မွန် ဇစ်မြစ်

လူတော်တော်များများက မွန်ခမာအုပ်စုလို့ မွန် နဲ့ ခမာ ကို နာမည်တွဲခေါ်လေ့ရှိတော့ အချင်းချင်း အနီးစပ်ဆုံးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ မွန် နဲ့ ခမာ က "ဝမ်းကွဲ" လောက်ပဲ တော်စပ်ကြတာပါ။

မွန်လူမျိုးနဲ့ မျိုးရိုးဗီဇရော၊ ဘာသာစကားပါ အနီးစပ်ဆုံး "ညီအစ်ကိုအရင်း" ကတော့ ထိုင်းနိုင်ငံထဲမှာ နေထိုင်တဲ့ "ညာကူ (Nyah Kur)" လူမျိုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံအလယ်ပိုင်းမှာ ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်း ဒွါရာဝတီခေတ် မွန်လူမျိုးတွေရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ်။ သူတို့ပြောတဲ့စကားနဲ့ လက်ရှိ မွန်စကားက အတော်လေး နီးစပ်မှုရှိပါတယ်။

Nyah Kur (ညာကူ) နဲ့ မွန်လူမျိုးတွေရဲ့ နီးစပ်မှုက "ညီအစ်ကိုအရင်း" တော်စပ်တဲ့ အဆင့်ဖြစ်ပါတယ်။ ဘာသာဗေဒပညာရှင်တွေက အရှေ့တောင်အာရှမှာရှိတဲ့ မွန်-ခမာ အနွယ်ဝင်တွေအားလုံးထဲမှာ မွန်လူမျိုးနဲ့ အနီးစပ်ဆုံးက ဒီ ညာကူ လူမျိုးတွေပဲလို့ အတည်ပြုထားပါတယ်။

မွန်နဲ့ညာကူ‌တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော် (ဒွါရာဝတီခေတ်) က ထိုင်းနိုင်ငံအလယ်ပိုင်းမှာ နေထိုင်ခဲ့ကြတဲ့ ရှေးဟောင်းမွန်လူမျိုးကြီး တစ်စုတည်းကနေ ကွဲထွက်သွားကြတာ ဖြစ်ပါတယ်။ ခမာ (Khmer) တွေနဲ့ တိုင် (Tai) တွေ ဝင်ရောက်လာတဲ့အခါမှာ မွန်လူမျိုးတစ်စုက အနောက်ဘက် (မြန်မာနိုင်ငံဘက်) ကို ရွှေ့လာပြီး အခုလက်ရှိ မွန်လူမျိုးတွေ ဖြစ်လာပါတယ်။ ကျန်ရစ်ခဲ့တဲ့ မွန်လူမျိုးတစ်စုကတော့ တောတောင်တွေထဲကို ရှောင်တိမ်းနေထိုင်ရင်း ထိုင်းလူမျိုးတွေကြားမှာ သီးခြားရပ်တည်ခဲ့ကြတာ အခု "ညာကူ" လူမျိုးတွေ ဖြစ်လာတာပါ။ ဒါကြောင့် သူတို့ကို "ရှေးဟောင်းမွန်" (Old Mon) မျိုးဆက်တွေလို့ သတ်မှတ်လို့ ရပါတယ်။

မွန်စကားနဲ့ ညာကူစကားက အသံထွက်ပုံချင်း တော်တော်လေး ဆင်တူပါတယ်။ ပညာရှင်တွေက ညာကူစကားကို "ရှေးဟောင်းမွန်စကား ကျောက်ဖြစ်ရုပ်ကြွင်း (Living Fossil)" လို့တောင် တင်စားကြပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက မွန်စာပေ/စကားက ဗမာစကားနဲ့ ရောနှောပြီး ခေတ်အလိုက် ပြောင်းလဲမှုများခဲ့ပေမယ့်၊ ညာကူတွေကတော့ တောတောင်ထဲမှာ နေခဲ့ရလို့ ရှေးဟောင်းမွန်စကားရဲ့ မူလလေသံနဲ့ ဝေါဟာရတွေကို မပျောက်ပျက်အောင် ပိုပြီး ထိန်းသိမ်းထားနိုင်လို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မှာ မွန်တစ်ယောက်နဲ့ ညာကူတစ်ယောက် စကားပြောကြမယ်ဆိုရင်တော့ တန်းပြီး နားလည်ဖို့ ခက်ပါလိမ့်မယ်။ နှစ်ပေါင်း ၁၀၀၀ လောက် ကွဲနေခဲ့တာဖြစ်လို့ လေသံတွေ၊ ဝေါဟာရအသစ်တွေ ကွာခြားကုန်ပါပြီ။ ဒါပေမဲ့ အခြေခံ စကားလုံးတွေ (ဥပမာ ရေ၊ မီး၊ ထမင်း၊ နေ၊ လ) စတာတွေကတော့ အတူတူလောက်နီးပါး တူညီနေဆဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်ရရင် ပုဂံခေတ်က ကျောက်စာထဲက မြန်မာစကားနဲ့ ဒီနေ့ခေတ် မြန်မာစကား ကွာခြားသလိုမျိုးပဲ ဖြစ်ပါလိမ့်မယ်။

