ပျူမြို့တွေဘယ်လိုပျက်စီးခဲ့ကြသလဲ?







ပျူမြို့ဟောင်းတွေကို ကျူးကျော်သိမ်းပိုက်ခဲ့ကြတာနဲ့ ပတ်သက်လို့ အယူအဆအမျိုးမျိုးရှိကြတယ်။ သမိုင်းရာဇဝင်တွေထဲမှာလည်း တရုတ်က လာတိုက်တယ်၊ ခမာကလာတိုက်တယ်၊ စသဖြင့် တွေ့ရတယ်။

 ဒါတွေကို ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်မှုတွေ့ရှိချက်တွေနဲ့ မှန်မမှန် မြေလွှာတွေကတဆင့် စစ်မယ်။ ဘယ်လိုစစ်မလဲမေးရင် ရှေးဟောင်းအဆောက်အုံတွေနဲ့ မြေလွှာဆက်စပ်မှုမှာ အဆောက်အုံတွေရဲ့အုတ်ရိုး အုတ်စီးအုတ်နင်းတွေဟာ ရုတ်တရက်ဖျက်ဆီးခံရတဲ့အခြေအနေ အပုံလိုက်အထပ်လိုက်ဖြစ်ကျန်ရစ်တာ ဒါဆို လူဖျက်တာမဟုတ်ပဲ သဘာဝဘေးအန္တရာယ်ဆို ဘယ်လိုထပ်ပြီးဘာနဲ့စစ်မလဲ။

လူဖျက်တယ်ဆိုရင် များသောအားဖြင့် မီးပါရှို့တတ်ကြလို့ မြေလွှာမှာ ပြာမြေအမဲတွေ ကျန်မယ်။ တိုက်ခိုက်ရေးလက်နက်ကရိယာအကျိုးအပဲ့နဲ့  တစ်ခါတလေ မြင်းအရိုးစု အသေကောင်တွေတောင် တွေ့ရမယ်။ ကျူးကျော်သူတွေ ဝင်ရောက်လာတာကို ကာကွယ်တဲ့ပစ္စည်းတွေဖြစ်တဲ့ သံဆူးညှောင့်တွေ တွေ့ရမယ်၊ သဘာဝဘေးဆို ဒါတွေမတွေ့ရပဲ ရုတ်တရက်ပြိုကျတဲ့ပုံစံ ပြိုကျတဲ့ အပေါ်အလွှာနဲ့ အောက်အလွှာကြား ကာလအပိုင်းအခြားမရှိဖြစ်နေမယ်။ ဒါက ငလျင်လိုဟာမျိုး။ 

ရေဘေးဆိုရင် မြေလွှာမှာ နှုံးအနယ်အနှစ်နဲ့ သူ့အပေါ်မှာ တစ်​ဖြေးဖြေးပြိုကျလာတဲ့အုတ်ရိုးတွေ အပုံလိုက်ရှိမယ်။ ဒါပေမယ့်အပေါ်လွှာနဲ့ အောက်အလွှာကြား အချိန်ကာလအပိုင်းအခြား သဘာဝ လေ၊ ရေ၊ သဲ ဝင်ရောက်တဲ့အလွှာတွေက ကြားခံထားမယ် စသဖြင့် စသဖြင့် မြေလွှာဖြတ်ပိုင်းကပေါ်ပေါက်လာတဲ့အချက်အလက်တွေကိုသေချာကောက်ယူရမယ်။

တူးဖော်သုတေသနတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံရဲ့ပျူမြို့ဟောင်းတွေတူးဖော်တဲ့အခါ ဒီအထောက် အထား တွေ ဘယ်မြို့ဟောင်းတွေမှာ တူးဖော်တွေ့ရှိရပါသလဲ ?။

ဟံလင်းကို လေ့လာကြည့်ရင် ဟံလင်းရဲ့မြို့ဝင်ပေါက်တွေမှာ သုံးချောင်းထောက် သံဆူးညှောင့်တွေ တွေ့ရှိရတယ်၊ နောက်ပြီး တံခါးပေါက်တွေရဲ့အတွင်း ရဲမက်တွေ ဝင်ထွက်နားနေနိုင်တဲ့အခန်းလို နေရာတွေမှာ ပစ်လို့ခတ်လို့ရတဲ့ ကျောက်ခဲလို အတုံးတွေက အပုံလိုက် တွေ့ရှိရပါတယ်၊ နောက်ပြီးမြေလွှာဖြတ်ပိုင်းမှာ ပြာမြေကိုအလွှာလိုက်တွေ့ရတာပါပဲ။ ဟုတ်ပြီ ဒါဆို ဟံလင်းဟာ စစ်မက်ဖြစ်ခဲ့ တိုက်ခဲ့ခိုက်ခဲ့ ကာကွယ်ခဲ့ရတာသေချာပါပြီ။ (ဟံလင်းကုန်းအမှတ် ၃၁,၃၃တူးဖော်သုသန ​တွေ့ရှိချက်)

