အရည်းကြီးဂိုဏ်း / အရည်းကြီး / ပေါင်းလောင်း အရှင်မဟာကဿပ
ရန်နောင်စိုး / Yannaung Soe (FB)
ပုဂံခေတ်ဦးမှာရှိခဲ့ဖူးတယ်ဆိုတဲ့ အရည်းကြီးဂိုဏ်းတွေအကြောင်း ရုပ်ရှင် ပြဇာတ်နဲ့ တချို့ရာဇဝင်တွေမှာ ဖော်ပြထားကြတာကို ကြည့်ရှုမှတ်သားရဖူးပါတယ်။ တချို့မှတ်တမ်းမှတ်ရာတွေမှာလည်း အရည်းကြီးတွေရဲ့ မကောင်းတဲ့အပြုမူတွေကြောင်း အတိအလင်း ရေးသားဖော်ပြထားထားကြတာဆိုတော့ အရည်ကြီးတွေဟာ တာတေလံအကျင့်ဆိုးရှိတဲ့ ရှင်သိုးတကာ့ခေါင်ကြီးတွေအဖြစ် နှောင်းလူအများစုက လက်ခံထားခဲ့ကြတာနေမှာပါ။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ အရည်းကြီးတွေအကြောင်း ခေတ်ပြိုင်ကျောက်စာအထောက်ထားတွေကို နှံ့နှံ့စပ်စပ်လေ့လာပြီး သုတေသနပြုထားထာရှိပါတယ်။
ဆရာကြီးရဲ့စာတမ်းမှာ အရည်းကြီးဂိုဏ်းတွေဟာ တချို့ရာဇဝင်မှာဖော်ပြထားသလို ပုဂံခေတ်ဦးမှာပေါ်ပေါက်ခဲ့တာမဟုတ်ဘဲ အေဒီ 1200 ဝန်းကျင်ကနေ 1500 အကြားအထိပေါ်ပေါက်ခဲ့ကြောင်း၊ အရည်းကြီးတွေဟာ ရဟန်းသံဃာတော်နဲ့ မစပ်အပ်ရာတွေ ပြုလုပ်လေ့ရှိကြောင်း အထောက်ထားတချို့ တွေ့ရပေမယ့် အများထင်ထားသလောက် မဆိုးရွားဘူးဆိုတဲ့အကြောင်း၊ အထူးသဖြင့် ပန်းဦးလွှတ်ခြင်းနဲ့ စပ်ဆိုင်တဲ့ အထောက်ထားကို ခေတ်ပြိုင်ကျောက်စာများမှာမတွေ့ရကြောင်း နဲ့ အဲဒီခေတ်အဲဒီအခါက လူတွေကို အကျိုးပြုခဲ့တဲ့အချက်တွေလည်း ရှိခဲ့တယ်ဆိုတဲ့အကြောင်းတွေကို အထောက်ထားအစုံအလင်နဲ့ စာတမ်းရေးပြီး အသေးစိပ်တင်ပြထားတာပါ။
ကျွန်တော့ရဲ့ဒီဆောင်းပါးမှာတော့ အရည်းကြီးတွေ ကောင်းတယ် ၊ ဆိုးတယ်ဆိုတဲ့အချက်တွေကို တင်ပြမှာမဟုတ်ပါဘူး။ အရည်ကြီး ( သို့မဟုတ် ) တောကျောင်းနေရဟန်း (သို့မဟုတ်) တောမြတ်ကြီး၊ ဖုန်းမြတ်ကြီးလို့ ခေတ်ပြိုင်ကျောက်စာတွေမှာ ဖော်ပြထားတဲ့ တောကျောင်းနေရဟန်းများရဲ့ဂိုဏ်း (တောကျောင်းဂိုဏ်း) ကို စတင်တည်ထောင်သူ ပေါင်လောင်အရှင်မဟာကဿပမတေရ်ကြီး အကြောင်းနဲ့ သူတည်ထောင်ခဲ့တဲ့ တောကျောင်းကြီးအကြောင်းကိုသာ တင်ပြမှာဖြစ်ပါတယ် ။