လက်ရှိအချိန်မှာတော့ ညာကူ (Nyah Kur) ဘာသာစကားဟာ ပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိတဲ့ အဆင့် (Endangered) ကို ရောက်နေပါပြီ။ လက်ရှိ ညာကူစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူအများစုဟာ အသက်ကြီးပိုင်း (ဘိုးဘွားအရွယ်တွေ) ပဲ ဖြစ်ကြပါတယ်။ လူလတ်ပိုင်းတွေက နားလည်ပေမယ့် ပြန်မပြောတတ်ကြသလို၊ လူငယ်မျိုးဆက်သစ်တွေကတော့ ညာကူစကားကို လုံးဝမပြောကြတော့ဘဲ ထိုင်းစကား (သို့မဟုတ်) အီဆန် (လာအို) စကားကိုပဲ ပြောဆိုနေကြပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ လူမှုဘဝ လွှမ်းမိုးမှုကြောင့် သူတို့ရဲ့ မိခင်ဘာသာစကားက တဖြည်းဖြည်း မှေးမှိန်လာတာပါ။ ညာကူလူမျိုးစုဟာ ထိုင်းနိုင်ငံ ဖစ်ချဘွန်း (Phetchabun)၊ ချိုင်ယာဖွန် (Chaiyaphum) နဲ့ ကိုရတ် (Korat) ဒေသတဝိုက်မှာ ပြန့်ကြဲနေထိုင်ကြပေမယ့် လူဦးရေ အားဖြင့် သောင်းဂဏန်းအနည်းငယ်သာ ကျန်ပါတော့တယ်။ အဲဒီအထဲမှာမှ မိခင်စကားကို နေ့စဉ်ပြောဆိုသုံးစွဲသူ အရေအတွက်က ဒီထက်အများကြီး နည်းပါတယ်။

ထိုင်းနိုင်ငံအတွင်းထဲက မွန်လူမျိုးတွေထဲ လူသိများတဲ့ ထိုင်းအခေါ် မွန်မိုင်(မွန်သစ်) အုပ်စုလဲ ရှိပါသေးတယ်။ ချင်းမိုင်နဲ့ လမ်ပွန်း (Lamphun) ဘက်မှာ တွေ့ရတဲ့ မွန်တွေဟာ စောစောကပြောခဲ့တဲ့ ညာကူ (Nyah Kur) တွေနဲ့တော့ မတူပါဘူး။ သူတို့က မြန်မာပြည်တွင်းက မွန်တွေနဲ့ ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးစံ အားလုံးနီးပါး ထပ်တူညီကြပါတယ်။ ထိုင်းလူမျိုးတွေက သူတို့ကို မွန်မိုင် (Mon Mai) လို့ ခေါ်ကြပါတယ်။ ဆိုလိုတာက ထိုင်းနိုင်ငံထဲကို နောက်မှ ရောက်လာတဲ့ မွန်တွေလို့ အဓိပ္ပါယ်ရပါတယ်။ သူတို့ဟာ အေဒီ ၁၆ ရာစု ကနေ ၁၈ ရာစု အတွင်း ဘုရင့်နောင်လက်ထက်၊ အလောင်းမင်းတရားလက်ထက် စတဲ့ စစ်ပွဲကာလတွေမှာ ဟံသာဝတီ ပဲခူးနဲ့ မုတ္တမ ဘက်ကနေ စစ်ဘေးရှောင်ပြီး ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ဒုက္ခသည်တွေရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ်။ 

