မြနဒီ ပျူ​ကျောက်စာရှာပုံ​တော်

ဦးညွှန့်မောင် (မြစ်သား) 

စောလူးမင်းကျောက်စာ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ




၁၉၈၂ ခုနှစ် ၊ စက်တင်ဘာလ (၁၅)ရက်နေ့ထုတ် မြစ်သားမြို့နယ်မှတ်တမ်း စာ-၁၂၆ တွင်မြနဒီပျူကျောက်စာကို (၃.၆.၁၉၈၂) ခုနှစ်တွင် စတင်တူးဖော်ထိန်းသိမ်းထားခဲ့ကြောင်း တွေ့ရှိရပါသည်။ တွေ့ရှိပုံမှာ မြနဒီကျေးရွာမှ ဦးကျော်စိန် (ကျေးဂျာ) နှင့် ဦးလှမောင်တို့သည် တောတွင်းသို့ ကျောက်ကပ်ရွက်အရှာသွားရင်း မြင်ကတင် ကကြားလမ်းသို့ ရောက်ရှိသွားကြပါသည်။ ထိုနေရာ၌ မြေအောက်မှ အစွန်းတစ ပေါ်ထွက်နေသော ကျောက်စာတိုင်တတိုင် နှစ်မြုပ်နေကြာင်း သိရှိကြပြီး မြနဒီကျေးရွာပြည်သူ့ကောင်စီဥက္ကဌထံ သတင်းပေးပို့ကြပါသည်။  ယင်းကျောက်စာကို ဇွန်လ(၃)ရက်နေ့ တွင် တူးဖော်ပြီးနောက် ၊ ကျေးရွာကောင်စီဝင် ဦးအုန်းမောင် နေအိမ်သို့ ပြောင်းရွှေ့  ထိမ်းသိမ်းထားရှိခဲ့ပါသည်။ 

ယင်းကျောက်စာသည် ထက်ပိုင်းကျိုးနေသော ကျောက်စာ ဖြစ်သည်။ တွေ့ရှိရသော ကျောက်စာမှာ ကျောက်တချပ်လုံး၏ အောက်ပိုင်းသာ ဖြစ်လေသည်။ ထိုကျောက်စာသည် လက်ရှိ အနေအထားအရ အမြင့် (၃)ပေ ၊ ဗျက် (၅)ပေ (၈)လက်မခွဲ ၊ ထု(၅)လက်မ ရှိပါသည်။ အထက်ပိုင်းမှာ ကျိုးပဲ့ပျောက်ဆုံးသွားသော်လည်း အောက်ပိုင်းတွင် ပျူစာသက်သက် စာကြောင်း‌ရေ (၁၀) ကြောင်းတိတိ ကျန်ရှိပါသည်။

စာရေးဆရာကြီး ချစ်စံဝင်း၏ ပျူစာအုပ်စာမျက်နှာ (၁၆)တွင် ဦးစိန်မောင်ဦး (ရှေး/သု) က အောက်ပါအတိုင်းမှတ်တမ်း တင်ထားပါသည်။

“စာရေးသူ (ဦးစိန်မောင်ဦး) သည် မြစ်သားမြို့နယ် ပါတီယူနစ်ဥက္ကဌ ဦးတင်ငွေ ၊ ယူနစ်ကော်မတီဝင် ဦးမျိုးမြင့် ၊ မြို့နယ်ပြည်သူ့ကောင်စီဝင်ဦးဘိုကြီးတို့နှင့်အတူ ၁၉၈၂ ခုနှစ်, စက်တင်ဘာလ (၁၆)ရက် နေ့တွင် သွားရောက်လေ့လာစစ်ဆေးခဲ့ပါသည်။ ကျောက်စာအက္ခရာ ပုံပန်းသဏ္ဍာန်အရ အေဒီ ၆ ရာစု ၊ ၈ ရာစုနှစ်အတွင်း ဟု ခန့်မှန်းသတ်မှတ်နိုင်သဖြင့် ကိုးခရိုင်ဒေသတွင် တွေ့ရှိသမျှ ကျောက်စာများအနက် အစောဆုံးဟု ဆိုနိုင်ပေသည်။ 