(ပုံများအောက်တွင် ဆက်ဖတ်ပါရန် )
- https://www.facebook.com/media/set?vanity=yannaung.soe.1422&set=a.1207841599239210
သမိုင်းစာမျက်နှာပေါ်မှာထင်ရှားနေတဲ့ တောကျောင်းကြီးဆိုတဲ့နေရာကို ကျွန်တော့အနေနဲ့ အခုမှပဲရောက်ဖူးတာပါ။ တောကျောင်းကြီးဟာ စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ကမ်းမှာ တည်ရှိပြီး အခုချိန်မှာ လွယ်လွယ်ကူကူပဲသွားနိုင်ပါတယ်။
တောကျောင်းကြီးကိုရောက်ဖို့ မန္တလေးဘက်ကလာရင် ရေစကြိုကို သွားတဲ့လမ်းအတိုင်းလာပြီး ဆင်ဖြူရှင်တံတားအရှေ့ဘက်ထိပ် လမ်းဆုံမှာနေခဲ့ရပါမယ်။ ပခုက္ကူနဲ့ ရေစကြိုဘက်က လာရင်လည်း ဆင်ဖြူရှင်တံတားကိုဖြတ်လို့ တံတားအရှေ့ဘက်ထိပ်က လမ်းဆုံးလေးမှာပဲနေခဲ့ရမှာပါ။ အဲဒီတံတားအရှေ့ဘက်ထိပ်က လမ်းဆုံးဟာ တောကျောင်းကြီးလမ်းဆုံပဲဖြစ်တယ်။
တောကျောင်းကြီးစံပြကျေးရွာ ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုလည်း ခန့်ခန့်ညားညားနဲ့ စိုက်ထူထားတာပါ။ လမ်းဆုံကနေ တောင်ဘက်ကို ချိုးဝင်သွားရင် သိပ်မကြခင်မှာပဲ တောကျောင်းကြီးရွထဲက လမ်းရဲ့ယာဘက်ခြမ်းမှာရှိနေတဲ့ ရွှေဂူကြီးဘုရားဆီကိုရောက်ပါတယ်။
-------------
တောကျောင်းကြီးကို ပညာရှင် သုတေသီတွေ စိတ်ဝင်စားကြတာကို မဆန်းဘူးလို့ ဆိုရမှာပါ။ သူ့ရဲ့ထူးခြားချက်နဲ့ သမိုင်းခြေရာတွေချန်ထားနိုင်မှုတွေက သိပ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ တကယ်တော့ တောကျောင်းကြီးဆိုတာ ပုဂံမြေတစ်စိတ်တစ်ဒေသက ပဲ့ကြွေလွင့်စင်လာပြီး ဒီနေရာမှာလာကျရောက်နေတယ်လို့ ပြောရင်လည်း ရနိုင်မယ်ထင်တာပဲ။ ဘာဖြစ်လို့လည်းဆိုရင် ပုဂံနဲ့ အတော်သင့်ဝေးတဲ့ နေရာဒေသတစ်ခုမှာ ပုဂံအငွေ့သက်တွေ ဖုံးလွှမ်းနေတဲ့ သမိုင်းသက်သေ အဆောက်အအုံအပိုင်းအစများနဲ့ ကျေက်စာမှတ်တမ်းတွေကိုလည်း တွေ့နေခဲ့ရလို့ဖြစ်ပါတယ်။
