ဟန်လင်း မှတ်စု (၁)

  1. ဟန်လင်းဟာ စစ်မက်ကြောင့် ပျက်စီးခဲ့ရပုံရ (ကျော်မျိုးမင်း)
  2. ပြောင်းလဲသွားသော ဟန်လင်းသမိုင်း (တမ္ပဝတီ ဦးဝင်းမောင်)

၁။ ဟန်လင်းဟာ စစ်မက်ကြောင့် ပျက်စီးခဲ့ပုံရ

ဟံလင်းကို လေ့လာကြည့်ရင် ဟံလင်းရဲ့မြို့ဝင်ပေါက်တွေမှာ သုံးချောင်းထောက် သံဆူးညှောင့်တွေတွေ့ရှိရတယ် ၊ နောက်ပြီး တံခါးပေါက်တွေရဲ့အတွင်း ရဲမက်တွေဝင်ထွက်နားနေနိုင်တဲ့အခန်းလိုနေရာတွေမှာ ပစ်လို့ခတ်လို့ရတဲ့ ကျောက်ခဲလိုအတုံးတွေကအပုံလိုက် တွေ့ရှိရပါတယ်၊ နောက်ပြီးမြေလွှာဖြတ်ပိုင်းမှာ ပြာမြေကိုအလွှာလိုက်တွေ့ရတာပါပဲ ဟုတ်ပြီ ဒါဆို ဟံလင်းဟာ စစ်မက်ဖြစ်ခဲ့ တိုက်ခဲ့ခိုက်ခဲ့ ကာကွယ်ခဲ့ရတာသေချာပါပြီ။ (ဟံလင်းကုန်းအမှတ် ၃၁,၃၃တူးဖော်သုသန ​တွေ့ရှိချက်) ဒါဆိုဆက်တွေးမယ် ဘယ်သူတွေကိုကာကွယ်ခဲ့ကြရတာလဲတိုက်ခိုက်ခဲ့ရတာလဲ... ရာဇဝင်သမိုင်းနဲ့ချိတ်ကြည့်ပေါ့ ဖြစ်နိုင်ခြေတွေကိုဆွဲထုတ်..သုတေသနဆက်လုပ် ရပါမယ်။ (Kyaw Myo Min FB, 2025-10-06)

====================


၂။ ပြောင်းလဲသွားသော ဟန်လင်းသမိုင်း

= - = - = - = - = - = - = - = 










စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုနယ်ရှိ ဟန်လင်းကြီး ပျူ မြို့ဟောင်းကို 1905 ခုနှစ်ကပင် စတင်၍ ကမ္ဗည်းကျောက်စာဌာနမှ ပညာရှင်များ သွားရောက်ပြီး အုတ်ကုန်း ၁၀ ကုန်းကို စမ်းသပ်၊ လေ့လာတူးဖော်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးကာလ ရောက်သောအခါ၌လည်း ရှေးဟောင်းသုတေသနဌာနက ဆက်လက်၍ ကျန်ရှိနေသေးသော အုတ်ကုန်း ၂၀ ကို ဆက်လက်တူးဖော်လေ့လာခဲ့ကြပြီး ဟန်လင်းမြို့ဟောင်းသည် ရှေးဟောင်းပျူမြို့တမြို့ဖြစ်ကြောင်း သက်သေပြနှိုင်ခဲ့သည်။

သို့သော် အချို့သောသမိုင်းပညာရှင်ကြီးများက ဟန်လင်းပျူမြို့သည် သရေခေတ္တရာပျူမြို့ ပျက်ပြီးနောက်မှ ထွက်ပြေးလာကြသူများက တည်ထောင်သောမြို့ ဖြစ်သည်ဟုပြောထားသောကြောင့် ဟန်လင်းတွင်ရှေးကျ ဖွယ်ရှိသောပစ္စည်များ တူးဖော်တွေ့ရှိရသော်လည်း သရေခေတ္တရာထက် စောသည်ဟု မပြောရဲခဲ့ကြပေ။

ဥပမာ ... HL-8   HL-17-  စသောမြို့ရိုးတောင်ဘက်တွင် တူးဖော်တွေ့ရှိရသော (မီးသင်္ဂြိုဟ်ပြီး အရိုးအိုးနှင့်မမြှုပ်နံသည့်) လူအရိုးစုများ၊ ဆီမီးခွက်၄ခွက်တွဲကလပ်များ၊ ကြေးမှုံချပ်များကို ပျူခေတ်ပစ္စည်းများဟူ၍သာ တူးဖော်မှု့အစီရင်ခံစာများတွင် ရေးသားကောက်ချက်ချခဲ့ကြသည်။