 ဆရာဦးကျော်မျိုးဝင်း (ရှေး/သု) ၏ မိုင်းမော (ပင်လယ်) သုတေ သန-၆ တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည်။ 

“ကျောက်စာတွေ့ရှိခဲ့စဉ်က ပါဝင်ခဲ့သော ဒေသခံ အဘ ဦးအုန်းမောင် (၈၄)နှစ် ကိုမေးမြန်းစုံစမ်းပြီး အဘကိုယ်တိုင်ပဲ ကျောက်စာ တွေ့ရှိခဲ့တဲ့နေရာကို လိုက်ပြပေးပါတယ်။

“ဒီနေရာလေးကို နောက်လူတွေသိရလေအောင် GPS Location အနေနဲ့ပြောရရင် မြောက်လတ္တီတွင် (၂၁) ဒီကရီ (၁၇) မိနစ် (၂၂.၇) စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် (၉၆) ဒီကရီ (၁၈) မိနစ် (၀၈.၄) စက္ကန့်ဖြစ်ပါတယ်”

“မြနဒီကျောက်စာပေါ်ထွက်လာတဲ့ ပတ်ဝန်းကျင် မြေလွှာ မြေပေါ်တွေ့ရှိချက်များကို စူးစမ်းလေ့လာရာတွင်လည်း မည်သည့် သဲလွန်စမှ မရရှိခဲ့သည့်အတွက် ဒီကျောက်စာ၊ ဒီနေရာကို မည်သို့ မည်ပုံ ရောက်ရှိလာခဲ့သလဲဆိုတာ သုံးသပ်နိုင်ဘို့ အတော် ခေါင်းခြောက်ရပါတယ်.”

“ဖြစ်နိုင်ခြေတစ်ခုကတော့ ဧရိယာနယ်နမိန် သတ်မှတ်လိုက်၍ ဤဒေသသို့ လာရောက်ပြီး ဒေသထွက်ကျောက်ကို အသုံးပြုကာ ရေးထိုးခဲ့လေသလား၊ ဒါဆိုရင် ဘယ်နယ်နမိတ်ကို ပျူတို့ သတ်မှတ် လိုတာလဲ၊ မိုင်းမောင်(ပင်လယ်) နယ်နမိတ်လား၊ ဒါမှန်ခဲ့ရင် မိုင်းမောအင်ပါယာဟာ မြောက်ဘက်(၁၀)မိုင် မကရှိခဲ့ ပါလိမ်မယ်”။

 ဆရာကြီးဦးနီတွတ် (မြန်မာ့သမိုင်းအဖွဲ့ဝင်) ရေး မန္တလေး မဟာမုနိ ကျောက်စာစု စာအုပ် စာ-၁၂ တွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည်။ ဘိုးတော်ဗဒုံမင်းလက်ထက် ကျောက်စာ စုဆောင်းရေး အကြောင်းဖြစ်ပါသည်။

“မင်းနေပြည်တော် (အမရပူရ)နှင့် အနီးအနားတွင်ရှိသော လယ်တွင်း (၉)ခရိုင်၊ မက္ခရာ၊ မြင်းခုန်တိုင်၊ မြင်စိုင်း ၊ ပေါက်မြိုင် ၊ စဉ့်ကိုင် ၊ ပင်လယ်၊ မြစ်သား ၊ မိတ္ထီလာ ၊ ပင်းတလဲ ၊ ယင်းတော် ဒေသများမှ ကျောက်စာတိုင်များကို ဆိုင်ကြိုးဖြင့် သိုင်းပြီး လူထမ်း၍လည်းကောင်း၊ နွားဝန်တင် ၊ ကျွဲဝန်တင်၍ လည်းကောင်း၊ နွားလှည်း ကျွဲလှည်းတို့ဖြင့်လည်းကောင်း ၊ စွတ်ဖွားဆွဲ၍ လည်းကောင်း၊ အမရပူရ မင်းနေပြည်တော်အနောက်တောင်ထောင့်ရှိ  မြို့ထောင့်စေတီ ဖြစ်သော ဆင်ကြိုးရွှေဂူဘုရား ပရဝုဏ်သို့ ပို့ကြရပါသည်။ ဤသို့ဖြင့် အနယ်နယ်အရပ်ရပ်မှ ကျောက်စာတိုင်များသည် ဆင်ကြိုး ရွှေဂူပရဝဏ်သို့ ၁၇၈၅ ခု၊ ဩဂုတ်လမှစ၍ တဖွဲဖွဲရောက်ရှိလာပါ သည်။ အမရပူရမင်းနေပြည်တော်သို့ မပို့နိုင်ဘဲ ကျောက်စာစုရပ်များတွင် သောင်တင်ကျန်ရစ်နေခဲ့သော ကျောက်စာတိုင် အများအပြား ယနေ့အထိ ရှိနေပါသည်။”

