ပျူခေတ် ပညာရေး

ဈာန်သစ်အောင်

***** ***** **** *****





ပျူခေတ်ပညာရေးဟာ ဘုန်းတော်ကြီးသင် ပညာရေးစနစ်၊ ဘုန်းကြီးကျောင်း ပညာရေးစနစ်ဖြစ်တယ်။

ဘုန်းတော်ကြီးသင် ပညာရေးစနစ်ဆိုတာ ပျူခေတ်ကနေ ကိုလိုနီခေတ် မတိုင်မီအထိ မြန်မာနိုင်ငံရဲ့ အဓိက ပညာရေးစနစ်ကြီးဖြစ်တယ်။

ပျူခေတ်ဆိုတာ တကောင်းခေတ်မှသည် သရေခေတ္တရာအင်ပါယာမှ အနော်ရထာမတိုင်မီ ပုဂံခေတ်အထိလို့ ပညာရှင်များ လောလောဆယ် သတ်မှတ်ထားကြတယ်။

ပိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ စတဲ့ ပျူမြို့ဟောင်းကြီး သုံးမြို့ ယူနက်စကို ဝင်တဲ့အချက်ထဲမှာ ပျူတွေဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ ပထမဆုံး မြို့ကြီးတွေ တည်ထောင်သူတွေဖြစ်ပြီး အရှေ့တောင်အာရှတစ်ခုလုံးအာ ပျူတွေထံက နည်းနာယူရတယ်။

အရှေ့တောင်အာရှမှာ ဗုဒ္ဓဘာသာနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကို ပထမဆုံး တည်ထောင်သူတွေဖြစ်ပြီး အရှေ့တောင်အာရှ တစ်ခုလုံးဟာ ပျူတွေဆီက ဗုဒ္ဓဘာသာနဲ့ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ရရှိကြတာဖြစ်တယ်ဆိုတဲ့ အချက်ကလဲ ယူနက်စကို ဝင်စေတဲ့ အချက်ထဲမှာပါတယ်။

တရုတ်ဘက်က ခေတ်ပြိုင်မှတ်တမ်းတွေမှာ ပျူတွေဟာ အသက်(၇)နှစ်ပြည့်တာနဲ့ ယောကျ်ားလေးရော မိန်းကလေးပါ ဘုန်းကြီးကျောင်းကိုသွားပြီး စာသင်ကြတယ်။ ယောကျ်ားလေးတွေဟာ အသက်၂၀ ပြည့်လို့ ရဟန်းမဝတ်ချင်ရင် လူ့ဘောင်လောကမှာ ပြန်လည်ကျင်လည်ကြတယ်။

ဒါဟာ ပျူခေတ်ကနေ ကိုလိုနီခေတ်အထိ မတိုင်မီ အထိ တောက်လျောက် ကျင့်သုံးလာတဲ့ မြန်မာတွေရဲ့ ပညာရေးစနစ်ပဲဖြစ်တယ်။ ကိုလိုနီခေတ်အထိတောင် နယ်မြို့တွေနဲ့ ကျေးလက်တွေမှာ အဲဒီပညာရေးစနစ်ကို ကျင့်သုံးဆဲ ဖြစ်တယ်။

ကိုလိုနီခေတ်ရောက်တဲ့အခါ အင်္ဂလိပ်အစိုးရက အခြေခံပညာကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း စနစ်ကနေ ခရစ်ယာန်မစ်ရှင်ကျောင်းခေါ် ခရစ်ယာန်ဘုန်းတော်ကြီး၊ ခရစ်ယာန်သီလရှင်ကျောင်းတွေနဲ့ အစားထိုးတယ်။

ဒီလိုနဲ့ ပျူခေတ်ကတည်းက ထွန်းကားခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင်ကျောင်းတွေ မြို့ပြတွေမှာ မှေးမှိန်ပျောက်ကွယ်ကုန်တယ်။