ဒါဆို ဆက်တွေးမယ်။ ဘယ်သူတွေကို ကာကွယ်ခဲ့ကြရတာလဲ၊ တိုက်ခိုက်ခဲ့ရတာလဲ... ရာဇဝင်သမိုင်းနဲ့ ချိတ်ကြည့်ပေါ့။ ဖြစ်နိုင်ခြေတွေကို ဆွဲထုတ်..သုတေသနဆက်လုပ် ရပါမယ်။

ဗိဿနိုးကတော့ အဆောက်အုံတော်တော်များများက အနဲဆုံး၂ကြိမ်ပြုပြင်ထားတာတွေ့ရတယ်။ ကုန်းအမှတ် ၃၆ ဆို အရှေ့ဘက်မြို့ဝင်ပေါက်ကို ပြန်ကျဥ်းပြီး ပြုပြင်ထားတယ်။ ကုန်းအမှတ် BTO ၁၃နဲ့ ၁၆ဆို ၁၃မှာအောက်ကအဆောက်အုံဟောင်းရှိတယ်။ သူ့မှာဗိသုကာအုတ်တွေသုံးထာတယ်။ ပြန်ပြင်တော့ အဲ့ဒီဗိသုကာအုတ်တွေတစ်ခုမှပြန်မသုံးဘူး။ ပုံစံအသစ်ဆောက်တယ်။

သူ့အနီးအနားမှာ အဲ့ကုန်းအမှတ် ၁၆ကို ယခင်ပုံစံအဟောင်းအတိုင်း ၁၃က ယခင်အသုံးပြုထားတဲ့ ဗိသုကာအုတ်တွေသုံးပြီး ခပ်သေးသေးပဲပြန်ဆောက်တယ်။ နန်းတော်ရာလိုနေရာတွေမှာရှိတဲ့ ကုန်းအမှတ် KKG ၅ရဲ့ အခန်းနံရံတွေကို ပြန်ပြင်ထားတယ်။ နန်းတော်ရာရဲ့တောင်ဘက်မှာ အုတ်ရိုးအကြီးကို ကွေ့ဝိုက်ပြီး တာရိုးကြီးတစ်ခုကိုအသစ်ထပ်မံတည်ဆောက်တယ်။ ဒါတွေဟာ ဘာကြောင့်လည်း ကျူးကျော်စစ်ကြောင့်လား? သဘာဝဘေးကြောင့်လား? ဆန်းစစ်ရင် နန်းတော်ပတ်ဝန်းကျင်နဲ့ အင်းကြီးပတ်ဝန်းကျင်မှာ ပြာမြေတွေ တွေ့ရတယ်။အထူးသဖြင့် မိုးရွာတဲ့အခါ ပိုသိသာတယ်။ အင်းကြီးထဲကို စီးဝင်တဲ့ သဲရေစီးချောင်းတွေတစ်လျောက် ပြာတွေတွေ့နေရတုန်း၊ မြေလွှာအရ ယခုအချိန်နဲ့ အနီးစပ်ဆုံးအချိန်ကာလမှာ မီးလောင်ခဲ့တာပဲ ဖြစ်တယ်။