ယင်းစာအုပ်စာမျက်နှာ ၁၈ တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ထားပါသည်။ ဆိုးကျိုး(၅)ခု ပြထားပါရာ (၃)နှင့် (၄)ကိုသာ ဖော်ပြပါမည်။

(၃) အချို့ကျောက်စာများ ရိုက်ချိုးဖျက်ဆီးခံရသည်ဟု ယူဆပါသည်။ ဥပမာ- မြစေတီကျောက်စာ ၊ မြစ်သားပေတောကျောင်း ကျောက်စာ (စောလူးမင်း ကျောက်စာ)

(၄) တချို့ကျောက်စာများ သယ်ဆောင်လာရင်း၊ လမ်းခရီး နီးစပ်ရာ နေရာတွင် မြေမြှုပ်ဖျောက်ဖျက်ပစ်ဟန် တူသည်။ ဥပမာ မြနဒီ ပျူကျောက်စာ ၊ မိတ္ထီလာ ဝမ်းတော်ပြည့်ဘုရား မြောက်ဘက်ကရသည့် ကတ္တူကန်ကျောက်စာ”

မြနဒီကျောက်စာ အထက်ပိုင်း ရှာဖွေနိုင်ရန်အတွက် တွေ့ရှိ သည့်နေရာသို့ (၃)ကြိမ်ကွင်းဆင်း လေ့လာခဲ့ပါသည်။ ၁၂.၁.၂၀၂၁ ရက်က ရွာလူကြီး ဦးအုန်းမောင်၏ မြေးဖြစ်သူ ဦးအောင်မြင့်သန်းနဲ့ အတူ ရောက်ရှိခဲ့ပါသည်။ 

မြနဒီကျောက်စာမူရင်း ဒေသဖြစ်နိုင်သော နေရာ (၃)ခုရှိပါသည်။ 

(၁) ပျူပင်လယ်(မိုင်းမော) မြို့ဟောင်း မြနဒီရွာ၏ အနောက်တောင်ယွန်း (၈)မိုင်ခန့်အကွာ ပန်းလောင်မြစ်ခြားလျက် ရှိပါသည်။

(၂) သံတိုင်ပျူမြို့ဟောင်း (မြနဒီရွာ၏ မြောက်ဘက် (၄)မိုင် ခန့်အကွာတွင် ရှိပါသည်။

(၃) နွားကူးကြီးရွာနှင့် ပိန္နဲပင်ရွာကြားရှိ ပျူဘုရားကြီး

ယခုမြနဒီ ပျူကျောက်စာ တွေ့ရာနေရာသည် ၊ မြန်မာ့သမိုင်းမှာတွင် နာမည်ကျော် နတ်ထိပ်တောင်ကြား လမ်းပေါ်မှာ ရှိပါသည်။ တနည်း သမိုင်းစာအုပ်ကြီးများမှာပါသော ကင်းတား ရငံ လမ်းပေါ်တွင် တည်ရှိသလို ၊ ကုန်းဘောင်ခေတ်ဦး သူရဲကောင်း မင်းခေါင်နော်ရထာရဲ့ နောက်ဆုံး ခုခံတိုက်ခဲ့ရာ နေရာတစ်ဝိုက် ဖြစ်ပါသည်။ စာရေးသူ၏ အယူအဆမှာ မြေပြင် ပထဝီဝင်အရ အမှတ်(၃) နေရာရှိ ပျူဘုရားကြီးမှ သယ်လာတာဖြစ်နိုင်သည်ဟု ထင်မြင်မိပါသည်။ မြနဒီပျူကျောက်စာအထက်ပိုင်းသည် ထိုလမ်းတစ်လျှောက် (ယခုအခေါ် လမ်းခွ၊ နွားကူးကြီး၊ ပိန္နဲပင်လမ်း) ပေါ် တွင် ကျန်ရှိနေသည် ယူဆပါသည်။