တောကျောင်းကြီးရွာထဲက ရွေဂူကြီးဘုရားရှိနေတဲ့နေရာဟာ အရှင်မဟာကဿပ စတည်ထောင်ခဲ့တဲ့ အရည်းကြီးဂိုဏ်း သို့မဟုတ် တောကျောင်းနေရဟန်းဂိုဏ်းတို့ အစပြုရာ တောကျောင်းတော်ကြီးရှိခဲ့တဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ ရွှေဂူကြီးဘုရားတောင်ဘက်ကပ်လျှက်မှာ တောကျောင်းတော်ကြီးကို ပေါင်းလောင်အရှင်မဟာကဿပက အေဒီ 1185 (ပုဂံခေတ် နရပတိစည်သူလက်ထက်) ခုနှစ်မှာ တည်ထောင်ခဲ့ပါသတဲ့။
အရည်းဂိုဏ်းဟာ ဒီတောကျောင်းကြီးနေရာနဲ့ အနိမ့်၊ အမြင့်၊ မြင်းမူ၊ ပရိမ္မ၊ ကျောက်ရစ်နယ်တို့မှာလည်း ခေတ်ပြိုင်ပေါ်ထွန်းခဲ့ဟန်ရှိပြီး နောက်ပိုင်းမှ ပုဂံနေပြည်တော်နဲ့ အနီးတစ်ဝိုက်ဒေသတွေကို ပြန့်နှံ့ခဲ့တယ်လို့ ဆိုပါတယ်။
အရှင်မဟာကဿပ အမည်ကို အေဒီ 1225 ခုနှစ်ထိုး နားတောင်းများမင်းနဲ့ ညီမ မင်လှ ကျောက်စာမှာ ပထမဆုံးတွေ့ရပြီး ပုဂံနေပြည်တော်ဝန်းကျင်မှာ တောကျောင်းကြီးများတည်ထောင်တဲ့ အထောက်ထားကိုတော့ အေဒီ 1233 နဲ့ 1236 ခုနှစ်ထိုးကျောက်စာများမှာမှ စတင်တွေ့ရှိရတယ်လို့ သိရပါတယ်။ ဒါကြောင့် တောကျောင်းကြီးဂိုဏ်းဟာ ပုဂံကနေ စတင်ပြန့်ပွားလာတာမဟုတ်ဘဲ အနိမ့် ၊ အမြင့်၊ မြင်းမူ၊ ပရိမ္မနဲ့ ကျောက်ရစ်နယ်တို့မှာ စတင်အခြေတည်ပြီးမှ ပုဂံနေပြည်တော်ကို ပြန့်နှံ့ရောက်ရှိခဲ့တယ်လို့ ပညာရှင်များက ယူဆကြတာပါ။
ပေါင်လောင်အရှင်မဟာကဿပ မထေရ်ဟာ ပုဂံခေတ်မှာ ရဟန္တာတစ်ပါးအဖြစ်နဲ့ထင်ရှားခဲ့ပြီး အဲဒီခေတ်ကျောက်စာများမှာ “ငပေါင်လောင် သင်မဟာကဿပကား ပိဋိကတ်အလွန်တတ်၍” ၊ “ထိုအရာနိုက် ပိဋကတ်အရာ တတ်လှစွာသော မဟာမတ်မထေရ်ကို ငါ၏ကိုယ်စား ပရိယတ် ပဋိပတ်ဖြစ်လတ္တံ့သတည်းဟု အပ်နှင်းခဲ့ရကား” ဆိုတဲ့အရေးသားမျိုးနဲ့ ချီးကျူးဂုဏ်ဖော်ထားခဲ့တယ်လို့ သိရပါတယ် ။
-------------