 နောက်တစ်ခုက နန်းမြို့ဝင်ပေါက်ကကျောက်ရုပ်ခြေထောက်ကြီး၂ရုပ်က အတော်ကြီးတယ်။ ဒါပေမယ်အပေါ်ပိုင်းကိုတော့ လုံးဝမတွေ့ရ၊ မြေလွှာတွေထဲမှာလည်း သဲလွန်စမတွေ့။ တမင်သက်သက်ကို ဖျက်ဆီးယူငင်ကြတဲ့သဘောပါပဲ။ တူးဖော်တဲ့အခါ လှံလိုလက်နက် ဓားလိုဟာတွေလည်းတွေရတယ်။ မြေလွှာဖြတ်ပိုင်းတွေအရ ပထမအကြိမ်မှာ သဘာဝဘေး ဒုတိယမှာ ကျူးကျော်သူဘေးနဲ့ ကြုံခဲ့ရတာတော့ ကြိမ်းသေပါတယ်။ ဒါဆို ဘယ်လို သဘာဝဘေးနဲ့ ဒုတိယအကြိမ်ပျက်ဆီးတာ၊ ဘယ်သူတွေက လာကျူးကျော်တာလဲ? ရာဇဝင်သမိုင်းတွေနဲ့ချိတ်၊ သဘာဝဘေးကတော့ ငလျင်ရပ်ဝန်းမှာ ရှိနေတဲ့ဗိသနိုးဟာ ငလျင်ကြောင့် ရေရှားလို့ ရေအသဲအသန်စုထားရတဲ့ တစ်ဖက်ဆည်ကန်ကြီးတွေကွဲထွက်၊ မြို့ကိုရေဖုံး၊ အားနည်းချက်တွေ ပြန်ပြင်စသဖြင့်....။(၂၀၀၃/၂၀၁၀ ခုနှစ်တူးဖော်သုတေသနတွေ့ရှိချက်များ)

သရေခေတ္တရာကတော့ ဒီအချက်အလက်တွေကအတော်လေး သွေဖယ်တယ်။ ဘာသာတရား အားကောင်းတယ်၊ ရာသီဥတုကောင်းတယ်၊ မြေသြဇာလည်းကောင်းလို့ စိုက်ပျိုးရေးဖြစ်ထွန်းစီးပွားရေးကောင်းလို့ စေတီအကြီးကြီးတွေ တည်နိုင်သလို နန်းတော်အကြီးကြီးကိုလည်း တည်ဆောက်နိုင်ခဲ့တယ်။ နန်းတော်ရာဟာ ၄၄ဧကကျော်တောင်ရှိခဲ့ပြီး နန်းတော်ရဲ့ရေကျုံးတောင်တည်ဆောက်နိုင်ခဲ့တယ်။ ရေကျုံးတွေကို မြို့ရိုးတစ်ပတ် အုတ်တွေစီပြီးခမ်းနားစွာ တည်ဆောက်နိုင်ခဲ့တယ်။ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေးတွေမှာ အထွတ်အထပ်ရောက်ရှိခဲ့တယ်။ ယနေ့ထိ မြို့အတွင်းမှာ ရှေးဟောင်းရွာတွေ တည်ရှိနေတုန်း။ လယ်မြေယာမြေတွေ မြေသြဇာအပြည့်စိုက်ပျိုးနေကြတုန်း။ သရေခေတ္တရာကို တိုက်ခိုက်ကျူးကျော်ခဲ့တဲ့ အထောက်အထားအကျွင်းအကျန်တွေ ယနေ့ထိ တူးဖော်သုတေသနပြုချက်တွေအရ မတွေ့ရှိရပါဘူး။

သရေခေတ္တရာကို ယနေ့ထိ တူးဖော်သုတေသနပြုခဲ့တဲ့ ကုန်းပေါင်း ၆၀ကျော်၇၀နီးပါးမှာ ဘာသာရေးနဲ့ ဓလေ့ထုံးတမ်းအဆောက်အုံများကလွဲလို့ စစ်ဖြစ်ခဲ့တဲ့ တိုက်ခဲ့ခိုက်ခဲ့တဲ့ အထောက်အထားတွေ မရရှိသေးပါဘူး။ သရေခေတ္တရာရဲ့ နန်းမြို့ရိုးဟာ ပျူတွေ နောက်ဆုံးအချိန်အထိ ပြုပြင်ခဲ့ကြောင်းလည်း အုတ်ချပ်အရွယ်အစားများအရ သိရှိခဲ့ရပါတယ်။ ဒါကြောင့် သရေခတ္တရာဟာ ကျူးကျော်တိုက်ခိုက်ခံရတာထက် အဲ့ဒီခေတ်ပထဝီနိုင်ငံ​ရေးအရ စီမံအုပ်ချုပ်မှုကျဆင်းပြီး ဘုရင်ကနေ နယ်စားပယ်စား အဆင့်ကို လျောကျခဲ့ပုံရကြောင်း နောက်ပိုင်းတူးဖော်သုတေသနတွေ့ရှိချက်များက ထောက်ပြလို့နေပါတယ်။

#kmw 


မူရင်းလင့် = https://www.facebook.com/kyaw.myo.win.481226/posts/pfbid0hsinTGu8t8syXxLxe8E5Xdb4btn3wTyEfrLhKCrp3xGA5zy3BLBEVXEbe3f6X2JWl

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