ဗြဟ္မာ / မြန်မာ / ဗမာ
🌎 #ဗြဟ္မာ၊မြန်မာ၊ဗမာ 🌎 "မြန်မာ"ဟူသောဝေါဟာရအကြောင်း တော်တော်များများ ရေးပြီးကြပါပြီ။"မြန်မာ"ဝေါဟာရ ဆင်းသက်လာပုံ၊မြန်မာ၏အဓိပ္ပါယ်၊မြန်မာနှင့် ဗမာ စသည့်အကြောင်းများဖြစ်ပါသည်။မိမိနိုင်ငံ၊မိမိလူမျိုး၊မိမိဘာသာစကား၏ အမည်နှင့်ဆိုင်သော အကြောင်းများဖြစ်သည့်အတွက် စိတ်ဝင်စားစရာ ကောင်းပါသည်။ ယခုဤဆောင်းပါးတွင် အဆိုပါရေးသားချက်များကို အခြေပြု၍ ကျွန်တော့်အမြင်ကို တင်ပြရန် ရည်ရွယ်ပါသည်။ "မြန်မာ"ဆိုသော ဝေါဟာရကို ယခုရေးသားသည့်စာလုံးပေါင်းသတ်ပုံအတိုင်းပင် မြန်မာသက္ကရာဇ် ၅၅၂ ခုနှစ်တွင် ရေးထိုးသော ပုဂံ၊တောင်ဂူနီဘုရားကျောက်စာတွင် အစောဆုံးတွေ့ရပါသည်။ဘုရားကိုလှူဒါန်းသော ပန်တျာ(တူရိယာဂီတသမား)အမည်များကို ဖော်ညွှန်းရာ၌ မြန်မာပန်တျာကား အိုဝ္အ်သာ၊အိုဝ္အ်ကောင်း၊ အိုဝ္အ်ကြိ( အို့သာ၊အို့ကောင်း၊ အို့ကြီး) ဟူ၍ရေးထိုးထားပါသည်။ ထိုအမည်များမှာ အမျိုးသမီးအမည်များ ဖြစ်ပါသည်။မြန်မာပန်တျာအမည်များနှင့်အတူ ကုလားပန်တျာအမည်များလည်း တွေ့ရပါသည်။ယခုတိုင် "မြန်မာ"ဟူသောစာလုံးပေါင်းအတိုင်း အသုံးပြုနေသည်မှာ မှတ်သားစရာဖြစ်သည်။ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မြန်မာကျောက်စာများတွင် အားလုံးနီးပါး"...