ဘုန်းတော်ကြီးသင် ပညာရေးစနစ်ရဲ့ အားသာချက်က ဘုန်းကြီးကျောင်းမှာ (၂)နှစ်လောက် စာသင်ရင် ကောင်းကောင်းကြီး ရေးတတ်ဖတ်တတ်၊ တွက်ချက်တတ်တယ်။

အတန်းကျောင်းမှာ သူငယ်တန်း၊ ပထမတန်း (၂)နှစ်ထားလို့ စာငါးကြောင်းပြည့်အောင် ရေးတတ်ဖို့ခက်တယ်။

ပျူခေတ်က ဘုန်းကြီးကျောင်းထွက်တွေကို အထင်မသေးပါနဲ့။ သရေခေတ္တရာ မြို့ဟောင်းကြီးကို ကြည့်ပါ။

မြို့ရိုးတစ်ပတ်လည် ရှစ်မိုင်ကျော် ကိုးမိုင်နီးပါးရှိပြီး ဧရာမ မြို့ရိုးသုံးထပ် ကျုံးသုံးထပ်နဲ့။

ကျုံးတွေကို ကျုံးနှုတ်ခမ်းတွေတင်မက အောက်ခြေကိုပါ အုတ်အပြည့်ခင်းထားတာ တစ်ပတ်လည်လုံး။

ယနေ့တိုင် ထီးထီးမားမားကြီးရှိနေသေးတဲ့ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာ စတဲ့ စေတီကြီးတွေကိုကြည့်။

ဘုန်းတော်ကြီးသင် ပညာရေးကထွက်လာတဲ့ ဘုန်းကြီးကျောင်းထွက်တွေချည့် ဆောက်သွားတာ။

ပုဂံက စေတီပုထိုး ဂူ ကျောင်း တွေကိုကြည့်။ အကုန် ဘုန်းကြီးကျောင်းထွက်တွေချည့် ဆောက်သွားတာ။ နာမည်ကျော် ဓမ္မရံကြီးဆို တစ်ကမ္ဘာလုံးက ဗိသုကာတွေ လာလေ့လာကြတုန်း။

ပြည်ပ ခေတ်ပြိုင်မှတ်တမ်းတွေသာမက ပိဿနိုး သရေခေတ္တရာတို့မှာလဲ ဘုန်းကြီးကျောင်းဟောင်းတွေ ကျန်နေတုန်း။ ပိဿနိုးက ဆယ်ခန်းတွဲ ဘုန်းတော်ကြီးကျောင်းဆို ကြီးကြီးမားမားကျန်နေတုန်း။

သရေခေတ္တရာမှာလဲ ဘုန်းတော်ကြီးကျောင်း ပန္နက်ရာ အုတ်မြစ်တွေ ကျန်နေတုန်း။ ပြည်မြို့ တစ်ဘက်ကမ်းက သုံးထပ်နန်းဦးကျောင်း ဆိုတာလဲ ပျူခေတ် ဘုန်းတော်ကြီးကျောင်းဟောင်းကြီး။

ပုဂံမှာလဲ တာမလိန်ကျောင်းအစုအဝေး စတဲ့ ဘုန်းတော်ကြီးကျောင်း အစုအဝေးတွေ အများကြီး။

ဘယ် လူတန်းစားအထိ စာတတ်သလဲ။ နန်းတွင်းအသိုင်းအဝိုင်း၊ သူဌေးသူကြွယ် အသိုင်းအဝိုင်းတင်မက သာမန် အလုပ်သမား လယ်သမား လူတန်းစား တွေအထိ ကျားရော မ ပါ စာတတ်ပါတယ်။

အသက် (၇)နှစ်ပြည့်တာနဲ့ ကျား/မ နှစ်မျိုးလုံး ဘုန်းကြီးကျောင်းပို့ စာသင်ခိုင်းတယ် ဆိုကတည်းက မြို့ပြတင်မက ဘုန်းကြီးကျောင်းရှိတဲ့ ရွာတိုင်း ၈၀% လောက် စာရေးစာဖတ် သင်ယူတတ်မြောက်တယ်လို့ ယူဆနိုင်ပါတယ်။