ဘုရားတန်စောင်းတိုင်း လိုက်ဝင်သွားရင် ခန့်ထည်လွန်းတဲ့ တံတိုင်းမုခ်ပေါက်ကြီးကြီးတစ်ခုကို တွေ့ရမှာပါ။ ပုံစံအားဖြစ် ပုဂံခေတ်လက်ရာအတိုင်းပဲလို့ဆိုချင်ပါတယ်။ မုခ်ပေါက်ကြီးနဲ့ ဆက်လျှက် အရံမီးတားတံတိုင်းကြီးရဲ့လက်ကျန် အုတ်ရိုးကြီးကိုလည်း တွေ့နေရသေးတာပါ။
မုခ်ပေါက် အပြင်ဘက်မျက်နှာရဲ့ လက်ဝဲလက်ယာ နှစ်ဖက်စလုံးက မုခ်ခုံးပေါက်နှစ်ခုထဲမှာ စောင့်ဘီလူးရုပ်ကြီးတွေကိုလည်းတွေ့ရပါတယ်။ ဒီဘီလူးရုပ်မျိုးကို ပုဂံက ရွေစည်းခုံဘုရားမှာလည်းတွေ့ဖူးတာပဲ။ ရွှေစည်းခုံဘုရားက အဖထက်သားကြီး ဘီးလူးရုပ်နဲ့ အတော်လေးကို ဆင်တူတာပါ။ ဘီလူးရုပ်ထားရှိတဲ့ မုခ်ပေါက်ထဲကိုဝင်ဖို့ လူတစ်ယောက်စါအကျယ်လောက်ပဲ ဖောက်ထားပါတယ်။
အဓိကအဝင်မုခ်ဦး အတွင်းဘက်ခြမ်း လက်ဝဲလက်ရာတွေမှာ (စောစောက ဘီလူးရုပ်တွေနဲ့ ကျောချင်းကပ်) လည်း အစောင့်ရုပ်ထူနှစ်ခုတွေ့ရပါသေးတယ်။ ဒီအရုပ်တွေကိုတော့ ဒေသခံတွေက ပလောင်ညီနောင်ရုပ်ထုဆိုပြီးသိထားကြတာပါ။
အပြင်မျက်နှာက အစောင့်ဘီလူးနှစ်ကောင်ဟာ တောကျောင်းကြီးကို တည်ထောင်တဲ့အရှင်မဟာကဿပနဲ့အတူ သီဟိုဋ္ဌ်ကပါလာတဲ့ (ငတင်ကျဉ်းနဲ့ ငရမာန်) ဘီလူးညီနောင်ဖြစ်ပြီး အတွင်းဘက်မျက်နှာက အစောင့်နှစ်ယောက်ကလည်း မြန်မာပြည်အတွင်း သာသနာပြုသွားရာမှာ တပည့်တပန်းအဖြစ် လိုက်ပါလာသူ (ငညိုသင် နဲ့ ငသဘင်) ပလောင်ညီနောင်နှစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။
-------------
ကျောင်းဝင်းရဲ့အလယ်မကျတစ်ကျမှာတော့ ရွှေဂူကြီးဘုရားကို ဖူးတွေ့ရပါတယ်။ ရွှေဂူကြီးရဲ့တောင်ဘက်မှာ ရှင်မဟာကဿပ သီတင်းသုံးရာကျောင်းတော်ကြီး ရှိခဲ့တယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာတော့ အဲဒီတောကျောင်းကြီးရှိခဲ့တဲ့နေရာမှာ ခေတ်သစ်တိုက်ကျောင်းကြီးတစ်ဆောင်ဆောက်ထားတာကိုတွေ့ရပါတယ်။ အဲဒီကျောင်းတော်ကြီးကို အစွဲပြုပြီး ဒီနေရာတဝိုက်ကို တောကျောင်းကြီး ၊ တော်ကျောင်းရွာလို့ ဖြစ်ပေါ်လာတာပါ။
