ဗြဟ္မာ / မြန်မာ / ဗမာ

 🌎 #ဗြဟ္မာ၊မြန်မာ၊ဗမာ 🌎


"မြန်မာ"ဟူသောဝေါဟာရအကြောင်း တော်တော်များများ ရေးပြီးကြပါပြီ။"မြန်မာ"ဝေါဟာရ ဆင်းသက်လာပုံ၊မြန်မာ၏အဓိပ္ပါယ်၊မြန်မာနှင့် ဗမာ စသည့်အကြောင်းများဖြစ်ပါသည်။မိမိနိုင်ငံ၊မိမိလူမျိုး၊မိမိဘာသာစကား၏ အမည်နှင့်ဆိုင်သော အကြောင်းများဖြစ်သည့်အတွက် စိတ်ဝင်စားစရာ ကောင်းပါသည်။

ယခုဤဆောင်းပါးတွင် အဆိုပါရေးသားချက်များကို အခြေပြု၍ ကျွန်တော့်အမြင်ကို တင်ပြရန် ရည်ရွယ်ပါသည်။

"မြန်မာ"ဆိုသော ဝေါဟာရကို ယခုရေးသားသည့်စာလုံးပေါင်းသတ်ပုံအတိုင်းပင်

မြန်မာသက္ကရာဇ် ၅၅၂ ခုနှစ်တွင် ရေးထိုးသော ပုဂံ၊တောင်ဂူနီဘုရားကျောက်စာတွင် အစောဆုံးတွေ့ရပါသည်။ဘုရားကိုလှူဒါန်းသော ပန်တျာ(တူရိယာဂီတသမား)အမည်များကို ဖော်ညွှန်းရာ၌ မြန်မာပန်တျာကား အိုဝ္အ်သာ၊အိုဝ္အ်ကောင်း၊

အိုဝ္အ်ကြိ( အို့သာ၊အို့ကောင်း၊

အို့ကြီး) ဟူ၍ရေးထိုးထားပါသည်။

ထိုအမည်များမှာ အမျိုးသမီးအမည်များ ဖြစ်ပါသည်။မြန်မာပန်တျာအမည်များနှင့်အတူ

ကုလားပန်တျာအမည်များလည်း တွေ့ရပါသည်။ယခုတိုင်

"မြန်မာ"ဟူသောစာလုံးပေါင်းအတိုင်း အသုံးပြုနေသည်မှာ မှတ်သားစရာဖြစ်သည်။ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မြန်မာကျောက်စာများတွင် အားလုံးနီးပါး"မြန်မာ"ဟုပင်ရေးသားခဲ့ပြီး အင်းဝခေတ်၊