အထောက်အထားကတော့ အုတ်ဖုတ်သမား၊ အိုးဖုတ်သမား၊ လယ်သမား၊ ပန်းထိမ်ဆရာ၊ ပန်းပဲဆရာတွေ အထိ စာတတ်မြောက်ကြောင်း အုတ်ခဲပေါ်၊ မြေအိုးပေါ်၊ တံစဉ်ပေါ်၊ ရွှေပြား၊ ငွေပြား တွေပေါ် စာတွေ အက္ခရာတွေ ရေးသွားခဲ့ကြတာ တွေ့မြင်နေရလို့ပါ။

အဲဒါအပြင် ပျူတွေဟာ အဲဒီ့ ဘုန်းတော်ကြီးသင် ပညာရေးစနစ်တွေကို အရှေ့တောင်အာရှ တစ်ခုလုံးကို ရှေ့ဆောင်လမ်းပြ ဖြန့်ဝေခဲ့တယ်။ အဲဒါကြောင့်လဲ ကမ္ဘာ့လူသားအမွေအနှစ် ယူနက်စကို ဝင်တဲ့အချက်ထဲမှာ အဲဒီ့အချက် ပါဝင်တာဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရသော် ပျူခေတ်ပညာရေးစနစ်ဟာ ဘုန်းတော်ကြီးသင် ဘုန်းကြီးကျောင်း ပညာရေးစနစ်ဖြစ်ပြီး ဘုရင်ကစလို့ အခြေခံလူတန်းစားအထိ စာတတ်မြောက်ကြပါတယ်။

စကားချပ်။    ။ ပျူခေတ် ဆိုတဲ့ဝေါဟာရသည် လက်ရှိ အစိုးရ ဆိုင်ရာ ဌာနတွေက သတ်မှတ်ခေါ်ဆိုတဲ့ အမည်ဖြစ်ပြီး အနော်ရထာမတိုင်မီခေတ်ကို ပျူခေတ်လို့ အကြမ်းဖျင်း သတ်မှတ် သဘောညီကြပါတယ်။

ပျူခေတ်ပညာရေးလို့ ခေါင်းစဉ်တပ်ထားလို့ ပျူခေတ်၊ ပျူတွေ စသဖြင့် သုံးစွဲထားပေမယ့် မြန်မာဟူသောပျူ ဆိုတဲ့ ပုဂံရာဇဝင်လာ အရ ပျူ ဆိုတာ မြန်မာဖြစ်ကြောင်း အထူးဆိုစရာ မလို။

သာဓက ဆိုရသော် တရုတ်ကို ချိုင်းနိ၊  စိန၊ တရုတ် ဘယ်လိုပဲခေါ်ခေါ် တရုတ်ကို ခေါ်တာ အတူတူ ဖြစ်သလို၊ ဂျပန်ကို နိပွန်၊ ဂျပန် ဘယ်အမည်နဲ့ခေါ်ခေါ် ဂျပန်ကို ခေါ်တာဖြစ်သလို၊ မွန်ကို မွန်၊ ရမန်၊ မန်၊ တလိုင်း ဘယ်လိုခေါ်ခေါ် မွန်ကို ရည်ညွှန်းတာဖြစ်သလို၊ ပျူ၊ မြန်မာ၊ ဗြဟ္မာ၊ ဗရမာ၊ ဗမာ ဘယ်လိုခေါ်ခေါ် အတူတူသာ ဖြစ်ပါကြောင်း။

  • မူရင်းလင့် = https://www.facebook.com/groups/1047828759932520/?multi_permalinks=1601108341271223&hoisted_section_header_type=recently_seen

========================



Comments

Popular posts from this blog

ဟန်လင်း

မြန်မာအက္ခရာ