ရွှေဂူကြီးစေတီကတော့ ကုလားကျောင်းခံပြီး အပေါ်မှာကွမ်းတောင်ပေါက်ထားတဲ့ စေတီပါပဲ။ ပုဂံခေတ်နှောင်းဂူဘုရားတွေနဲ့ ဆင်တူတယ်လို့ ထင်ပါတယ်။ ဂူးဘုရားအတွင်အတွင်းမှာတော့ လုံးတော်ပြည့်ရွှေချထားတဲ့ ထိုင်တော်မူဆင်းတုတော်ကြီးကို ဖူးတွေ့ရပါတာပါ။
တချို့မှတ်တမ်းများမှာ ရွေဂူကြီးစေတီနဲ့ ဆင်းတုတော်တွေကို ပုဂံခေတ်လက်ရာဖြစ်တယ်လို့ မှတ်ချက်ပြုထားတာ ဖတ်ရဖူးတယ်။ ကျွန်တော့အမြင်ရဆိုရင် ရွှေဂူကြီးဂူဘုရားကို ပုဂံခေတ်စေတီအဖြစ်လက်ခံလို့ရပေမယ့် အခုဖူးတွေ့နေရတဲ့ ထိုင်တော်မူကြီးကိုတော့ ပုဂံခေတ်ဆင်းတုတော်အဖြစ် မမြင်မိပါဘူး။ ပုဂံခေတ်ထက် အများကြီးနောက်ကျလိမ့်မယ်ထင်ပါတယ်။ သင်္ကန်းတော်ပုံအရဆိုရင် ရတနာပုံဟန်ပေါက်နေပြီလို့တောင်ဆိုချင်ပါတယ်။ ရွှေဂူကြီး အနီးအနားဝန်းကျင်မှာတော့ ကုန်ဘောင်ခေတ်လက်ရာစေတီတွေကိုတွေ့ရပြီး အမြင့်မြို့သား ဆရာကြီးဦးညိုမြ ထီးတော်တင်လှူခဲ့တယ်ဆိုတဲ့စေတီကိုလည်းဖူးတွေ့ရပါတယ်။
-------------
ရွှေဂူကြီးရဲ့ အနောက်မြောက်ဘက်မှာ ရဟန္တာဂူဆိုတာကိုလည်းတွေ့ရသေးတာပါ။ မြေကြီးထဲကို လူတစ်ယောက်ငုံ့ဝင်လောက်ရုံ ဂူပေါက်ကနေပြီး မြေကြီးထဲကို ဆင်းရပါတယ်။ ဂူဆင်းပေါက်ကို အရှေ့ဘက်လှည့်ထားပေမယ့်လည်း မြေအောက်ဂူတန်းတစ်လျှောက်က မြောက်ဘက်ကိုဦးတည်သွားပါတယ်။
ဒီဂူမှာ တောကျောင်းကြီးရဲ့ အကြီးအမှူးဖြစ်တဲ့ အရှင်မဟာကဿပ တရားကျင့်ခဲ့တယ်လို့လည်းအဆိုရှိပါတယ်။
နောက်ပိုင်းခေတ်အဆက်ဆက်မှာလည်း တရာကျင့်ကြံအားထုတ်ခဲ့တဲ့ ပုဂ္ဂိုလ်များကလည်း ဒီဂူကို အသုံးပြုခဲ့ကြပုံပဲ။ လက်ရှိ အခြေနေမှာတော့ ဂူအုတ်ရိုးကို ပြန်မွန်းမံထားတာကိုတွေ့ရတယ်။ မွန်းမံထားတာက ခေတ်အုတ်တွေပဲသုံးပြုထားတာမို့ ရှေး / သုကလက်ရာမဟုတ်ဘူးလို့ထင်ရတာပဲ ။
-------------
ပိဋကတ်အုတ်တိုက်ပျက်နဲ့ တောကျောင်းကြီးအနောက်ဘက်တံတိုင်းအကြားမှာ စေတီနှစ်ဆူကို တွေ့ရပါတယ်။ ဒီစေတီတွေကို ရုပ်စံစေတီလို့ ခေါ်ကြပါသတဲ့။ စေတီပုံစံတွေက ကုန်းဘောင်ခေတ်နှောင်းလက်ရာတွေပါ။ တောင်ဘက်က စေတီအထဲကိုဝင်ကြည့်လိုက်တော့ ရုပ်စံစေတီလို့ အရပ်က ခေါ်ဆိုသမုတ်ရလောက်အောင်ပဲ ခေတ်အခြေနေကိုဖော်ပြပေးနေတဲ့ အရုပ်မျိုးစံနဲ့ နံရံဆေးရေးတွေကိုတွေ့ရပါတယ်။