နောင်မျိုးဆက်သစ်များရှာဖွေ နိုင်ရန်အတွက် ကျောက်စာ ခြေရာကောက်ပေးခဲ့ခြင်းသာဖြစ်ပါသည်။ 

ကျောက်စာတွေ့ရှိသည်မှာနှစ်ပေါင်း (၄၀) ကျော်ခဲ့ပြီး လာရောက်လေ့လာသူပေါင်း (၂၀၀) ကျော်သွားခဲ့သော်လည်း မြနဒီ ပျူကျောက်စာကို ဆရာကြီး Mickey Heart နှင့် ဆရာကြီး မြင့်မြတ်သူ (ပူတူတူးလေး)တို့ နှစ်ဦးသာ ဘာသာပြန်နိုင်သေးသည် ကို တွေ့ရှိရပါသည်။

 (၁၇.၁၁.၂၀၂၄)နေ့က ညောင်ပင်ရွာ ဦးကျော်စိန် ပြောသော ပါးစပ်ရာဇဝင်မှာ ရဟန်းပညာရှိများဖြစ်ကြသော-

 စောမထေရ်ကွီး ၊ စောဘဒ္ဒကွီး ၊ စောကွာကွီးနှင့် စောစီးကွီး လေးပါးကို ပျူပင်လယ် (မိုင်းမော) ဘုရင်က လူထွက်စေ၍ ပညာရှိ အမတ်ရာထူးပေးအပ်ခဲ့ပါသည်။ ယင်းလေးပါးသည် ယခုကျောက်စာ တွေ့ရှိရာ ဝတ်လဲတောင်ပေါ်တွင် လူဝတ်လဲခဲ့ကြရသည်ဟု ဆိုပါ သည်။ 

ထို့ကြောင့် ဝတ်လဲတောင်ဟု ခေါ်ကြောင်း ပြောပြပါသည်။ စာရေးသူတို့သိသည်မှာ အနော်ရထာမင်းက ကင်းတားဆည်တည်ရန်အတွက် မြေပြင်အနေအထားကြည့်ရန် (Survey) အတွက် တောင်ပေါ်တက်ရောက်ခဲ့ရာမှ မင်း၏ အဝတ်တော်များပေကျံ သွား၍ ဝတ်လဲတော်အသစ်ဝတ်ဆင်သောကြောင့် ဝတ်လဲတောင်ဟု ခေါ်ကြောင်း ဖြစ်ပါသည်။ ယခင်က ဝတ်လဲတောင်ကျောက်စာ ဟု ခေါ်၍ ယခုအခါ မြနဒီပျူကျောက်စာဟုခေါ်ပါသည်။

 မြနဒီကျောက်စာကြောင်းရေ(၈)တွင်

- အရှင်စောသာ (ရဟန်း) ၊ အရှင်ပ္ဒ (ရဟန်း) အရှင်ကွောကီး (ရဟန်း) အကြောင်းရေ ၈/၉ တွင်အကြင်စောသ ပညာရှိအမတ် ပ္ဒပညာရှိ အမတ် ကောက ပညာရှိအမတ်ဟု တွေ့ရသဖြင့် စိတ်ဝင်စား စရာ ကောင်းနေပါသည်။

- ရှေးသုဌာနရဲ့ မြနဒီကျောက်စာ မြန်မာပြန်ပေါ်ထွက် လာစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

စိတ်လည်းချမ်းသာ ၊ ကိုယ်လည်းကျန်းမာ လိုလာဆန္ဒပြည့်ဝပါစေ။

AO ညွန့်မောင်

10.3.2026


မူရင်းလင့် = https://www.facebook.com/u.nyuntmg.9/posts/pfbid0WfE29VeRA8Ddhadh5j6qLfMvkLniAnYZydwygKbdWNPEVjjiL97Bimnpi1YaXvRUl

Comments

Popular posts from this blog

ဟန်လင်း

ပျူနှင့် ဗမာ လူမျိုး တူ၊ မတူ (ဘုန်းတင့်ကျော်)