကုလားတွေ လို့ ဆိုရမှာပါပဲ။ (Chola က စောဠ လို့လည်းတွေ့ရပါတယ်)
ပုံစာ - Chola မင်းဆက် ကြီးစိုးခဲ့ရာ နယ်မြေ။
#LinZawKyaw
- မူရင်းလင့် = https://www.facebook.com/groups/1047828759932520/?multi_permalinks=1608473170534740&hoisted_section_header_type=recently_seen
=======================================












Comments
Post a Comment