ရေးဆွဲထားတဲ့ဆေးရေးတွေကိုကြည့်ရတာ ဇာတ်ကြီးဆယ်ဘွဲ့ကိုဖော်ညွှန်းထားတယ်လို့ပဲထင်ပါတယ်။ ရေးဆွဲချက်တွေထဲက ဘုရားပလ္လင်ကိုလုတဲ့ မာနတ်စစ်သည်နေရာနဲ့ ငရဲခံရတဲ့မာနတ်ဘက်တော်သား (မကောင်းဆိုးဝါး) တွေရဲ့နေရာမှာ နှာခေါင်းချွန်ချွန်နဲ့ တိုင်းတစ်ပါးသားတွေရဲ့ပုံကို သေနတ်ကိုင်ပြီး ထည့်ဆွဲထားတာတွေ့ရတော့ သဘောကျမိတယ်။ ဒီပန်းချီကိုရေးဆွဲတဲ့အချိန်ကပဲ နိုင်ငံခြားရဲ့ရန်ကိုမြန်မာတွေ သတိပြုမိပြီး မျက်မုန်းကျိုးနေခဲ့ပုံပဲ။
တစ်နေရာမှာတော့ ဒီနံရံဆေးရေးတွေကိုရေးဆွဲပြီးစီးတဲ့နေ့ကို သက္ကရာဇ် ၁၁၆၅ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နေ့လို့ ရေးထိုးဖော်ပြထားတာကြောင့် ဘိုးတော်ဘုရားလက်ထက်က ပန်းချီလက်ရာ တွေဖြစ်တယ်လို့ မှတ်သားလိုက်ရပါတယ်။
-------------
ကျွန်တော်တောကျောင်းကြီးကို ရောက်ခဲ့တော့ ကျောင်းဝင်အတွင်းအပြင် အကုန်လေ့လာပြီးမှ ကျောင်းဝင်းထဲက ရွှေဂူကြီးစေတီမြောက်အနားမှာရှိနေတဲ့ ကျောက်စာရုံကို ရောက်ခဲ့ပါတယ်။ ဘုရားရင်ပြင်မှာတွေ့ရတဲ့ သစ်သားကျောက်စာရုံလေးလည်း အတော်ကိုဟောင်းနွမ်းလှပါပြီ။
ကျောက်စာရံထဲမှာ ကျောက်စာအကြီးအငယ်စုစုပေါင်း 26 ချပ်ကို တွေ့ရပါတယ်။ ကျောက်စာတွေထဲက တစ်ချို့ကို လက်ရေးပီပီပြင်ပြင်တွေ့ရပေမယ့် ဖတ်နိုင်သလိုလိုနဲ့ ဖတ်မရပါဘူး။ တချို့ကျောက်စာတွေကိုတော့ ဘာအက္ခရာနဲ့ရေးထားတယ်ဆိုတာကိုတောင် မှန်းကြည့်လို့မရအောင် ဖြစ်ရပါတယ်။ ရှေးဟောင်းဝါသနာပါသူတစ်ယောက်က ကျောက်စာမဖတ်တတ်တာ တော်တော်ဆိုးတာပါ။