ကုန်းခေတ်ကျောက်စာအနည်းငယ်တွင်သာ

"မြံမာ၊မြမ္မာ"ဟူ၍ အရေးဖောက်သည်ကိုတွေ့ရကြောင်း

ဆရာကြီးဦးဖိုးလတ်က မိန့်ဆိုပါသည်။

ကုန်းဘောင်ခေတ်တွင် ဒုတိယကျော်အောင်စံထားဆရာတော်ရေးသားပြုစုသော

ဝေါဟာရတ္ထပကာသနီကျမ်း၌

မြန်သည်၊မာသည် ဟူသောအကြောင်းကိုစွဲ၍ "မြန်မာ"ဟု ဆိုမိန့်ခြင်းဖြစ်၏ဟူသော

စကားဟောင်းကိုထောက်လျှင်

နသတ်ရေးသင့်သည် ဖြစ်၏ဟု မှတ်ချက်ချပြီး မြမ္မာဟုရေးခြင်းမှာ ကလျာဏီကျောက်စာတွင်

"မြမ္မာမနုဿဝေါဟာရန္တိ

မြမ္မဝိသယေဌာနေ" စသည်ဖြင့်

"မ"ဆင့်လျက်ရေးသည်ကို လိုက်၍ရေးခြင်းဖြစ်ကြောင်း

မိန့်ဆိုသည်။ပါဠိ ရေးပုံအတိုင်း

သံယုတ်(စာလုံးဆင့်)ရေးခြင်းဖြစ်သည်။

ဝေါဟာရတ္ထပကာသနီကျမ်းတွင် (နသတ်ရေးသင့်သည်)ဟု

"သင့်"ဟူသောစကားကိုသုံးသော်လည်း အရင်းခံစကားလုံးကိုပြရာတွင်မူ "မြမ္မာ"ဟူ၍ပင် "မ"နှစ်လုံးဆင့်ဖြင့် ပြပုံကိုထောက်လျှင် ဆရာတော်တို့ခေတ်တွင် "မြမ္မာ"ဟူ၍ပင် ရေးနေကြသည့်အတွက် ဆရာတော်က အကျိုးအကြောင်းပြပြီး နသတ်ရေးသင့်သည်ဟု မိမိသဘောထားကိုဖော်ပြခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။

ပုဂံခေတ်ကျန်စစ်သားမင်းလက်ထက် မွန်ဘာသာဖြင့်ရေးထိုးသော နန်းတည်ကျောက်စာတွင် မြန်မာလူမျိုးကို

"မိရ္မာ"(စာလုံးရိုက်မရ၊ မရေးချဖြစ်ပြီး၊ မပေါ် တွင် ရ ဖြစ်ပါသည်)ဟုရေးပါသည်။ထိုခေတ်တွင် မွန်တို့က မြန်မာကို

"မိရ္မာ"ဟုခေါ်ကြောင်း သိနိုင်ပါသည်။

စိတ်ဝင်စားစရာ အချက်တစ်ချက်မှာ ရှေးခေတ်မွန်စကားတွင်

"မိရ္မာ"ဟူသော စကားလုံးသည် ယခုခေတ်မွန်စကားတွင် ဗ္မာ(ဗမာ)ဟု ပြောင်းလဲလာခြင်းဖြစ်သည်။

မြန်မာကို.အခြားလူမျိုးများက မည်သို့ခေါ်ကြောင်း ပညာရှင်တို့က စူးစမ်းဖော်ထုတ်ထားပါသည်။တရုတ်စကားတွင်

မီယင်( Mien)၊ရှမ်းစကားတွင်

မန်(Man)ဟုခေါ်ကြောင်း ၊ထို့အတူ ကချင်က'မန်'၊လောင်ဝေါ်က 'မျေန်'၊လရှီက 'လမျေင်'

ချင်းက 'ကော်လာ'၊ကရင်က

'ပယော'၊မွန်က 'ဗမာ'စသည်ဖြင့်ခေါ်ကြကြောင်း သိရပါသည်။

သေက္ချတောင်ဆရာတော် ဦးတိလောက က ပဏ္ဍိတဝေဒနိယဒီပနီကျမ်းတွင် "မြန်မာ"သည်

"ဗဟ္မာ"ဟူသော ပါဠိစကားမှဆင်းသက်ကြောင်း ကြီးပွားခြင်းအနက်ရှိသော ဗဟ ဓာတ်ကို

"မ"ပစ္စည်းဆက်၍ "ဗဟ္မာ"ဖြစ်လာကြောင်း ရှင်းပြသည်။ရှေးဦးပညာရှိတို့က

'ငါတို့အမျိုးဇာတ်သည် တစ်နေ့တစ်ခြား စည်ကားပွားစီးတတ်၏။ထို့ကြောင့် "ဗဟ္မာ"တွင်စေသတည်း ဟု အမည်မှည့်ကြလေကုန်၏"ဟု

ဖွင့်ဆိုသည်။"ဗ"ကို ရရစ်၍ ​ဗြပြုပြီး "ဗဟ္မာလူမျိုး၊ဗြဟ္မာလူမျိုး"ဟု ခေါ်နိုင်ကြောင်းလည်း မိန့်ဆိုသည်။

စလင်းဆရာတော်ကြီးပြုစုသော ဝိသုဒ္ဓိဒီပနီတွင် ရောဟိနီဟူသော ဗြဟ္မနက္ခတ်ကိုစွဲ၍ ဗြဟ္မာလူမျိုး၊ဗြဟ္မာတိုင်းပြည်ဟု ခေါ်ဝေါ်ခဲ့ရာ ကာလရှည်ကြာ၍ ရအက္ခရာ(ရရစ်)နှင့် ဟ အက္ခရာပျောက်ပြီး" ဗမာလူမျိုး၊ဗမာနိုင်ငံ၊ဗမာတိုင်းပြည်"ဟူ၍ခေါ်ခဲ့ကြကြောင်း မိန့်ဆိုသည်။