သူတို့ ရွှေ့ပြောင်းသွားတဲ့ အချိန်ကာလက လွန်ခဲ့တဲ့ နှစ် ၂၀၀/၃၀၀ ဝန်းကျင်လောက်ပဲ ရှိသေးတဲ့အတွက် မြန်မာပြည်မွန်တွေနဲ့ ဘာသာစကား သိပ်မကွဲပြားသေးတာ ဖြစ်ပါတယ်။ ဟံသာဝတီ ခေတ်ပျက်ချိန်မှာ ပါသွားကြသူတွေမို့ သူတို့ပြောတဲ့ စကားဟာ လက်ရှိ မြန်မာပြည်က မွန်စကား (ဟံသာဝတီမွန်လေသံ) နဲ့ အတူတူပဲ ဖြစ်နေတာပါ။ ဒါကြောင့် ချင်းမိုင်၊ လမ်ပွန်း၊ ဘန်ကောက်နားက ပတ်ကရက် (Pak Kret) နဲ့ ဖရာပရာဒမ် (Phra Pradaeng) ဒေသတွေမှာ နေထိုင်ကြတဲ့ မွန်တွေဟာ မြန်မာပြည်က မွန်တွေနဲ့ အမျိုးအရင်းတွေ ဖြစ်နေတာ ဖြစ်ပါတယ်။

တကယ်တမ်း လမ်ပွန်းဆိုတာက ထိုင်းနိုင်ငံရဲ့ မူရင်းဌာနေ မွန်ဟောင်းတွေရဲ့ နောက်ဆုံးမင်းနေပြည်လို့ ပြောလို့ရပါတယ်။ ဒီအဆက်အစပ်ပါ ထည့်ပြောဖို့အတွက် သမိုင်းကြောင်းနဲ့ချီပြောရမှာမို့ စာကတော့ ထပ်ရှည်ရပါဦးမယ်။ ဒွါရာဝတီခေတ် အေဒီ ၆ ရာစု ၁၀ ရာစု ကာလကို မွန်တို့ရဲ့ရွှေခေတ်လို့ သတ်မှတ်ကြပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်း ယခု ဘန်ကောက် နခွန်ပထုံ ဒေသများမှာ ဒွါရာဝတီ (Dvaravati) ဆိုတဲ့ မွန်အင်ပါယာကြီး ထွန်းကားနေပါတယ်။ အေဒီ ၇ ရာစုလောက်မှာ ဒွါရာဝတီမင်းသမီး မယ်တော် စောမဒေဝီ က မြောက်ဘက်ကို တက်ပြီး လမ်ပွန်းမှာ ဟရိပုဉ္စယ နိုင်ငံကို တည်ထောင်ပါတယ်။ ဒါဟာ ဒါက ပင်မဒွါရာဝတီမွန်နိုင်ငံအပြင် အထက်ပိုင်းလမ်ပွန်းမှာ နောက်ထပ်မွန်နိုင်ငံနောက်တနိုင်ငံ ထပ်ရှိလာတယ်လို့ ဆိုရပါမယ်။ 

အေဒီ ၁၁ ရာစုမှာ ကမ္ဘောဒီးယားဘက်က အင်အားကြီးမားလာတဲ့ ခမာ (Khmer) တွေက ဒွါရာဝတီကို ဝင်ရောက် ချေမှုန်းလိုက်ပါတယ်။ အဲ့ဒီမှာ ဒွါရာဝတီမွန်ဟောင်းတွေဟာ အုပ်စုသုံးစုကွဲထွက်သွားပါတယ်။ 

အုပ်စု (က)  မြို့ပေါ်မှာပဲ ဆက်နေပြီး ခမာလက်အောက်ခံ ဘဝကို ခံယူလိုက်သူများ (နောင်တွင် ရောနှော ပျောက်ကွယ်သွားသည်)။

အုပ်စု (ခ) အနောက်ဘက် (မြန်မာနိုင်ငံ၊ သထုံ၊ ပဲခူး) ဘက်ကို ထွက်ပြေးပြီး မြန်မာပြည်မွန်တွေနဲ့ သွားပေါင်းသူများ။

အုပ်စု (ဂ) ဘယ်ဘက်မှ မပြေးနိုင်ဘဲ ဖစ်ချဘွန်း (Phetchabun) တောင်တန်းတွေပေါ် တက်ပြေးပြီး တောခိုသွားသူများ (ဒါက ညာကူ Nyah Kur ဖြစ်လာမည့် အုပ်စုပါ)။