ဒီကျောက်စာတွေနဲ့ပက်သက်ပြီး ကောက်နုတ်ချက်တွေကို သမိုင်းစာမျက်နှာတော်တော်များများမှာမှတ်သားရဖူးပါတယ်။ ကျောက်စာတွေထဲမှာ ဒီတောကျောင်းကြီးနဲ့ တောကျောင်းနေရဟန်းဂိုဏ်းကိုထူထောင်သူ ပေါင်လောင်အရှင်မဟာကဿပအကြောင်းတွေ ရေးထိုးပါရှိတယ်လို့ဆိုတယ်။ ဒါတင်မကဘူး၊ ပုဂံနေပြည်တော်ကြီးပျက်သုန်းအချိန်မှာ အမြင့်မြို့နဲ့ အနိမ့်မြို့ဝန်းကျင်ဒေသမှာ တောကျောင်းကြီးတွေ ပေါ်ထွန်းလာခဲ့ပြီး တောကျောင်းနေရဟန်းများဟာ ပြည်သူတွေ မှီခိုအားထားရာအဖြစ် ဘယ်လိုရပ်တည်ဆောင်ရွက်ခဲ့ကြောင်း၊ တောကျောင်းနေရဟန်းများဟာ အဲဒီခေတ်အဲအခါက လူမှုနယ်ပယ်မှာ ဘယ်လိုပါဝင်ပက်သက်ပြီး ပြုမူနေထိုင်ခဲ့ကြောင်း အထောက်ထားတွေကိုလည်း ချန်ထားနိုင်ခဲ့သေးတယ်လို့ သိရပါတယ်။ တကယ်ကို တန်ဖိုးရှိလှတဲ့ သမိုင်းအထောက်ထားတွေပါ။
-------
သမိုင်းသတင်းကြီးတဲ့ တောကျောင်းကြီးကို လေ့လာခွင့်ရတာ တကယ့်ကို တန်ဖိုးရှိလှပါတယ် ။ မြန်မာနိုင်ငံမှာ အေဒီ 1200 ဝန်းကျင်ကနေ အေဒီ 1500 ဝန်းကျင်အထိရှိခဲ့ဖူးတဲ့ အရည်းကြီးဂိုဏ်း သို့မဟုတ် တောကျောင်းနေရဟန်းဂိုဏ်ရဲ့အစပြုရာ တောကျောင်းကြီးတည်နေရာကို လေ့လာခွင့်ရတာကိုလည်း အရမ်းပဲအားရကျေနပ်မိတာပါ။
တောကျောင်းကြီးနေရာကို လက်တွေ့ကျကျလေ့လာခဲ့ရတာအားရပေမယ့်လည်း တွေ့မြင်ခဲ့ရတဲ့ တချို့သမိုင်းလက်စလက်နတွေ ထိန်းသိမ်းမှုကင်းမဲ့နေတာမျိုးကိုတွေ့ခဲ့ရတာမို့ အဲဒါတွေ ပျက်စီးဆုံးရှုံးသွားမှာကို အတော်လေးစိုးရိမ်နေရပါတယ် ။ ဒါကြောင့်မို့လည်း အနိမ့်တောကျောင်းကြီးက သမိုင်းလက်စလက်နတွေကို ဒေသခံတွေနဲ့ ဂရုတစ်စိုက်ကာကွယ်စောင့်ရှောက်ဖို့လိုအပ်နေပြီး သက်ဆိုင်ရာဌာနကလည်း ပြုပြင်ထိန်းသိမ်းမှုတွေလုပ်လာနိုင်လာပါစေလို့ ဆန္ဒပြုလိုက်ရပါတယ် ။
အကိုးအကား ။ ။
- ရွှေဂူကြီးဘုရားသမိုင်းစာအုပ်
- မဟာကဿပဂိုဏ်း ( ဒေါက်တာသန်းထွန်း )
- တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ( ဒေါက်တာသန်းထွန်း )
- လိုက်ကြမလား အညာဘုရားဖူး ( အံ့မောင် )
- ကျွန်တော်ပြောချင်သမျှ ကျွန်တော့ဆရာဒေါက်တာသန်းထွန်းအကြောင်း ( ဝင်းမောင် - သမိုင်း )








Comments
Post a Comment