ဆရာအချို့ကလည်း "မြန်မာ"သည် "ဗြဟ္မာ"ဟူသောပါဠိစကားမှ ဆင်းသက်ကြောင်း၊

"ဗြဟ္မာ"မှ "ဗြမ္မာ"ဟူ၍ဖြစ်လာကြောင်း ၊"ဗြမ္မာ"မှ တစ်ဖန်ရွေ့လျောပြန်၍ "ဗမ္မာ၊ဗမာ"

ဟူ၍တစ်မျိုး၊"မြမ္မာ၊မြန်မာ"ဟူ၍ တစ်မျိုးဖြာထွက်လာကြောင်း၊ ယခုကာလ မြန်မာစာတို့၌ "မြန်မာ"ဟု အများအားဖြင့် ရေးလျက်ရှိသော်လည်း

စကားပြောဆိုရာ၌ မိမိတို့လူမျိုးကို ဗမာ ဟုပင်ပြောဆိုနေကြကြောင်း ၊ဗြဟ္မာလူမျိုးဟု ရှေးကခေါ်ကြခြင်းမှာ ကမ္ဘာဦးကာလ ဗြဟ္မာပြည်၌သေကြသော ဗြဟ္မာတို့သည် ဤလူ့ဘုံ၌ လူဖြစ်လာကြသောကြောင့် ရှေးကဗြဟ္မာဖြစ်ဖူးသည်ကိုစွဲ၍ ဗြဟ္မာလူမျိုးဟု ခေါ်ကြကြောင်း ရှင်းပြပါသည်။

ဆရာလွန်း၏ ရွှေနတ်တောင်ဘုရားသမိုင်းတွင်မူ မဟာသမ္မတမင်းမှ ၂၈ ဆက်မြောက်

အစ္စိမမင်း၏သားတော် ၊သမီးတော်များ တိုင်းပြည်သစ်တည်ထောင်ရန် ရှာရာတွင် ယခုရွှေတောင်မြို့တည်ရာအရပ်ကို

တွေ့၍ ကဉ္စနဂိရီခေါ် ရွှေတောင်မြို့ကြီးတည်ပြီးနောက် ခမည်းတော်ထံလက်ဆောင်ပဏ္ဏာပို့ဆက်ရာ ခမည်းတော်နှစ်သက်၍

"ပမက္ခရကုလ"ဟု သုံးကြိမ် ချီးကျူးသည် ဟူသောဇာတ်ကြောင်းကို ဖော်ပြပြီး ထို

"ပမက္ခရ"တွင် ပါသော"ပမာ"မှ

"မြန်မာ"ဟု တွင်လာကြောင်း

"ပမာအားဖြင့် သုံးစား၍မကုန်နိုင်သောလူမျိုး"ဟု အဓိပ္ပါယ်ရကြောင်း ဖွင့်ဆိုသည်။

မြန်မာစာညွန့်ပေါင်းကျမ်း၊

ကိုးခန်းပျို့ဋီကာကြီးစသည်

ကျမ်းများပြုစုသော မြန်မာပညာရှိ ဆရာကြီးဦးကျော်ထွန်းသည် "မြန်မာဟူသောစကား.ဖြစ်လာရင်း.မူလအကြောင်း"ဟူသောခေါင်းစဉ်

ဖြင့် မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်တွင် ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။ဆရာကြီးသည် ထိုဆောင်းပါးတွင် ယခုဖော်ပြထားသော

