မြန်မာနှင့် သီရိလင်္ကာ သာသနာဆက်ဆံရေး
(၁၂) ရာစုက သီဟိုဠ်ကို ရောက်သွားတဲ့ မွန်ရဟန်းတော် ဆပ္ပဋမထေရ်နဲ့ ပတ်သက်တဲ့ မှတ်တမ်း သီဟိုဠ်မှာ မရှိပါ။ မြန်မာတွေ မှတ်တမ်းတင်ထားလို့သာ သူတို့ သိတာပါ။ ကလျာဏီမှာ သိမ်ဝင်ဖို့ (၁၄) ရာစုက မွန်ဘုရင် ဓမ္မစေတီမင်း လွှတ်လိုက်တဲ့ ရဟန်းတော်များအကြောင်းလည်း သီဟိုဠ်မှတ်တမ်းတွေမှာ မရှိပါ။ မြန်မာတွေ ပြောလို့သာ ဒီအကြောင်းကို သီဟိုဠ်က ကိုယ်တော်တွေ ဂုဏ်ယူစွာနဲ့ ပြောနေကြရခြင်း ဖြစ်ပါတယ်။
(၁၁) ရာစုက သီဟိုဠ် ဝိဇယဗာဟုမင်းရဲ့ ပင့်ဖိတ်ချက်အရ အနော်ရထာမင်း အစီအစဉ်နဲ့ မြန်မာရဟန်းတော်တွေ သီဟိုဠ်ကို ရောက်လာပါတယ်။ သီဟိုဠ် ရဟန်းတော်တွေကို ဥပသမ္ပဒကံဆောင် (ရဟန်းပြု) ပေးခဲ့ကြပါတယ်။ ပိဋကတ်သုံးပုံကိုလည်း သင်ကြားပို့ချပေးခဲ့ပါတယ်။ ဒီအကြောင်းကို သီဟိုဠ်သမိုင်းကျမ်းဖြစ်တဲ့ စူဠဝံသမှာ အတိအလင်း ဖော်ပြထားပါတယ်။ ကျောက်စာ အထောက်အထားလည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီလောက် ခိုင်မာတဲ့ အထောက်အထားများကို တချို့ သီဟိုဠ်ပညာရှင်တွေက မခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းချက် ထုတ်ချင်ကြပါသေးတယ်။ ပညာရေးစနစ်ရဲ့ အားနည်းချက်ကြောင့် မြန်မာရဟန်းတော်လောကမှာတောင် ဒီအကြောင်းအရာတွေကို သိသူ၊ သတိထားမိသူ နည်းပါတယ်။
အထက်က သမိုင်းအချက်အလက် (၃) ခုကို ထောက်ဆကြည့်ရင် မြန်မာနဲ့ သီရိလင်္ကာဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း အချင်းချင်း ကူးလူးဆက်ဆံမှု ရှိခဲ့တယ်။ အကူအညီတောင်းသူနဲ့ အကူအညီ ပေးသူ နှစ်ဦးကြားမှာ အကူအညီတောင်းသူက အကူအညီပေးသူရဲ့ အကြောင်းကို ကျေးဇူးတင်စွာနဲ့ မှတ်တမ်းထိုးလေ့ရှိပါတယ်။ သို့သော် အကူအညီ ပေးသူကတော့ သူတို့သမိုင်းမှာ တခုတ်တရ မှတ်တမ်းတင်ထားလေ့ မရှိဘူးဆိုတာကို တွေ့ရပါတယ်။
(၁၈) ရာစု အစောပိုင်း ဘိုးတော် ပဒုံမင်းတရားကြီး လက်ထက်မှာ မြန်မာနိုင်ငံကို သီဟိုဠ်က သာမဏေတွေ ရောက်လာကြပါတယ်။ အမရပူရ မင်းနေပြည်တော်မှာ ထိုစဥ်က သာသနာပိုင်ဖြစ်သူ () ကို ဥပဇ္ဈာယ်ပြုပြီး ရဟန်းအဖြစ် ခံယူကြပါတယ်။ အဲ့ဒီရဟန်းတော်တွေဟာ သီဟိုဠ်မှာ အမရပူရဂိုဏ်းထောင်ပြီး သာသနာပြုကြတယ်။ အဲ့ဒီအကြောင်းကို ဥပဇ္ဈာဆရာဖြစ်သူ သာသနာပိုင်လူထွက် မဟာဓမ္မသင်္ကြံက သာသနာလင်္ကာရစာတမ်းမှာ အကျယ်တဝင့် မှတ်တမ်း ရေးထိုးထားပါတယ်။
Comments
Post a Comment