ဒွရာဝတီမွန်ဟောင်းနိုင်ငံ ပျက်စီးနေတဲ့အချိန်မှာ မြောက်ဘက် တောင်ပေါ်မှာ သီးခြားရှိနေတဲ့ ဟရိပုဉ္စယ (လမ်ပွန်း) မွန်တိုင်ပြည်ငယ်ကလေးကတော့ ခမာလက်လှမ်းမမီလို့ မပြိုဘဲ တစ်နိုင်ငံတည်း ထီးတည်း ကျန်ရစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်းတစ်ခုလုံး ခမာပိုင်နက် ဖြစ်သွားချိန်မှာ လမ်ပွန်း (ဟရိပုဉ္စယ) ဟာ လွတ်လပ်တဲ့ မွန်ဘုရင်၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှုနဲ့ ရာစုနှစ် ၂ ခုလောက် ဆက်ပြီး တောင့်ခံထားနိုင်ခဲ့ပါတယ်။ ဒါဟာ အရှေ့တောင်အာရှ ရှေးမွန်ဟောင်းတို့ရဲ့ နောက်ဆုံးမင်းနေပြည်တော် ဟရိပုဉ္စယပါပဲ။ 

တရုတ်ပြည်ဘက်က ဆင်းလာတဲ့ တိုင် (Tai) လူမျိုး ခေါင်းဆောင် မန်ဂရိုင်း (King Mangrai) က ဟရိပုဉ္စယကို တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

ဒီတစ်ခါတော့ မွန်ဟောင်းတွေရဲ့ နောက်ဆုံးခံတပ် နောက်ဆုံးမင်းနေပြည်ဟာ တကယ်ပဲကျဆုံးသွားပါတော့တယ်။  ဒီတစ်ခါ မွန်တွေ ထွက်မပြေးကြတော့ပါဘူး။ အုပ်ချုပ်သူ ထိုင်း (လန်န) လူမျိုးတွေနဲ့ လက်ထပ်ပေါင်းသင်းပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုချင်း ဖလှယ်လိုက်ကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လမ်ပွန်းက မွန်ဟောင်းတွေဟာ ထိုင်းစကားပြောတဲ့ ထိုင်း-ယွန်း (Tai Yuan) လူမျိုးတွေ အဖြစ် လုံးဝ ကူးပြောင်းသွားပါတယ်။ မျိုးရိုးဗီဇ ကျန်ပေမယ့် မွန်လူမျိုးအဖြစ်ကနေ ပျောက်ကွယ်သွားပါပြီ။ ဆိုတော့ လက်ရှိမွန်သစ်တွေဟာ မွန်ဟောင်းတို့ရဲ့ မူရင်းဌာနေကို ပြန်ရောက်လာတဲ့ မျိုးဆက်သစ်တွေလို့ နားလည်နိုင်ပါတယ်။ ဒီနေ့ထက်ထိ လမ်ပွန်းမြို့မှာ ရှိနေတဲ့ "ဖရာ့ဓာတ် ဟရိပုဉ္စယ (Wat Phra That Haripunchai)" စေတီတော်ကြီးဟာ ရှေးဟောင်းမွန်တွေရဲ့ အထင်ကရ လက်ရာအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ထိုင်းနိုင်ငံထဲက ကူညာတွေကို ဘာ့ကြောင့်မွန်ဟောင်းလို့ခေါ်ပြီး ချင်းမိုင်/လမ်ပွန်းဒေသက ပြည်တွင်းမွန်တွေနဲ့ အနီးစပ်ဆုံးတူညီတဲ့မွန်တွေကို မွန်သစ်လို့ ဘာ့ကြောင့်ခေါ်ရတယ်ဆိုတာကို ရှင်းလင်းသွားလိမ့်မယ်လို့ ယူဆပါတယ်။

တောတောင်တွေထဲမှာ ပုန်းအောင်းရင်း ရှေးဟောင်းစကားကို ထိန်းသိမ်းခဲ့တဲ့ တော်ပေါ်မွန် ညာကူတွေပဲဖြစ်ဖြစ် မြန်မာပြည်ဘက်ကနေ စစ်ဘေးရှောင်ရင်း ရောက်လာကြတဲ့ မွန်သစ်တွေပဲဖြစ်ဖြစ် သူတို့အားလုံးဟာ မွန်ဆိုတဲ့ မျိုးနွယ်တစ်ခုတည်းက ဆင်းသက်လာကြသူတွေပါပဲ။ ကံကြမ္မာအလှည့်အပြောင်းကြောင့် နေရာဒေသနဲ့ ဘဝပေးအခြေအနေတွေ ကွဲပြားသွားခဲ့ကြပေမယ့် ဒီကွဲပြားမှုတွေကပဲ အရှေ့တောင်အာရှ သမိုင်းစာမျက်နှာပေါ်မှာ မွန်လူမျိုးတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ယဉ်ကျေးမှု ဘယ်လောက်ထိ အမြစ်တွယ်ခဲ့ပုံတွေကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။


Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