"မြန်မာ"၏ ရင်းမြစ်ဆိုင်ရာအယူအဆအများစုကို ဖော်ပြပြီး

အသင့်ယုတ္တိ ရှိ၊မရှိ စိစစ်ထားပါသည်။

ဆရာကြီးဦးကျော်ထွန်းက "မြန်မာ"ဟူသောစကားသည်

"မိယင်"ဟူသောတရုတ်စကား၊

"မန်း"ဆိုသော ရှမ်းစကားတို့မှ ဆင်းသက်သည်ဟူသောအဆိုမှာ

အသင့်ယုတ္တိမရှိကြောင်း၊မြန်မာဟူသောအမည်သည် မြန်မာလူမျိုးတို့က မိမိတိုကိုယ်မိမိ

ခေါ်ဆိုပညတ်အပ်သောအမည်ဖြစ်၍ မြန်မာ့ စိတ်ကူးဉာဏ်မျိုး

ဖြင့် ကြံစည်မှသာ ထိုအမည်၏

အရင်းအမြစ်အမှန်ကို သိနိုင်မည်ဖြစ်ကြောင်း ၊အခြားလူမျိုးတို့ ထိုရင်းမြစ်ကိုသိနိုင်မည်မဟုတ်ကြောင်း ရှင်းပြသည်။

ထို့အတူ "မြန်မာ"သည်

"ဗဟ္မာ"၊"ပမာ"တို့မှ ဆင်းသက်သည်ဟူသောအယူအဆများကို စိစစ်ပြီး အသင့်ယုတ္တိမရှိကြောင်း သုံးသပ်သည်။

ခိုင်မာသောအထောက်အထားမရှိပုံ၊ အယူအဆမှားယွင်းပုံတို့ကို ရှင်းပြသည်။

"ဗမာ"မှ "ပမာ"သို့ အသံမပြောင်း၊ "ပမာ"မှ "ဗမာ"သို့သာ

အသံပြောင်းကြောင်းရှင်းပြသည်ကိုလည်း မှတ်သားရပါသည်။

ဆရာကြီးဦးကျော်ထွန်း၏စိစစ်ချက်တစ်ခုမှာမူ လက်ခံနိုင်ဖွယ်မရှိကြောင်း တွေ့ရပါသည်။ဆရာကြီးက "မြန်မာ"ဟူသောအရေးအသားကို ၇၃၅ ခုနှစ်ထိုး

စစ်ကိုင်း ရတနာစေတီကျောင်း

ကျောက်စာလာ "မြန်မာရွာတိ"

ဆိုသောအသုံးမှာတွေ့ရသော်လည်း ထို့ထက်ရှေးကျသော ၇၃၀ ခုနှစ်ထိုး မင်းကြီးစွာစော်ကဲကျောက်စာမှာ "မြံမာမင်း"ဟု ရေးထိုးထားသည်ကိုတွေ့ရ၍ "မြန်မာ"သည် မူလစကားရင်းမဟုတ်ဘဲ "မြံမာ"မှ ရွေ့လျော၍ "မြန်မာ"ဖြစ်လာကြောင်းထင်ရှားသည်ဟု ဆိုထားသည်။"မြံမာ"က "မြန်မာ"

ထက် ပို၍ရှေးကျသည်ဟု ဆိုလိုခြင်းဖြစ်သည်။ရှေ့တွင်တင်ပြခဲ့သည်အတိုင်း "မြန်မာ"ဟူသောအရေးအသားကို သက္ကရာဇ် ၅၀၀ ကျော်ကပင် တွေ့ရပြီးဖြစ်သည့်အတွက် "မြန်မာ"က ပို၍ရှေးကျကြောင်း သိနိုင်ပါသည်။

ဆရာကြီးဦးကျော်ထွန်းသည်

"ဗြဟ္မာ"မှ "မြန်မာ"သို့ဆင်းသက်သည်ဟူသော အယူအဆကို လက်ခံကြောင်း တွေ့ရပါသည်။အိန္ဒိယတိုင်းသားတို့က

ဥရောပတိုက်သားများ မြန်မာပြည်၊မြန်မာလူမျိုးများကို မသိကြသေးမီ အလွန်ရှေးကြသော ကာလကပင် မြန်မာပြည်ကို

ဗြဟ္မာဒေသ၊မြန်မာလူမျိုးကို

ဗြဟ္မာဟု ခေါ်ဝေါ်ခဲ့ကြကြောင်း

အိန္ဒိယစာပေများကိုအခြေပြု၍

"ဗွဟ်မဘာသာယ၊မွမ်မာဘာသာ

ဖြင့် ဟု"ပြန်ဆိုရေးသားကြောင်း

သာဓကပြထားပါသည်။ထိုအိန္ဒိယသားတို့ခေါ်သည့် ဗြဟ္မာဟူသောအသံကိုတစ်ဆင့်ကြား၍

အင်္ဂလိပ်တို့က မြန်မာပြည်ကို

ဗာရ်မာ( Burma)၊ မြန်မာလူမျိုးကို ဗာရ်မာန် (Burman)ဟု ခေါ်ဝေါ်ခြင်းဖြစ်ပုံရကြောင်းလည်း မိန့်ဆိုထားပါသည်။