နောက်ပိုင်းတွင် HL-22 တွင် မဟာသေလကျောက်ခေတ်ဓလေ့နှင့်တူသော ကျောက်တိုင်များ အုတ်ရိုးပန္နက်အတွင်း၌ စိုက်ထူထားသည်ကို တွေ့ရှိခြင်း၊ စမုံမြစ်ဝှမ်းရှိကြေးခေတ်၊ သံခေတ်များထွန်ကားခဲ့ရာဒေသတို့တွင်

=  သေသူကို မီးမသင်္ဂြိုဟ်ဘဲ အကောင်လိုက်မြှုတ်လေ့ရှိခြင်း

= ၂ခွက်တွဲ၊ ၃ခွက်တွဲ၊ ၄ခွက်တွဲ ဆီမီးခွက်ကလပ်များတွေ့ရှိရခြင်း

= ကြေးမှုံချပ် (bronze mirror with handle) များ တွေ့ရှိခြင်း

တို့ကြောင့် ဟန်လင်း၏ ခေတ်ပိုင်းခြားမှုကို  ပညာရှင်များက ပြန်လည်စဉ်းစားလာကြသည်။

ရှေးယခင်ကတည်းကပင် ဟန်လင်းညောင်ကိုးပင်ကျောင်းဆရာတော် "ဘိုးနာဂ" စုဆောင်းထားခဲ့သောမြေပေါ်တွေ့ အထောက်အထားများကို ညောင်ကိုးပင်ပြတိုက်၌ ပြသထားခဲ့ပြီးရှိနေသည့်အပြင် မြန်မာ့မှတ်တမ်းတခုဖြစ်သော ဟန်လင်းမြို့သမိုင်းလင်္ကာ၌လည်း ဟန်လင်းသည် အလွန်ရှေး ကျသောကာလကပင် တည်ရှိနေပြီဖြစ်ကြောင်း ဖော်ပြရေးသားထားခဲ့သည်။

ဆရာကြီးဦးမောင်မောင်တင်နှင့်တပည့်များ၏ ဟန်လင်းသို့ အကြိမ်ကြိမ် ကွင်းဆင်းလေ့လာမှု့များအရလည်း ဟန်လင်းဒေသကြီးတဝိုက်တွင် တောင်ဘက်အရပ်ဖြစ်သော ဟန်လင်းအင်းအစပ်တွင် ကျောက်ခေတ်ယဉ်ကျေးမှု့၊​ ထို့မြောက်ဘက်တွင် ကြေးခေတ်နှင့် သံခေတ်ယဉ်ကျေးမှု့၊​ ဟန်လင်းမြို့ရိုးအတွင်းတွင် ပျူခေတ်နှင့် ပုဂံခေတ်ယဉ်ကျေးမှု့များ ဆက်ခါဆက်ခါ ထွန်းကားခဲ့ကြောင်း ကွင်းဆင်းလေ့လာဖော်ထုတ်နှိုင်ခဲ့သည်။

ဟန်လင်းပျူမြို့တော်ကြီး၏ အရပ်-၈-မျက်နှာ၌ရှိခဲ့ကြသော အရံပျူ ခံတပ်မြို့ (၈) မြို့နှင့်တကွ "ဟန်လင်းကိုးမြို့" ကိုလည်းမြေပုံများနှင့်တကွ ပြန်လည်ဖော်ထုတ်နှိုင်ခဲ့သည်။ ရှေးဟောင်းသုတေသနဌာနက 1999 နောက်ပိုင်း HL-38 အထိ ဆက်လက်တူးဖော်၍ ထွက်ပေါ်ခဲ့သော အစီရင်ခံစာမျာကလည်း ဆရာကြီးဦးမောင်မောင်တင်၏ အယူအဆရမှန်ကန်ကြောင်း သက်သေပြနေကြပြန်သည်။

HALIN ပျူမြို့ကြီသည် သရေခေတ္တရာထက်၎င်း၊ ဗိဿနိုးထက်၎င်း စော၍ လူနေမှုမှာ ကျောက်ခေတ်မှ ပုဂံခေတ်တိုင်အောင် တဆက်တည်းရှိခဲ့ကြောင်း သမိုင်းသက်သေ အသစ်များကို တွေ့နေပြီဖြစ်ပါတော့သည်။

ဆရာဦးဝင်းမောင်(တမ္ပဝတီ)

  • မူရင်းလင့် = https://www.facebook.com/groups/1047828759932520/?multi_permalinks=1595245011857556&hoisted_section_header_type=recently_seen

======================

Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