ဗြဟ္မနိရုတ္တိနယသင်္ဂဟခေါ်

မြန်မာစကားလုံးပြောင်းထုံးကျမ်းကို ပြုစုသော ဆရာတော်

ဦးကောသလ္လကလည်း ထိုအယူအဆမျိုးကို ဖော်ပြထားသည်။

အနော်ရထာမင်း သထုံအောင်နိုင်ပြီး အောက်ပြည်၌အခြေစိုက်သော အိန္ဒိယနိုင်ငံသားတို့ကို

ပုဂံသို့ခေါ်ဆောင်လာပြီး ကျေးကျွန်အဖြစ်အသုံးချရာမှ

ယင်းတို့ကစ၍ ပုဂံပြည်ကို

"ဗြဟ္မပူရ"ဟု ခေါ်တွင်ရာမှ တွင်ကျယ်လာခြင်းဖြစ်နိုင်ကြောင်း ၊ကျမ်းများတွင် မြန်မာပြည်ကို "ဗြဟ္မပူရ"ဟု ရေးကြောင်း ဆိုထားသည်။

ဗြဟ္မာကို အိန္ဒိယတိုင်းသားတို့က "ဗရ်ဟမာ"ဟုအသံထွက်သည်။ဥရောပတိုက်သားတို့က

အိန္ဒိယအခေါ်အတိုင်း "ဗာရ်မာ"

ဟု သိရှိမှတ်ယူကြသည်။

ထိုဗာရ်မာ အရေးမှတစ်ဆင့် "ဗမာ"ဟူသော အခေါ်ဖြစ်လာသည်။မြန်မာတို့က ဗမာဟုခေါ်ကြသည်။ဤသို့

ဖြင့်"မြန်မာ"ရင်းမြစ်နှင့် "ဗမာ"ဖြစ်လာပုံကို မှတ်သားရပါသည်။

"မြန်မာ"ကို "မြန်သည်၊မာသည်"ဟု အနက်ဖွင့်ကြသော်လည်း ဆရာကြီးဦးဖိုးလတ်ကမူ "မြန်=လျင်မြန်၊မြန်ဆန်၊မာ=ကြီးမား၊လွန်ကဲ"ဟု ဖွင့်ဆိုနိုင်ကြောင်း ၊ရှေးကမြန်မာတို့ အလွန်လျင်မြန်စွာ လှုပ်ရှားသွားလာ လုပ်ဆောင်လေ့ရှိ၍ အလွန်လျင်မြန်စွာ ကြီးပွားတိုးတက်ခဲ့ခြင်းနှင့် ဆက်စပ်ကြောင်း မိန့်ဆိုထားပါသည်။

မြန်မာစာအဖွဲ့က ပြုစုသော မြန်မာအဘိဓာန်တွင် "မြန်မာ"ကို

(၁)မြန်မာနိုင်ငံတွင် အစဉ်အဆက်နေထိုင်ခဲ့ကြသော

တိုင်းရင်းသားများကို ခြုံခေါ်သောအမည်နှင့် (၂)ဗမာ ဟူ၍

အနက်နှစ်ခု ပေးထားပါသည်။

"ဗမာ"ကိုမူ တိဘက်မြန်မာအုပ်စုဝင် ဘာသာစကားတစ်မျိုးကို ပြောဆိုသော မြန်မာတိုင်းရင်းသားတစ်မျိုးဟု အနက်ဖွင့်ထားပါသည်။

ယနေ့ "မြန်မာ"နှင့် "ဗမာ"ကို

ဤဖွင့်ဆိုချက်နှင့်အညီ အသုံးပြုလျက်ရှိပါသည်။မြန်မာတိုင်းရင်းသားအားလုံးကို လွှမ်းခြုံသည့်သဘောရှိလျှင်

"မြန်မာ"ဟု သုံးပါသည်။"မြန်မာနိုင်ငံ၊မြန်မာစကား၊မြန်မာစာ၊မြန်မာ့ယဉ်ကျေးမှု၊မြန်မာ့ဂီတ"စသည့်အသုံးများတွင် "မြန်မာ"သည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားများကိုလွှမ်းခြုံသောသဘော ပါဝင်ပါသည်။

ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်း စသော တိုင်းရင်းသားများနည်းတူ တိုင်းရင်းသားတစ်မျိုးအဖြစ်သုံးလျှင်မူ"ဗမာ"ဟု သုံးပါသည်။မြန်မာကို ဗမာအနက်ဖြင့် သုံးသည်လည်းရှိကြောင်း အဘိဓာန်ဖွင့်ဆိုချက်အရ သိနိုင်ပါသည်။

"မြန်မာ"ဟူသောဝေါဟာရ၏

ရင်းမြစ်နှင့်ပတ်သက်၍ လက်လှမ်းမီသမျှ ရှေ့တွင်တင်ပြခဲ့သည့် အယူအဆများကို လေ့လာကြည့်သောအခါ "ဗြဟ္မာ"ဟူသောဝေါဟာရမှ ဆင်းသက်သည်ဆိုသည့် အယူအဆသည် လက်ခံနိုင်ဖွယ်ရှိသော အယူအဆဖြစ်ကြောင်း တွေ့ရပါသည်။

ရှေးအိန္ဒိယနိုင်ငံသားတို့က မြန်မာကို ဗြဟ္မာ ဟုခေါ်ကြောင်း

အထောက်အထားများရှိသည့်အပြင် ဗြဟ္မာမှ မြန်မာသို့ပြောင်းလဲသည်ဆိုသော အချက်မှာလည်း အသံပြောင်းပုံသဘောအရ ဖြစ်နိုင်ပါသည်။"ဗ"နှင့် "မ"သည် အသံထွက်ရာ ဌာန်ချင်းတူသော ဗျဉ်းများဖြစ်၍ ပြောင်းလဲနိုင်ပါသည်။ဗြဟ္မာ မှ

မြမ္မာ ဟု ပြောင်းခြင်းမှာ မာနှင့် အသံချင်းနီးစပ်သော မသတ်သံသို့ ပြောင်းသည့်သဘာဝနှင့်အညီဖြစ်ပါသည်။

"အိပ်မက်"မှ "အိမ်မက်"ဟု ပြောင်းသကဲ့သို့ "ဗြဟ်မာ"မှ

"ဗြမ်မာ"သို့ပြောင်းခြင်းဖြစ်ပါသည်။တစ်ဖန် "ဗြ"မှ "မြ"သို့ပြောင်းပြီး "မြမ္မာ"ဟု ဖြစ်လာနိုင်ပါသည်။"မြမ္မာ"မှ "မြန်မာ"သို့ ပြောင်းခြင်းမှာ

"မြမ်"နှင့် "မြန်"အသတ်သံတူ

သည့်အပြင် မြန်ခြင်း၊မာခြင်းဟူသော အနက်ထင်ရှားသည့်အတွက် ပြောင်းခြင်း ဖြစ်နိုင်ပါသည်။သို့သော်နောက်ဆုံးအဆင့်ဖြစ်သော မြန်မာသည် ပုဂံခေတ် သက္ကရာဇ် ၅၀၀ ကျော်ကတည်းက ပြောင်းပြီးဖြစ်နေ

သည့်အတွက် "ဗြဟ္မာ"မှ "မြန်မာ"သို့ အဆင့်ဆင့်ပြောင်းသည့် ကာလသည် ထိုသက္ကရာဇ်ထက် နှစ်ပေါင်းများစွာ စောသောအချိန်ကာလ ဖြစ်ပေလိမ့်မည်ဟု ကောက်ချက်ချမိပါသည်။

{ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)

ဘာသာစာပေ အသွေးအရောင်

အဆင်အကွက်)

🎓 ဇေယျာမြတ် ( မြန်မာစာ)

----------------------


မူရင်းလင့် ... https://www.facebook.com/share/p/18r6ZQVqf5/

Comments

Popular posts from this blog

ဟန်လင်း

ပျူနှင့် ဗမာ လူမျိုး တူ၊ မတူ (ဘုန်းတင့်ကျော်)